ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း မန္တလေးမြို့ရှိ မြန်မာအနုပညာဗဟိုဌာန တည်ဆောက်ပြီးစီးမှုကြည့်ရှုစစ်ဆေး

 

မန္တလေး   မတ်   ၁၉


ပြန်ကြားရေးဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည်   ယနေ့ညနေပိုင်းတွင် မန္တလေးမြို့ ၇၃ လမ်းနှင့် ၁၀၉ လမ်းထောင့်ရှိ မြန်မာ အနုပညာဗဟိုဌာန (Myanmar  Art   Centre)  တည်ဆောက်ပြီးစီးမှု   လုပ်ငန်းများကို    ကြည့်ရှု စစ်ဆေးသည်။

 


ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင် အုန်းအား  i Green Development & Engineering Group မှ ဒါရိုက်တာ ဦးကျော်ကျော်စိုးက လုပ်ငန်း စတင်အကောင်အထည်ဖော်   ဆောင်ရွက်ခဲ့သည့် သမိုင်းကြောင်းနှင့်    လုပ်ငန်းပြီးစီးမှုအခြေအနေ၊ ဆက်လက်ဆောင်ရွက်ရန်ကျန်ရှိသည့်လုပ်ငန်းများကို ရှင်းလင်းတင်ပြသည်။

 


ထို့နောက် ပြည်ထောင်စုဝန်ကြီးက  မိမိတို့နိုင်ငံ သည် ပျူခေတ်မှစ၍ ယဉ်ကျေးမှုအနုပညာ ထွန်းကား ခဲ့သည်ကို စာပေမှတ်တမ်းများအရ သိရှိရပါကြောင်း၊ တစ်နည်းအားဖြင့်   မိမိတို့၏   ဘာသာ၊  စာပေ၊ သဘင်၊  ဂီတအနုပညာရပ်များသည်    နှစ်ပေါင်း ထောင်ချီ ဖြစ်တည်လာခဲ့ပါကြောင်း၊   နိုင်ငံတိုင်း၊ လူမျိုးတိုင်းသည် မိမိတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှု အနုပညာများ မပျောက်ပျက်အောင် နည်းမျိုးစုံဖြင့် ထိန်းသိမ်း ဆောင်ရွက်လျက်ရှိကြပါကြောင်း၊ မိမိတို့ အနုပညာရပ်များကိုလည်း နောင်လာနောက်သားများ သိရှိပြီး       လေးစားတန်ဖိုးထားထိန်းသိမ်းနိုင်ရန် အစွမ်းကုန်ကြိုးစား ဆောင်ရွက်မည်ဖြစ်ပါကြောင်း။

 


 ယဉ်ကျေးမှုအနုပညာအရည်အသွေးသည် နိုင်ငံ တစ်နိုင်ငံ၊   လူမျိုးတစ်မျိုး၏တန်ဖိုး (သို့မဟုတ်)  ဂုဏ်ဒြပ်ဟု ဆိုရမည်ဖြစ်ပါကြောင်း၊   နိုင်ငံတော် ဝန်ကြီးချုပ်က အနုပညာရှင်များနှင့် အနုပညာဖန်တီး မှုများကို လေးစားတန်ဖိုးထားကြောင်းနှင့် အနုပညာ ရှင်များ၏ လိုအပ်ချက်များကို တတ်နိုင်သမျှ  ကူညီ ဆောင်ရွက်ပေးရန် မကြာခဏ  လမ်းညွှန်ထားပါ ကြောင်း၊ ယခုမန္တလေးမြို့တွင် တည်ဆောက်လျက် ရှိသည့် မြန်မာအနုပညာဗဟိုဌာန အဆောက်အအုံ ကြီး တည်ဆောက်မှုအခြေအနေများနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းများကို ပြည့်စုံစွာတင်ပြပေးစေလိုပါကြောင်း၊ မိမိတို့နိုင်ငံတွင် ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့၌ မြန်မာအနုပညာဗဟိုဌာန (Myan-mar Art Centre)  အဆောက်အအုံကြီးများကို ခန့်ညားစွာတည်ဆောက်နေသည်ကို မြင်တွေ့ရသည့် အတွက် များစွာဂုဏ်ယူပါကြောင်း၊ အနုပညာရှင်များ အနေဖြင့် မိမိတို့တတ်ကျွမ်းသည့် အနုပညာရပ်များ ကို ယင်းအဆောက်အုံကြီးများတွင် ဖော်ထုတ်ပြသ ခွင့်ရမည်ဖြစ်၍ နိုင်ငံအတွက်ရော အနုပညာလောက အတွက်ပါ အားရဂုဏ်ယူမိပါကြောင်း။

 


 နိုင်ငံတော်အစိုးရသည် အနာဂတ်နိုင်ငံတော်ကို ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာပါ   တည် ဆောက် အကောင်အထည်ဖော်လျက်ရှိပါကြောင်း၊ ယနေ့ အနုပညာဗဟိုဌာနအဆောက်အုံများ တည် ဆောက်မှုလုပ်ငန်း အပါအဝင် အနုပညာကဏ္ဍဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ပေးခြင်းသည်  နောင် အနာဂတ်လူငယ်များအနေဖြင့် မိမိတို့ဘိုးဘွားမိဘ များ ထိန်းသိမ်းစောင့်ရှောက်ခဲ့သည့် ရိုးရာယဉ်ကျေး မှု အမွေအနှစ်များကို ရေရှည်တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်းနိုင်ရန်    လက်ဆင့်ကမ်းဆောင်ရွက်ပေး ခြင်းပင်ဖြစ်ပါကြောင်းနှင့်      ကျရာအခန်းကဏ္ဍမှ ပူးပေါင်းကူညီ ဆောင်ရွက်ပေးကြရန်ဖြစ်ကြောင်း ပြောကြားသည်။

 


မွန်းလွဲပိုင်းက     ပြည်ထောင်စုဝန်ကြီးသည် မန္တလေးမြို့ မြို့တော်ခန်းမ၌ မြန်မာ့အသံနှင့် ရုပ်မြင် သံကြားဖမ်းယူကြည့်ရှုမှု   လွယ်ကူစေရန်အတွက်  DVB-T2   Set  Top  Box   များ    ပေးအပ်လှူဒါန်းရာ    မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့အတွက်     DTH စလောင်း ၁၀ စုံကို မန္တလေးတိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးမောင်ကို  သို့လည်းကောင်း၊   မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ      ဒေသခံပြည်သူများအတွက်  DVB-T2 Set Top Box  အစုံ ၅၀၀   ကို လူမှုရေးရာ ဝန်ကြီး ဦးယဉ်ထွေးသို့ လည်းကောင်း၊   မန္တလေး တပ်နယ်မိသားစုများအတွက် DVB-T2 Set Top Box အစုံ   ၅၀၀  ကို   မန္တလေးတပ်နယ်မှူးသို့ လည်းကောင်း ပေးအပ်လှူဒါန်းခဲ့သည်။  

သတင်းစဉ်