
နေပြည်တော် မတ် ၂၃
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းသည် အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ခင်ဇော်၊ ကုသရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မြတ်ဝဏ္ဏစိုးနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့ မွန်းလွဲပိုင်း၌ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံ မြို့နယ်ရှိ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနခွဲ (ရန်ကုန်)သို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။
ရှေးဦးစွာ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ခင်ဇော်က အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနခွဲ (ရန်ကုန်) ဆောက်လုပ်ရခြင်း၏ ရည်ရွယ်ချက်၊ ဖွင့်လှစ်ပြီးစီးပါက ဆောင်ရွက်နိုင်မည့် အစားအသောက်၊ ဆေးဝါး၊ ဆေးပစ္စည်း/အလှကုန် စစ်ဆေးခြင်းလုပ်ငန်းများ၊ ယခုလက်ရှိ ဆောင်ရွက် နေသည့် လုပ်ငန်းများနှင့်ပတ်သက်၍ ပြည်ထောင်စု ဝန်ကြီးအား ရှင်းလင်းတင်ပြရာ ပြည်ထောင်စု ဝန်ကြီးက အဆောက်အအုံအား သတ်မှတ်ချိန်အတွင်း အမြန်ပြီးစီးအောင် လုပ်ငန်းအပြီးသတ် ဆောင်ရွက် နိုင်ရေး၊ အချိန်တိုအတွင်း ဖွင့်လှစ်နိုင်အောင် တာဝန်ရှိသူများက ကြပ်ကြပ်မတ်မတ် ဆောင်ရွက် သွားရန်၊ တန်ဖိုးကြီးမားသည့် စက်ပစ္စည်းများကို မပျက်စီးအောင် ထိန်းသိမ်းရန်နှင့် ဆောက်လုပ်ရေး လုပ်ငန်းများကိုလည်း အရည်အသွေး၊ စံချိန်စံညွှန်း ပြည့်မီစေရေး အဆင့်ဆင့်ကြီးကြပ်သွားရမည် ဖြစ်ကြောင်း၊ ဓာတ်ခွဲစစ်ဆေးမှုအပိုင်းတွင်လည်း နိုင်ငံတကာအဆင့်မီ စစ်ဆေးနိုင်အောင် စီမံ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ သို့မှသာ ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် အရည်အသွေးပြည့်မီ ပြီး လုံခြုံစိတ်ချရသည့် အစားအသောက်၊ ဆေးဝါးနှင့် အလှကုန်ပစ္စည်းများ ပြည်သူလူထုထံသို့ နှောင့်နှေး ကြန့်ကြာမှုမရှိစေဘဲ ရောက်ရှိသုံးစွဲနိုင်မည်ဖြစ်ပါ ကြောင်း၊ ပြည်သူလူထုအား အမြန်ဆုံးဝန်ဆောင်မှုပေးနိုင်အောင် တာဝန်ရှိသူအဆင့်ဆင့်က ကြီးကြပ် သွားရန် လိုအပ်ကြောင်း၊ ပြောင်းရွှေ့တာဝန် ထမ်းဆောင်သည့် ဝန်ထမ်းများ နေရေး ထိုင်ရေး အဆင်ပြေမှုရှိစေရန် စီမံဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် အစားအသောက်နှင့် ဆေးဝါး များ ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှု လုပ်ငန်းများ ဆောင်ရွက်နေမှု၊ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ပြီးစီးမှုအခြေအနေ များကို လိုက်လံ ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန် မှာကြားခဲ့သည်။
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီး ဌာန(ရန်ကုန်)တွင် နိုင်ငံတကာအဆင့်မီ ဓာတ်ခွဲခန်း ပါဝင်သော ရုံးအဆောက်အအုံ တစ်လုံး၊ Training center တစ်လုံး၊ အရာထမ်းအိမ်ရာ နှစ်လုံး၊ အမှုထမ်း အိမ်ရာတစ်လုံး၊ လူပျိုဆောင်နှင့် အပျိုဆောင်တို့ ပါဝင်ကာ မကြာမီအချိန်အတွင်း ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး ဖွင့်လှစ်ပြီးစီးပါက သောက်ရေသန့်များတွင် ဘေးအန္တရာယ်ဖြစ်စေသော ဓာတုပစ္စည်းများ၊ အဏုဇီဝပိုးမွှားများပါဝင်မှုရှိ မရှိကို လည်းကောင်း၊ စားသုံးဆီများတွင် ကျန်းမာရေး အတွက် ဆိုးကျိုးဖြစ်စေသော အသွင်ပြောင်းအဆီ (Trans fat) ပါဝင်မှုနှုန်း၊ ငရုတ်သီးမှုန့်၊ မြေပဲ၊ ပဲအမျိုးမျိုး၊ နှမ်း၊ မြေပဲဆီနှင့် ပြောင်းနှင့်လုပ်သော မုန့်များတွင် မှို(Aflatoxin) ပါဝင်မှုကို လည်းကောင်း၊ အစားအသောက်များတွင် လူကို ဘေးဥပဒ်ဖြစ်စေ တတ်သော ဓာတ်သတ္တုများ ပါဝင်မှုကိုလည်းကောင်း၊ အစားအသောက်၊ ဆေးဝါး၊ ဆေးပစ္စည်းနှင့် အလှကုန် များအား နိုင်ငံတကာအဆင့်မီ စစ်ဆေးသွားနိုင်မည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်