ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦး ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်ရှိ ဓာတ်အားပေးစက်ရုံစီမံကိန်းများ ကြည့်ရှုစစ်ဆေး

 

နေပြည်တော်   မတ်   ၁၉


လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန    ပြည်ထောင်စု ဝန်ကြီး   ဦးအောင်သန်းဦးသည်  ယနေ့တွင်  ရခိုင် ပြည်နယ် ကျောက်ဖြူမြို့နယ်၌  လက်ရှိဓာတ်အား ထုတ်လုပ် မောင်းနှင်လျက်ရှိသော V Power Group Holdings Limited ၏ ကျောက်ဖြူ ၄၅ မဂ္ဂါဝပ် ဓာတ်ငွေ့အင်ဂျင်သုံး ဓာတ်အားပေးစက်ရုံနှင့် CNTIC Vpower KY-3 Limited ၏ ကျောက်ဖြူ ၁၅၀ မဂ္ဂါဝပ် ဓာတ်ငွေ့အင်ဂျင်သုံး          ဓာတ်အားပေးစက်ရုံများ၊ လာမည့်နှစ်အတွင်း    ဓာတ်အားတိုးတက်ထုတ် လုပ်နိုင်ရန် အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိသော Kyauk Phyu Electric Power Company Limited ၏ ကျောက်ဖြူ ၁၃၅ မဂ္ဂါဝပ် သဘာဝဓာတ် ငွေ့နှင့်စွန့်ပစ်အပူသုံး ဓာတ်အားပေးစက်ရုံစီမံကိန်း တို့ကို သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူ များက     ဓာတ်အားထုတ်လုပ်မှုနှင့်    စီမံကိန်း ဆောင်ရွက်မှုတို့ကို  ရှင်းလင်းတင်ပြကြသည်။

 


ထိုသို့ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စု ဝန်ကြီးက လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအတွက် ကျောက်ဖြူဒေသမှရရှိသော ရွှေဓာတ်ငွေ့ခွဲတမ်းကို တစ်ရက်လျှင် ကုဗပေ သန်း ၂၀  အသုံးပြု၍ ယခင်က ၄၅ မဂ္ဂါဝပ်  ဓာတ်ငွေ့အင်ဂျင်သုံး   ဓာတ်အားပေး စက်ရုံ နှစ်ရုံဖြင့် ၉၀ မဂ္ဂါဝပ် ဓာတ်အားထုတ်လုပ်ခဲ့ပါ ကြောင်း၊ ထိုသို့ထုတ်လုပ်စဉ် အဆိုပါစက်ရုံများသည်  ၂၀၂၁ ခုနှစ်တွင်  သက်တမ်းကုန်ဆုံးခဲ့သော်လည်း ၂၀၂၂ ခုနှစ်၌   တိုးတက်သုံးစွဲလာမည့်  လျှပ်စစ် ဓာတ်အားပမာဏကို      ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်၍ ၄၅ မဂ္ဂါဝပ် စက်ရုံ တစ်ရုံကို သက်တမ်း တိုးပြီး ဆက်လက်ဓာတ်အားထုတ်လုပ်မောင်းနှင်ခဲ့ပါကြောင်း၊ ထို့ပြင် ကျောက်ဖြူဒေသ၌ ၁၅၀ မဂ္ဂါဝပ် LNG to Power ဓာတ်ငွေ့အင်ဂျင်သုံးဓာတ်အားပေးစက်ရုံ   တစ်ရုံကို   ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော်လည်း   LNG   ဈေးနှုန်းများ အဆမတန် ကြီးမြင့်နေသည့်အတွက်  ရရှိထားသည့် ရွှေဓာတ်ငွေ့ကို တစ်ရက်လျှင် ကုဗပေ သန်း ၃၀ ပိုမို ရရှိနိုင်ရေး    ညှိနှိုင်းဆောင်ရွက်ခဲ့ပြီး  ဓာတ်အား ထုတ်လုပ်နိုင်ရန်   စီစဉ်ဆောင်ရွက်ခဲ့သဖြင့်  ၁၅၀ မဂ္ဂါဝပ် တိုးမြှင့်ထုတ်လုပ်နိုင်ခဲ့ပါကြောင်း။ 

 


လက်ရှိ ကျောက်ဖြူဒေသတွင် ဓာတ်ငွေ့ဖြန့်ဖြူး ပေးနေသည့် ပိုက်လိုင်းအခြေခံ အဆောက်အဦများ၏ အနေအထားအရ ရွှေဓာတ်ငွေ့ ကုဗပေသန်း ၂၀ သာ ထုတ်ယူသုံးစွဲနိုင်သောကြောင့်      တစ်ရက်လျှင် ရွှေဓာတ်ငွေ့သန်း ၅၀ အထိ တိုးတက် ရယူသုံးစွဲနိုင်ရန် ပိုက်လိုင်း    အခြေခံအဆောက်အဦများကို   တိုးချဲ့ ပြင်ဆင်ခြင်းလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိပါ ကြောင်း၊    ထိုသို့ဆောင်ရွက်နေစဉ်ကာလအတွင်း သက်တမ်းကုန်ဆုံးသွားသည့် ၄၅ မဂ္ဂါဝပ် ဓာတ်ငွေ့အင်ဂျင်သုံးဓာတ်အားပေးစက်ရုံမှ အသုံးပြုခဲ့သော ရွှေဓာတ်ငွေ့ တစ်ရက် ကုဗပေ ၁၀ သန်းကို စက်စွမ်း ရည် ပိုမိုကောင်းမွန်သည့် ၁၅၀ မဂ္ဂါဝပ် LNG to Power ဓာတ်ငွေ့အင်ဂျင်သုံး ဓာတ်အားပေးစက်အစား သဘာဝဓာတ်ငွေ့သုံး         ဓာတ်အားပေးစက်ရုံသို့ ပြောင်းလဲထောက်ပံ့၍ ဖေဖော်ဝါရီ ၁၀ ရက်မှ စတင် ကာ ၅၀ မဂ္ဂါဝပ်ကို  တိုးမြှင့်ဓာတ်အား  ထုတ်လုပ် ဖြန့်ဖြူးပေးနိုင်ခဲ့ပါကြောင်း။

 


ထိုဓာတ်ငွေ့ဖြန့်ဖြူးပေးနေသည့်    ပိုက်လိုင်း အခြေခံအဆောက်အဦ        တိုးချဲ့ပြင်ဆင်ခြင်း လုပ်ငန်းများသည်လည်း မေလတွင် ဆောင်ရွက်ပြီးစီး မည်ဖြစ်ကာ   ဆောင်ရွက်ပြီးစီးချိန်မှစတင်၍ ၁၅၀ မဂ္ဂါဝပ်အထိ  တစ်ရက်လျှင် ရွှေဓာတ်ငွေ့ ကုဗပေ သန်း ၃၀ ကို အသုံးပြုပြီး ဓာတ်အားတိုးမြှင့်ထုတ်လုပ် ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ပါကြောင်း၊    ထို့ကြောင့်  လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ၂၀၂၂ ခုနှစ် နွေရာသီအမီ  ရွှေဓာတ်ငွေ့ကို  အသုံးပြုပြီး စုစုပေါင်း ၁၉၅ မဂ္ဂါဝပ်အထိ တိုးတက်ထုတ်လုပ်ပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊  ထို့အပြင်  ၁၃၅ မဂ္ဂါဝပ်    သဘာဝဓာတ်ငွေ့နှင့်   စွန့်ပစ်အပူသုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းကိုလည်း ဆောလျှင်စွာ ပြီးစီးနိုင်ရေး  တွန်းအားပေး ဆောင်ရွက်လျက်ရှိသဖြင့် စီမံကိန်းများကို သတ်မှတ်ရက်များအတိုင်း ပြီးစီးနိုင် ရေး ကြိုးပမ်းဆောင်ရွက်သွားကြရန် မှာကြားသည်။

 


လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ယခု ကာလအတွင်း    ပြည်သူများ  လိုအပ်လျက်ရှိသော လျှပ်စစ်ဓာတ်အားကို    တတ်နိုင်သမျှ  ပြည့်မီစွာ ထုတ်လုပ်ပေးနိုင်ရေးအတွက် အမှတ် ၄ ဓာတ်မြေ သြဇာစက်ရုံ (မြောင်းတကာ)နှင့် အမှတ် ၅ ဓာတ်မြေ သြဇာစက်ရုံ (ကန်ကြီးထောင့်) တို့တွင် နှစ်စဉ်ပုံမှန် ဆောင်ရွက်နေကျဖြစ်သော ထိန်းသိမ်းပြုပြင်ခြင်း လုပ်ငန်းများကို     ယခင်က   နှစ်စဉ်ဧပြီလများတွင် ပုံမှန်ပြုလုပ်ခဲ့သော်လည်း            ယခုသတ်မှတ်ချိန် ထက်စော၍    ဆောင်ရွက်စေကာ    အဆိုပါစက်ရုံ များသို့    ထောက်ပံ့ပေးထားသော    ကုန်းတွင်းသဘာဝ ဓာတ်ငွေ့ကို ရွာမဓာတ်အားပေးစက်ရုံရှိ ဓာတ်အားပေး စက်များသို့   ပြောင်းလဲထောက်ပံ့ကာ   လျှပ်စစ် ဓာတ်အား  ၃၀ မဂ္ဂါဝပ်ကို  ထုတ်လုပ်လျက်ရှိသည်။ သို့ပါ၍    လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ၂၀၂၂ ခုနှစ် ‌နွေရာသီအမီ  ရွှေဓာတ်ငွေ့အသုံးပြု၍ လျှပ်စစ်ဓာတ်အား   ၁၉၅  မဂ္ဂါဝပ်နှင့်   ကုန်းတွင်း ဓာတ်ငွေ့အသုံးပြု၍   ဓာတ်အား  ၃၀  မဂ္ဂါဝပ်တို့ကို တိုးတက်ထုတ်လုပ်နိုင်သဖြင့်   စုစုပေါင်းလျှပ်စစ် ဓာတ်အား ၂၂၅ မဂ္ဂါဝပ်အထိ တိုးတက်ထုတ်လုပ်နိုင် ရေး စီမံဆောင်ရွက်နိုင်သည်။

 


ထို့အပြင် တာပိန်(၁)ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းမှ   ထွက်ရှိလာမည့်   လျှပ်စစ် ဓာတ်အား ၁၂၀ မဂ္ဂါဝပ်ခန့်ကိုလည်း   ဝယ်ယူရေး ညှိနှိုင်းလျက်ရှိပြီး   နိုင်ငံတော်   ဓာတ်အားစနစ်သို့ ချိတ်ဆက်၍   ဓာတ်အားပိုမိုထုတ်လွှတ်နိုင်ရေးကို စီစဉ်ဆောင်ရွက်လျက်ရှိသည့်အပြင်  ဘီလူးချောင်း စက်ရုံများမှ နွေရာသီကာလထွက်ရှိမည့် ဓာတ်အား ၁၇၀ မဂ္ဂါဝပ်ခန့်ကိုလည်း  ဓာတ်အားစနစ်မှတစ်ဆင့် ဖြန့်ဖြူးနိုင်ရန်   ဖောက်ခွဲဖျက်ဆီးခံထားရသော တာဝါတိုင်  ၁၉ တိုင်ခန့်ကို   ပြုပြင်နိုင်ရေး ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊     ၎င်းလုပ်ငန်းများ ဆောင်ရွက်ပြီးပါက ဓာတ်အားလိုအပ်ချက် ပမာဏ ကို    မပြည့်မီနိုင်သော်လည်း    ယခုထက်ပိုမို၍   ဓာတ်အားဖြန့်ဖြူး  ပေးနိုင်မည်ဖြစ်ကြောင်း   သိရ သည်။


သတင်းစဉ်