
မုံရွာ မတ် ၁၉
စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေး ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၂/၂၀၂၂)ကို ယမန်နေ့က တိုင်းဒေသ ကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပ ရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က စစ်ကိုင်း တိုင်းဒေသကြီးသည် စိုက်ပျိုးရေးအားဖြင့် အရေးပါ သည့် တိုင်းဒေသကြီးဖြစ်ပြီး ဒေသတွင်းဆန်ဖူလုံမှုမှာ ပျမ်းမျှ ၁၆၅ ဒသမ ၆၈ ရာခိုင်နှုန်း ရှိသောကြောင့် စပါးစိုက်ပျိုးရေးအားကောင်းသည့် တိုင်းဒေသကြီး တစ်ခုဖြစ်ပါကြောင်း၊ လယ်ယာကဏ္ဍအနေဖြင့် တိုင်းဒေသကြီးတွင် နှစ်စဉ်မိုးစပါးဧက ၁၈ သိန်း၊ နွေစပါးဧက သုံးသိန်းခန့်ကို ပုံမှန်အားဖြင့် စိုက်ပျိုးနိုင်ခဲ့သည့် တိုင်းဒေသကြီး ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး၏ နွေစပါးစိုက်ပျိုးမှုမှာ ဆည်ရေရရှိမှု ကို အဓိကအားထားကာ မှီခိုစိုက်ပျိုးရသည်ကို တွေ့ရှိရပါကြောင်း၊ ယခု ၂၀၂၁-၂၀၂၂ ခုနှစ်တွင် သဖန်းဆိပ်ဆည်အတွင်း၌ ဆည်ရေဧကပေ ၂၄ သိန်းကျော် သိုလှောင်နိုင်သည့်အတွက် နွေစပါး လျာထားဧက ၃၄၇၂၀၀ လျာထားစိုက်ပျိုးခဲ့ရာ ယနေ့အထိ ၆၈၀၇၉ ဧက စိုက်ပျိုးပြီးသည်ကို တွေ့ရှိရပါကြောင်း၊ ကျန်ရှိနေသည့် နွေစပါးစိုက်ဧက များကိုလည်း လျားထားချက်အတိုင်း ပြည့်မီ ကျော်လွန်စွာ စိုက်ပျိုးနိုင်ရေး ဝိုင်းဝန်းဆောင်ရွက် ကြရန်လိုကြောင်း။
တိုင်းဒေသကြီးအနေဖြင့် ဒေသတွင်းဆီဖူလုံမှုတွင် ၄၉၉ ဒသမ ၉၇ ရာခိုင်နှုန်းဖြစ်ပြီး တိုင်းဒေသကြီး အတွင်း ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်းနှင့် နေကြာတို့ကို အဓိကထားပြီး စိုက်ပျိုးခဲ့ရာတွင် စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်နည်းပြီး တစ်ဧက ဆီထွက်နှုန်းလည်း မြင့်မားသည့် နေကြာသီးနှံကို တိုးချဲ့စိုက်ပျိုးသွားမည် ဖြစ်ပါကြောင်း၊ ထပ်မံတိုးချဲ့ စိုက်ပျိုးမည့် နေကြာသီးနှံဧက ၄၀၀၀၀ ခန့်အတွက် အချိန်မီစိုက်ပျိုးပြီးစီးရေးအတွက် တာဝန်ရှိသူများက ကြိုတင်ပြင်ဆင်စီမံထားရှိရန် လိုအပ်ပါကြောင်း။
မွေးမြူရေးကဏ္ဍအနေဖြင့် တိုင်းဒေသကြီး အတွင်းရှိ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်နေသူများ အတွက် မျိုးကောင်းမျိုးသန့် တိရစ္ဆာန်များမွေးမြူ နိုင်ရေး၊ မွေးမြူထားသည့် တိရစ္ဆာန်များ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေး၊ တိရစ္ဆာန်အစာစားကျက် စိုက်ခင်းများ စိုက်ပျိုးနိုင်ရေးနှင့် တစ်ပိုင်တစ်နိုင် မွေးမြူရေးလုပ်ငန်းများမှ စီးပွားဖြစ်မွေးမြူရေး လုပ်ငန်းများအဖြစ် ကူးပြောင်းနိုင်စေရေး ကူညီ ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြား သည်။
ယင်းနောက် တိုင်းဒေသကြီး စိုက်ပျိုးရေး ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များက မိမိတို့ဌာနများ အလိုက် စိုက်ပျိုးရေး၊ မွေးမြူရေး ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေး လုပ်ငန်းများ ဆောင်ရွက် နေမှုများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများ အား ရှင်းလင်းတင်ပြကြပြီး စစ်ကိုင်းခရိုင်၊ မုံရွာခရိုင်၊ ယင်းမာပင်ခရိုင်၊ ရွှေဘိုခရိုင်၊ ရေဦးခရိုင်များမှ စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များက မိမိတို့ ခရိုင်များအတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်း များနှင့်ပတ်သက်၍ လည်းကောင်း၊ ရွှေဘိုခရိုင်၊ စစ်ကိုင်းခရိုင်နှင့် ကလေးခရိုင်တို့မှ စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် မိမိတို့ခရိုင်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်း များ ဆောင်ရွက်နေမှု အခြေအနေများအား လည်း ကောင်း ဖြည့်စွက်တင်ပြကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက တိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေး၊ မွေးမြူရေး ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေး လုပ်ငန်း များနှင့်ပတ်သက်၍ တင်ပြချက်များအပေါ် သုံးသပ် တင်ပြပြီး အစည်းအဝေးသို့ တက်ရောက်လာသူများ က အထွေထွေဆွေးနွေးတင်ပြကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက် ပေးကြောင်း သိရသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)