ဂျပန်နိုင်ငံ၌ အသက် ငါးနှစ်မှ ၁၁ နှစ်ကြား ကလေးများအတွက် ကိုဗစ် -၁၉ ကာကွယ်ဆေးထိုးပေးသည့် အစီအစဉ် စတင်

 

နှင်းမိုးအိမ်

 

ဂျပန်နိုင်ငံမှ     အာဏာပိုင်များသည်   အသက်  ငါးနှစ်မှ ၁၁ နှစ်အရွယ်  ကလေးများအတွက်   ကိုဗစ်-  ၁၉  ကာကွယ်ဆေးထိုးပေးမည့် အစီအစဉ်ကို      ခွင့်ပြုပေးခဲ့ကြသည်။   မတ်လအတွင်းမှ  စတင်ကာ  အဆိုပါ     အသက်အုပ်စုအတွက်    ကာကွယ်ဆေးထိုးပေးခြင်း    အစီအစဉ်ကို မြို့နယ်အများအပြားတွင် စတင်တော့မည် ဖြစ်သည်။ 

 


ကလေးများတွင်ကူးစက်မှုဆက်လက်မြင့်မား 


ဂျပန်နိုင်ငံ၌ ကိုဗစ်- ၁၉  ကူးစက်ခံရမှုနှုန်းမှာ ကျဆင်းလာ လျက်ရှိသည်။ သို့သော်လည်း ကလေးငယ်များကြားတွင် ကိုဗစ် - ၁၉  ကူးစက်မှုမှာမူ ဆက်လက်မြင့်မားနေဆဲဖြစ်သည်။ မတ်လ ပထမ ပတ်အတွင်း   ကူးစက်မှုများ၏ ၂၀ ရာခိုင်နှုန်းမှာ အသက် ၁၀ နှစ် အောက်ကလေးများတွင်ဖြစ်ကြောင်း သိရသည်။ ကလေးများကို ထိုးပေးမည့်  ကာကွယ်ဆေးမှာ အသက် ၁၂  နှစ်နှင့်အထက်များကို ထိုးပေးသည့်   ဖိုက်ဇာကာကွယ်ဆေး  သုံးပုံပုံတစ်ပုံ   ဖြစ်သည်။ အချိန်သုံးပတ်ခြားကာ   ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံမှု   ခံယူရမည် ဖြစ်သည်။ 

 


ကင်းလွတ်ခွင့်ပေးထား 


အကယ်၍  ပထမအကြိမ်  ကာကွယ်ဆေးထိုးသည့်အချိန်နှင့် ဒုတိယ အကြိမ်ထိုးသည့် အချိန်အကြားတွင် ကလေးငယ်မှာ အသက် ၁၂  နှစ်ပြည့်သွားပါက  ပထမအကြိမ်ထိုးပေးစဉ်က ဆေးပမာဏ အတိုင်းပင်      ထိုးပေးမည်ဖြစ်သည်။     ကျောင်းများတွင်     အစုလိုက် ကာကွယ်ဆေး ထိုးပေးသည့်  အစီအစဉ်ကို ကျန်းမာရေးဝန်ကြီးဌာနက ထောက်ခံချက်မပေးပေ။ မြို့နယ်များရှိ ကာကွယ်ဆေးထိုးပေးသည့် စင်တာများနှင့် ဆေးပေးခန်းများတွင်သာ ထိုးနှံမှုခံယူရန် ဖြတ်ပိုင်း လက်မှတ်များကို ဖြန့်ဝေထားသည်။ ကလေးငယ်များကို အခြားသော အသက်အုပ်စုများ  ကာကွယ်ဆေးထိုးနှံမှုခံယူရန်   လိုက်နာရမည့် စည်းကမ်းများမှ ကင်းလွတ်ခွင့်ပေးထားသည်။

 


 အိုမီခရွန်  ကူးစက်မှုတွင်  ဖိုက်ဇာကာကွယ်ဆေးထိုးထားခြင်း ဖြင့်    ကလေးများတွင်   မည်သို့အကျိုးသက်ရောက်မှု    ရမည်ကို လုံလောက်သည့်  သုတေသနပြုချက်များ   မရှိသေးသောကြောင့် ဖြစ်သည်။  အသက်ရှူလမ်းကြောင်းနှင့်  အခြားသော ရောဂါအခံရှိသည့် ကလေးများကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုခံယူရန် တိုက်တွန်း  ထားသည်။ အဆိုပါ ကလေးငယ်များမှာ ကိုဗစ် -၁၉ ကူးစက်ခံရပါက ဆိုးရွားသည့်  ရောဂါလက္ခဏာများ မခံစားရစေရေးအတွက်  ယင်းသို့ တိုက်တွန်းထားခြင်း ဖြစ်သည်။

 


မိဘများ၏ ခွင့်ပြုချက်လိုအပ်  


ကလေးများကို    ကာကွယ်ဆေးထိုးပေးရာတွင်   မိဘများ၏ သဘောတူ    ခွင့်ပြုချက်ရရှိရန်   လိုအပ်သည်။   ပုံမှန်ပြသနေကျ ဆရာဝန်   သို့မဟုတ်    ကျန်းမာရေးဆိုင်ရာအကြံပေးနှင့်   တိုင်ပင် ဆွေးနွေးမှုခံယူရန်   တိုက်တွန်းထားသည်။   အမေရိကန်   ရောဂါ ထိန်းချုပ်ရေးနှင့်  ကာကွယ်ရေးစင်တာ၏ ထောက်ခံချက်ကိုလည်းထည့်သွင်းစဉ်းစားသည်။   ကလေးငယ်များကို  ကာကွယ်ဆေးထိုး  ခြင်းဖြင့် ရရှိလာမည့် ဆိုးကျိုးထက် ကောင်းကျိုးက  ပိုမိုအလေးသာ သည်ဟု အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ ၏ ထောက်ခံချက်ကို ထည့်သွင်းစဉ်းစားသည်။ 

 


ကာကွယ်ဆေး ထိုးပေးမှု စတင်နေပြီဖြစ် 


ကနေဒါ၊  ပြင်သစ်နှင့်  အစ္စရေးနိုင်ငံတို့အပါအဝင် အခြားသော  နိုင်ငံများတွင်လည်း  ကလေးများအတွက် ကိုဗစ် - ၁၉  ကာကွယ်ဆေး ထိုးပေးသည့် အစီအစဉ်ကို  စတင်နေပြီဖြစ်သည်။  ဗြိတိန်နှင့်ဂျာမနီ နိုင်ငံတို့တွင်   ရောဂါဆိုးရွားဖွယ်ရှိသည့်  ကလေးများကိုသာ  ကာကွယ် ဆေးထိုးပေးသည်။   အမေရိကန်ပြည်ထောင်စုတွင်    ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်းမှ   စတင်ကာ   ကလေးများတွင်   ကာကွယ်ဆေး ထိုးနှံသည့် အစီအစဉ်များကို စတင်ခဲ့သည်။ 

 


မသေချာသေး 


ဒီဇင်ဘာ  ၁၉  ရက်အထိ ကလေးငယ် ၄၂၄၉ ဦးတွင်သာ ဆိုးကျိုး သက်ရောက်မှုပြသသည်ဟု     အမေရိကန်     ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာက ပြောသည်။ ထိုအချိန်တွင် ကာကွယ်ဆေး အလုံးရေ သန်း ၈၇၀ ထိုးပေးပြီးဖြစ်သည်။ ရရှိလာသည့်ကျန်းမာရေးပြဿနာများသည်လည်း   ကိုဗစ်-   ၁၉   ကာကွယ်ဆေးနှင့် တိုက်ရိုက်ဆက်စပ်မှု ရှိသည်ဟု ပြသရန် မသေချာသေးချေ။ 

 


ထောက်ပြထား 


 အရေးကြီးသည့်အချက်မှာ ကာကွယ်ဆေး၏ ကောင်းကျိုးနှင့်ဘေးထွက်ဆိုးကျိုးတို့မှာ ချိန်ခွင်လျှာညီမျှရန်  လိုအပ်သည်ဟု တိုကျိုမြို့ ကီတာဆာတိုတက္ကသိုလ်မှ ပါမောက္ခဖြစ်သူ နာကာယာမာ တက်ဆူအိုက ပြောသည်။ ထည့်သွင်းစဉ်းစားရမည့် အချက်များကို လည်း  ၎င်းက  ထောက်ပြထားသည်။ ရောဂါကူးစက်ခံထားရသည့် ကလေးငယ်မှာ အပျော့စားလက္ခဏာများပင် ပြသသော်လည်း အဆိုပါ ကလေးငယ်မှာ နေအိမ်၌ပင်  နေထိုင်ရန်လိုအပ်သည်။  ယင်းသို့ နေထိုင်ခြင်းဖြင့်   ရုပ်ပိုင်းဆိုင်ရာနှင့်  စိတ်ပိုင်းဆိုင်ရာ အခက်အခဲများ နှင့် ကြုံတွေ့နိုင်သည်။ 

 


အခွင့်အလမ်းနည်းပါး 


ကာကွယ်ဆေးများမှာ  ရောဂါကူးစက်ခံရမှုမှ ၁၀၀ ရာခိုင်နှုန်းကာကွယ်ပေးနိုင်ခြင်းမရှိချေ။  ကလေးများကို  ကာကွယ်ဆေးထိုး ပေးထားခြင်းဖြင့်  ရောဂါပိုးကို   နေအိမ်သို့   သယ်ဆောင်လာရန် အခွင့်အလမ်းနည်းပါးသည်။ ထို့ကြောင့် မိဘများနှင့် ဘိုးဘွားများကို ရောဂါကူးစက်နိုင်ခြေ   နည်းပါးသည်။   ကလေးများအားကစားပွဲ အပါအဝင်အခြားသော  သင်ရိုးပြင်ပလှုပ်ရှားမှုများတွင်  ပါဝင်ပါက ရောဂါကူးစက်နိုင်ခြေ  ပိုမိုများပြားသည်။    အဆိုပါ   အခြေအနေရှိသည့် ကလေးများအနေဖြင့်    ကာကွယ်ဆေးထိုးထားရန်   အကြံပြုထား သည်။

 


 ကြိုမသိနိုင် 


သို့သော်လည်း  ကလေးများတွင် ကာကွယ်ဆေးထိုးသင့်မသင့် ကို  ဆေးဘက်ဆိုင်ရာ    ပညာရှင်များကြားတွင်   အငြင်းအခုံများ ရှိနေသည်။ အချို့ကလည်း ကလေးများတွင် ကူးစက်မှုများပြားသော် လည်း   ရောဂါလက္ခဏာပြင်းထန်မှုမှာ    နည်းပါးသည့်အတွက် ကာကွယ်ဆေးထိုးရန်မလိုအပ်ဟု    ထင်ကောင်းထင်လိမ့်မည်ဟု နာကာယာမာက  ပြောသည်။ သို့သော်လည်း  အရေးကြီးသည့်အချက်မှာ မည်သည့်ကလေးတွင် ရောဂါလက္ခဏာပြင်းထန်မည်ကို  ကြိုတင် မသိနိုင်သည့်အချက်ပင် ဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။ 

 


ကိုယ်ပိုင်ဆုံးဖြတ်ချက်ချနိုင်ရမည် 


ကာကွယ်ဆေးထိုးနှံမှုအတွက်   အခြားသောသူများတွင်   ဖိအား မပေးသင့်ဟုလည်း   ၎င်းက   ဆက်ပြောသည်။      ပြည်သူများအနေဖြင့် သတင်းအချက်အလက်ကို      ရယူနိုင်ခွင့်ရှိသည်။    သိပ္ပံပညာကို နားလည်ခွင့်ရှိပြီး  ၎င်းတို့ကိုယ်တိုင်   ဆုံးဖြတ်ချက်ချနိုင်ရမည်ဟု  ၎င်းက ဆက်လက်ပြောကြားခဲ့သည်။


ကိုးကား- အင်န်အိတ်ချ်ကေ