
နိုင်ငံတစ်ဝန်းရှိ မြို့နယ်များတွင် ၂၀၂၂ ခုနှစ် မတ် ၃၁ ရက်မှ ဧပြီ ၉ ရက်အထိ ကျင်းပမည့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ဖြေဆိုမည့်ကျောင်းသား ကျောင်းသူများအား ဖြေဆိုခွင့်ကတ်ပြားများကို ယနေ့နံနက်ပိုင်းမှစ၍ ထုတ်ပေးနေပြီဖြစ်ကြောင်း သိရသည်။
မင်းလှ
ပဲခူးတိုင်းဒေသကြီး မင်းလှမြို့နယ်တွင် ၂၀၂၁ - ၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများအား တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများ ထုတ်ပေးခြင်းကို မတ် ၂၄ ရက် နံနက်ပိုင်းက သက်ဆိုင်ရာစာစစ်ဌာနများ၌ စတင်ထုတ်ပေး လျက်ရှိကြောင်း သိရသည်။
တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို ဘာသာတွဲ အလိုက် သတ်မှတ်ထားသော အရောင်များဖြင့် စာမေးပွဲဖြေဆိုချိန် မတိုင်မီအထိ ထုတ်ပေးသွားမည်ဖြစ်ကြောင်း၊ ဖြေဆိုခွင့်ကတ်ထုတ်ယူရာ တွင် အတွင်းဖြေကျောင်းသား ကျောင်းသူများက မိမိတို့၏ ကျောင်းအုပ် ကြီးများထံတွင် ထုတ်ယူနိုင်ပြီး အပြင်ဖြေကျောင်းသား ကျောင်းသူများ က မိမိတို့ဖြေဆိုရမည့် စာစစ်ဌာနကြီးကြပ်ရေးမှူးများထံတွင် ထုတ်ယူရ မည်ဖြစ်ကြောင်း သိရသည်။
၂၀၂၂ ခုနစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၃၁ ရက်မှ ဧပြီ ၉ ရက် အထိ ကျင်းပသွားမည်ဖြစ်ကြောင်း၊ မင်းလှမြို့တွင် စာမေးပွဲဖြေဆို ကျင်းပရန် အ.ထ.က မင်းလှ(မြို့တွင်း) ၊အ.ထ.က မင်းလှ(မြို့ပြင်)နှင့် အ.ထ.က စစ်ကွင်းစာစစ်ဌာနတို့ စီစဉ်ထားရှိပြီး စာမေးပွဲဖြေဆိုမည့် ကျောင်းသား ကျောင်းသူပေါင်း ၇၉၂ ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံး မှ သိရသည်။ ပေါက်စ( မင်းလှ)
ချောက်
ချောက်မြို့နယ်တွင် တက္ကသိုလ်ဝင်စာစစ်ဌာနများအဖြစ် ချောက်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ကြီးနီ၊ ဂွေးချို၊ ဂွေးပင်၊ကြောင်လျာတော၊ ကျောက်ရဲ၊ စလေတို့ရှိ အခြေခံပညာအထက်တန်း ကျောင်းများ အပါအဝင် စာစစ်ဌာန ခုနစ်ခု ဖွင့်လှစ်ထားရှိသွားမည်ဖြစ် သည်။ ချောက်မြို့နယ်အနေဖြင့် ကျောင်းတွင်းဖြေဆိုမည့်သူ ၅၄၂ ဦး ရှိပြီး အတွဲ(၁) ဖြေဆိုမည့်သူ ၃၆၈ ဦး၊ အတွဲ(၂) ဖြေဆိုမည့်သူ ၁၀ ဦး၊ အတွဲ(၇) ဖြေဆိုမည့်သူ ၁၆၄ ဦးဖြစ်ပြီး ပြင်ပဖြေဆိုမည့်သူ ၄၈၉ ဦးတွင် အတွဲ(၁) ဖြေဆိုမည့်သူ ၃၈၉ ဦး၊အတွဲ(၂)ဖြေဆိုမည့်သူ ရှစ်ဦး၊ အတွဲ(၇)ဖြေဆိုမည့်သူ ၉၂ ဦးဖြစ်ကာ စုစုပေါင်း ကျောင်းသား ကျောင်းသူ ၁၀၃၁ ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ကျော်မိုး(ပြန်/ဆက်)
ကြို့ပင်ကောက်
ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာ သင်နှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများအား တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားများကို မတ် ၂၄ ရက်မှစ၍ သက်ဆိုင်ရာ စာစစ်ဌာနများတွင် ထုတ်ပေးလျက်ရှိ ကြောင်း သိရသည်။
တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်များအား ဘာသာတွဲ (၁)နှင့်(၇)အား အစိမ်းရောင်၊ ဘာသာတွဲ(၂)အား ပန်းရောင်တို့ဖြင့် သတ်မှတ်ထားသောအရောင်များဖြင့် စာမေးပွဲဖြေဆိုရက်မတိုင်မီအထိ ထုတ်ပေးသွားမည်ဖြစ်ကြောင်း၊ ဖြေဆိုခွင့်ကတ်ထုတ်ယူရာတွင် အတွင်းဖြေကျောင်းသား ကျောင်းသူများသည် မိမိတို့၏ကျောင်းအုပ်ကြီး များထံတွင် ထုတ်ယူရမည်ဖြစ်ပြီး အပြင်ဖြေကျောင်းသား ကျောင်းသူ များသည် မိမိတို့ဖြေဆိုရမည့် စာစစ်ဌာန ကြီးကြပ်ရေးမှူးများထံမှ ထုတ်ယူရမည်ဖြစ်ကြောင်း သိရသည်။
ကြို့ပင်ကောက်မြို့တွင် အထက(ကြို့ပင်ကောက်) စာစစ်ဌာန၊ အထက(ပန်းတင်) စာစစ် ဌာန၊ အထက(ရွှေပန်းတော) စာစစ်ဌာနနှင့် အထက(လယ်တီ)စာစစ်ဌာနဟူ၍ စာစစ်ဌာနလေးခု ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း၊ စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းထားသူ ဘာသာ တွဲ(၁)တွင် ၅၂၂ ဦး၊ ဘာသာတွဲ(၂)တွင် ၂၀၂ ဦးနှင့် ဘာသာတွဲ(၇)တွင် ၆၂ ဦး စုစုပေါင်း ၇၈၆ ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)
ကျောက်တံခါး
ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားများကို မြို့နယ်အတွင်းရှိ စာစစ်ဌာနအသီးသီးတွင် ယနေ့နံနက် ၉ နာရီမှစတင်၍ လာရောက်ထုတ်ယူလျက်ရှိကြောင်း သိရသည်။
ကျောက်တံခါးမြို့နယ်တွင် တက္ကသိုလ်ဝင် စာစစ်ဌာနများအဖြစ် အခြေခံပညာအထက်တန်းကျောင်း (ကျောက်တံခါး)၊ အခြေခံပညာအထက်တန်းကျောင်း(ပဲနွယ်ကုန်း)၊ အခြေခံပညာအထက်တန်းကျောင်း (တောကျွဲအင်း)၊ အခြေခံပညာအထက်တန်းကျောင်း(ဖဒို)၊ အခြေခံ ပညာအထက်တန်းကျောင်း(မြို့ချောင်း) အပါအဝင် စာစစ်ဌာန ငါးခု ဖွင့်လှစ်ထားရှိသွားမည်ဖြစ်သည်။
ကျောက်တံခါးမြို့နယ်အနေဖြင့် ကျောင်းတွင်းဖြေဆိုသူ ၁၂၅၇ ဦး တွင် အတွဲ (၁) ဖြေဆိုသူ ၆၉၄ ဦး၊ အတွဲ (၂) ဖြေဆိုသူ ၂၈၆ ဦး၊ အတွဲ (၇) ဖြေဆိုသူ ၂၇၇ ဦး၊ ပြင်ပဖြေဆိုသူ ၃၁၀ တွင် အတွဲ (၁) ဖြေဆိုသူ ၁၉၂ ဦး၊အတွဲ(၂) ဖြေဆိုသူ ၅၇ ဦး၊ အတွဲ (၇) ဖြေဆိုသူ ၆၁ ဦးဖြစ် ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
စန်းစန်း(ပြန်/ဆက်)