
နေပြည်တော် မတ် ၂၃
မသန်စွမ်းသူများ၏ အခွင့်အရေး များဆိုင်ရာ အမျိုးသားကော်မတီ အစည်းအဝေး(၁/၂၀၂၂)ကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပရာ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသား ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကား ပြော ကြားသည်။
အစည်းအဝေးသို့ ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အခွန်အယူခံခုံအဖွဲ့ဥက္ကဋ္ဌ၊ မြန်မာ နိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်၊ အမြဲတမ်းအတွင်းဝန် များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းချုပ် (ယာယီဗဟိုအလုပ် အမှုဆောင်အဖွဲ့)နှင့် မသန်စွမ်းအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက် ကြပြီး နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် မသန်စွမ်းသူများ၏အခွင့်အရေးများ ဆိုင်ရာ ကော်မတီဝင်များက ဗီဒီယိုကွန်ဖရင့်စနစ် ဖြင့် တက်ရောက်ကြသည်။
ချမှတ်ထားရှိ
အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌက ကိုဗစ်-၁၉ ကပ်ရောဂါ အလွန်ကာလများတွင် မသန်စွမ်းသူများ၏ဘဝဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ် များ ချမှတ်ထားရှိကြောင်း၊ အမျိုးသားကော်မတီ၏ လမ်းညွှန်မှုဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဦးဆောင် ကာ မသန်စွမ်းသူများအတွက် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားအဆင့် မဟာ ဗျူဟာ (၂၀၂၂-၂၀၂၇) အတည်ပြုပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်ခြင်း၊ မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်း နှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်း၊ မသန်စွမ်းသူ များ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ ဒုတိယအကြိမ် နှစ်ပတ်လည်အစီရင်ခံစာ စာအုပ် (မြန်မာ+အင်္ဂလိပ်)ထုတ်ဝေခြင်း စသည့် လုပ်ငန်း ရပ်များ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည်ကို သိရှိရကြောင်း။
မသန်စွမ်းသူများ၏ အခွင့်အရေးများကို အကောင်အထည်ဖော်ဆောင်နိုင်ရေးအတွက် မသန် စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ မဟာဗျူဟာ (၅)နှစ်စီမံကိန်း (၂၀၂၂-၂၀၂၇)ကို မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုး တိုးတက်မှုစီမံကိန်း (Myanmar Sustainable Development Plan-MSDP)၊ မြန်မာနိုင်ငံမှ လက်မှတ် ရေးထိုးထားသော အာဆီယံမဟာဗျူဟာလုပ်ငန်း အစီအစဉ် ၂၀၂၅ (ASEAN Enabling Masterplan: 2025)တို့နှင့်အညီ ရေးဆွဲထားပြီး မကြာမီ အတည်ပြု နိုင်တော့မည်ဖြစ်သည့်အတွက် မသန်စွမ်းသူများ ၏ အခွင့်အရေးများကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပိုမိုထိရောက်စွာ ဆောင်ရွက်လာ နိုင်မည်ဖြစ်ကြောင်း၊ မဟာဗျူဟာ(၅)နှစ် စီမံကိန်းကို အတည်ပြုပြီး နောက်ပိုင်းတွင်လည်း သက်ဆိုင်ရာ ဝန်ကြီးဌာနအလိုက်၊ ဆပ်ကော်မတီအလိုက် လုပ်ငန်း စီမံချက် (Action Plan) များရေးဆွဲပြီး လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန်နှင့် လုပ်ငန်းစဉ်များအတွက် အသုံးစရိတ်များ ကျခံ သုံးစွဲနိုင်ရေး၊ သက်ဆိုင်ရာ ဘဏ္ဍာရေးနှစ်အလိုက် ဘဏ္ဍာရေး စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ တင်ပြ တောင်းခံသွားနိုင်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားကြရမည်ဖြစ်ကြောင်း။
မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်း သူများ မှတ်ပုံတင်ခြင်းလုပ်ငန်းများကို ကနဦး စီမံကိန်းနယ်မြေ လေးခုဖြစ်သည့် နေပြည်တော် ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ်၊ ရန်ကုန်တိုင်း ဒေသကြီး လှိုင်သာယာမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ်နှင့် ကရင်ပြည်နယ် ဘားအံ မြို့နယ်တို့တွင် ဆောင်ရွက်သွားမည်ကို သိရှိရ ကြောင်း၊ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မိမိတို့ နိုင်ငံတွင် မသန်စွမ်းသူဦးရေ ၂ ဒသမ ၃ သန်း (နိုင်ငံ့ လူဦးရေ၏ ၄ ဒသမ ၆ ရာခိုင်နှုန်း) ရှိသည့်အတွက် မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူ များ မှတ်ပုံတင်ခြင်းကိစ္စကို ပိုမိုအလေးထား လုပ်ဆောင်သွားကြရမည်ဖြစ်ကြောင်း၊ မသန်စွမ်းမှု အဆင့် သတ်မှတ်ခြင်းဖြင့် မသန်စွမ်းမှုအခြေအနေ အလိုက် လိုအပ်သောပံ့ပိုးမှုများကို သိရှိပံ့ပိုးပေးလာ နိုင်မည်ဖြစ်ပြီး မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် မသန်စွမ်းသူများအပေါ် ကူညီထောက်ပံ့မှုများ ထိရောက်စွာ ဆောင်ရွက်လာနိုင်ပြီး မသန်စွမ်းသူများ အတွက် များစွာအကျိုးရှိစေမည်ဖြစ်ကြောင်း။
တစ်နိုင်ငံလုံး လွှမ်းခြုံနိုင်စေရေး
၂၀၂၂- ၂၀၂၃ ခုနှစ် ဘဏ္ဍာနှစ်တွင် မသန်စွမ်းမှု အဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံ တင်ခြင်းလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက် သွားမည်ဖြစ်သည့်အတွက် ပြည်ထောင်စုနယ်မြေ နေပြည်တော်ကောင်စီ အပါအဝင် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၊ ဌာန ဆိုင်ရာများ၊ မသန်စွမ်းအဖွဲ့အစည်းများနှင့် လူမှုရေး အဖွဲ့အစည်းများအနေဖြင့် ပူးပေါင်းကူညီဆောင်ရွက် ပေးကြရမည်ဖြစ်ကြောင်း၊ ကနဦးစီမံကိန်းမြို့နယ် များမှ ရရှိလာသည့် အတွေ့အကြုံများကို ပြန်လည် သုံးသပ်ပြီး သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ် များတွင် တိုးချဲ့ဆောင်ရွက်ခြင်းဖြင့် တစ်နိုင်ငံလုံး လွှမ်းခြုံနိုင်စေရေး ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း။
မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ ဒုတိယအကြိမ် နှစ်ပတ်လည် အစီရင်ခံစာကို ယခုလအတွင်း ထုတ်ဝေဖြန့်ချိသွား မည်ဖြစ်ပြီး မသန်စွမ်းသူများအတွက် နိုင်ငံ၏ ဆောင်ရွက်ချက်များကို စုစည်းဖော်ပြထားသည့် သမိုင်းမှတ်တိုင်တစ်ခုလည်းဖြစ်ကြောင်း၊ ကုလ သမဂ္ဂ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကော်မတီသို့လည်း တင်သွင်းသွားမည်ဖြစ်သည့် အတွက် အင်္ဂလိပ်ဘာသာပြန်ဆို ထုတ်ဝေနိုင်ရန် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွား ကြရမည်ဖြစ်ကြောင်း။
၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃ ရက်က ကျင်းပခဲ့သည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့(IDPD)၏ ဆောင်ပုဒ်ဖြစ်သည့် “အားလုံးအကျုံးဝင် လက်လှမ်း မီပြီး ရေရှည်တည်တံ့သည့် ကိုဗစ်-၁၉ အလွန် ကမ္ဘာဖြစ်ပေါ်ရေး မသန်စွမ်းသူများ ဦးဆောင်ပါဝင် ကြိုးစားပေး”နှင့်အညီ မသန်စွမ်းသူများ၏ အခန်း ကဏ္ဍကို တိုးတက်အောင် အလေးထားအကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း။
ထိုမျှမက မသန်စွမ်းသူများအနေဖြင့် ဂုဏ်သိက္ခာ ရှိစွာနှင့် အမှီအခိုကင်းစွာ ဘဝရပ်တည်နိုင်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများဖြစ်သော မသန်စွမ်းမှုအမျိုးအစား အလိုက် သက်ဆိုင်ရာဒေသနှင့်ကိုက်ညီသော အသက် မွေးဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ်ခြင်း၊ အလုပ် အကိုင်အခွင့်အလမ်းနှင့် ကိုယ်ပိုင်ဝင်ငွေများ ရရှိစေ ရန်အတွက် ဆောင်ရွက်ပေးခြင်းတို့ကို ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ မသန်စွမ်းသူများ အသက် မွေးဝမ်းကျောင်းပညာများ သင်ကြားနိုင်ရေးအတွက် နယ်စပ်ရေးရာဝန်ကြီးဌာန၊ သမဝါယမနှင့်ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ အလုပ် သမားဝန်ကြီးဌာနနှင့် သိပ္ပံနှင့် နည်းပညာဝန်ကြီး ဌာနတို့မှ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိသော Vocational Training သင်တန်းများတွင် မသန်စွမ်းသူများ တက်ရောက်သင်ကြားနိုင်ရေး ညှိနှိုင်းဆောင်ရွက် သွားကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ အလုပ် ခန့်ထားရာတွင် မသန်စွမ်းသူများ အလုပ်အကိုင် ရရှိစေရေးအတွက် အမျိုးသားကော်မတီက သတ်မှတ်ပေးရမည်ဖြစ်ကြောင်း။
မသန်စွမ်းသူများအတွက် ရေရှည်အကျိုးဖြစ် ထွန်းစေမည့် ရန်ပုံငွေကျပ် သုံးဘီလီယံကို အရင်း မပျောက်မတည်ငွေအဖြစ် ထားရှိပြီးဖြစ်သည့်အတွက် ကိုဗစ်-၁၉ အလွန် ကာလများတွင် Microfinance Institute များနှင့်ပူးပေါင်းပြီး ဆက်လက်အကောင် အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ရန်ပုံငွေ စီမံခန့်ခွဲရေးအတွက် ဘဏ္ဍာရေးစည်းမျဉ်းကိုလည်း ရေးဆွဲအတည်ပြုထားပြီးဖြစ်သည်ဟု သိရှိရ ကြောင်း၊ မသန်စွမ်းသူများနှင့် မိသားစုများအတွက် အရင်းမပျောက် ချေးငွေများ ထုတ်ချေးပေးခြင်းဖြင့် မသန်စွမ်းသူများအနေဖြင့် အသေးစားစီးပွားရေး လုပ်ငန်းများ ဆောင်ရွက်လာနိုင်မည်ဖြစ်သည့် အတွက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ လုပ်ငန်းစီမံ ချက်ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်သွား ကြရမည်ဖြစ်ကြောင်း။
မသန်စွမ်းသူများအတွက် အတားအဆီးကင်း သော ပတ်ဝန်းကျင် (Barrier Free Community)ဖြစ်စေရန်အတွက် နေပြည်တော်မြို့မဈေးနှင့် ရေပန်း ဥယျာဉ်တို့တွင် စံနမူနာပြ ဆောင်ရွက်ထားရှိခဲ့ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ တာဝန်ရှိသူများမှ မိမိတို့ဒေသအလိုက် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားကြစေလို ကြောင်း။
Barrier Free Tourism Pilot Project အတွက် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ အလုပ် အကိုင်ရေးရာဆပ်ကော်မတီနှင့် မသန်စွမ်းအဖွဲ့ အစည်းများက ပူးပေါင်းဆောင်ရွက်လျက်ရှိသည် ကို သိရှိရကြောင်း၊ နေပြည်တော်ပြည်ထောင်စု နယ်မြေ၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီးနှင့် ပုဂံမြို့များရှိ ခရီးသွားလုပ်ငန်းနှင့် သက်ဆိုင်သည့် ဦးစားပေးသတ်မှတ်ထားသော နေရာ များတွင် Myanmar Barrier Free Tourism Pilot Project ကို အကောင်အထည်ဖော် ဆောင်ရွက်သွား နိုင်ရေးအတွက် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဌာနအနေဖြင့် ဆက်စပ်ဝန်ကြီးဌာနများ၊ မသန်စွမ်း အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ လုပ်ငန်းစီမံချက် ရေးဆွဲဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ကြောင်း။
မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ၏ လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပိုမို ထိရောက်မှုရှိစေရေးအတွက် သက်ဆိုင်ရာကဏ္ဍများ အလိုက် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရမည်ဖြစ် ကြောင်း ပြောကြားသည်။
ထို့နောက် အမျိုးသားကော်မတီ ဒုတိယဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာများနှင့် မသန်စွမ်းသူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် အမျိုးသားကော်မတီ အတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က မသန်စွမ်းသူ များ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ (၂/၂၀၂၀) အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြ
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ ဒုတိယဝန်ကြီးများ၊ အခွန်အယူခံခုံအဖွဲ့ဥက္ကဋ္ဌ၊ မြန်မာ နိုင်ငံလူ့အခွင့်အရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ မြန်မာ နိုင်ငံမသန်စွမ်းသူများအသင်းချုပ် (ယာယီဗဟို အလုပ်အမှုဆောင်အဖွဲ့) ဥက္ကဋ္ဌ၊ နေပြည်တော် ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာကော်မတီဝင်များ က မသန်စွမ်းသူများ၏ အခွင့်အရေးများနှင့်စပ်လျဉ်း ၍ သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းတင်ပြ ကြသည်။
ယင်းနောက် အမျိုးသားကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က မသန်စွမ်းသူ များ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ အစည်းအဝေး (၁/၂၀၂၂) ၏ လျာထားအစည်းအဝေး ဆုံးဖြတ်ချက်များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် မသန်စွမ်းသူများ၏ အခွင့်အရေး များဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် မသန်စွမ်းသူ များ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် မသန် စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ မဟာဗျူဟာ စီမံကိန်း(၂၀၂၂-၂၀၂၇)ကို အကောင်အထည်ဖော်ရာ တွင် မိမိတို့ အမျိုးသားအဆင့်ကော်မတီ အဖွဲ့ဝင် များအနေဖြင့် တာဝန်ဝတ္တရားအရတင်မဟုတ်ဘဲ လူ့အခွင့်အရေးအရပင်ဖြစ်စေ၊ လူသားချင်းစာနာ ထောက်ထားခြင်းအရပင်ဖြစ်စေ စေတနာ၊ ကိုယ်ချင်း စာတရားတို့ဖြင့် မိမိတို့၏ ကျရာကဏ္ဍအလိုက် ဆောင်ရွက်ပေးကြရမည်ဖြစ်ပါကြောင်း၊ အလားတူ မသန်စွမ်းမှုများအပေါ် အကြမ်းဖက်သူများကိုလည်း ထိရောက်ပြင်းထန်သည့် တရားစီရင်ရေးဖြင့် အမြင့်ဆုံးနှင့် အပြင်းထန်ဆုံး ပြစ်ဒဏ်စီရင်ချမှတ် နိုင်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တရားစီရင်ရေး အဖွဲ့အစည်းများက အခြားသော ပြစ်မှုများနှင့် မတူဘဲ မသန်စွမ်းသူများ၏ သွားလာရေး၊ ငွေကြေး ကန့်သတ်ချက်များအပေါ် ငဲ့ညှာလျက် အမြန်ဆုံး ပြီးပြတ်အောင် ဆောင်ရွက်ပေးကြရန် တိုက်တွန်း လိုကြောင်းနှင့် မသန်စွမ်းသူများ၏ အခွင့်အရေး များအပေါ် သက်ဆိုင်ရာ ကူညီပံ့ပိုးပေးနိုင်မည့် ဝန်ကြီးဌာနများအားလုံး၊ အမျိုးသားအဆင့် ကော်မတီအဖွဲ့ဝင်များအားလုံးတို့က ဝိုင်းဝန်းကူညီ ဖြည့်ဆည်းဆောင်ရွက်ပေးကြရန် လိုကြောင်းဖြင့် မှာကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
သတင်းစဉ်