ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ်တွေ့ရှိမှု၊  ပိုးတွေ့နှုန်းနှင့် သေဆုံးမှုနှုန်းတို့မှာ သိသာစွာကျဆင်းလာကြောင်း တွေ့ရှိရသဖြင့် ခြွင်းချက်ပြုဖော်ပြထားသော ကိစ္စရပ်များမှအပ လူ ၄၀၀ ဦး အထိ ၁၆-၃-၂၀၂၂ ရက်နေ့မှစ၍ စုဝေးခွင့်ပြုကြောင်း ထုတ်ပြန်

 

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ကျန်းမာရေးဝန်ကြီးဌာန
အမိန့်အမှတ်၊   ၅၆/၂၀၂၂      
၁၃၈၃ ခုနှစ်၊ တပေါင်းလဆန်း   ၁၄   ရက်
(၂၀၂၂ ခုနှစ်၊ မတ်လ   ၁၅    ရက်)


ကျန်းမာရေးဝန်ကြီးဌာနသည် ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေပုဒ်မ ၂၁ ပုဒ်မခွဲ (ခ)ပါ လုပ်ပိုင်ခွင့်ကို  ကျင့်သုံး၍ ဤအမိန့်ကို ထုတ်ပြန်လိုက်သည်။
၁။     ကျန်းမာရေးဝန်ကြီးဌာနသည်  လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (Corona-virus Disease 2019 - COVID-19) ကြိုတင်ကာကွယ်ရေး လုပ်ငန်းများနှင့်စပ်လျဉ်း၍     ရောဂါကူးစက် ပြန့်ပွားမှု  မဖြစ်စေရန်အတွက်  လူ ၅၀ ဦးအစား လူ ၁၀၀ ဦးထက်ပို၍ စုဝေးခြင်းမပြုရန် ၂၉-၁၀-၂၀၂၁ ရက်စွဲပါအမိန့် အမှတ် ၄၇၉/၂၀၂၁ ဖြင့်လည်းကောင်း၊ ဘာသာရေးဆိုင်ရာ အခမ်းအနားများနှင့် သာရေး/နာရေးဆိုင်ရာကိစ္စရပ်များအတွက်  လူ ၂၀၀ ဦးအထိ စုဝေးခွင့်ပြုကြောင်း   ၃၀-၁၂-၂၀၂၁   ရက်စွဲပါ အမိန့်အမှတ် ၅၃၈/၂၀၂၁ ဖြင့်လည်းကောင်း ထုတ်ပြန်ခဲ့ပါသည်။
၂။     ယခုအခါတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု အခြေအနေများအပေါ် သုံးသပ်ချက်များအရ  ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် တွေ့ရှိမှု၊   ပိုးတွေ့နှုန်းနှင့်   သေဆုံးမှုနှုန်းတို့မှာ   သိသာစွာကျဆင်း လာကြောင်း  တွေ့ရှိရသဖြင့် ခြွင်းချက်ပြုဖော်ပြထားသော ကိစ္စရပ် များမှအပ လူ ၄၀၀ ဦး အထိ  ၁၆-၃-၂၀၂၂  ရက်နေ့မှစ၍  စုဝေးခွင့်ပြု ကြောင်း ထုတ်ပြန်လိုက်သည်။
၃။    ကိုဗစ်-၁၉ ရောဂါနှင့်စပ်လျဉ်း၍ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့က ထုတ်ပြန်ထားသည့်  အမိန့်၊ ညွှန်ကြားချက်များကို လိုက်နာရန်  ပျက်ကွက်ပါက  တည်ဆဲဥပဒေ များအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။
ဒေါက်တာသက်ခိုင်ဝင်း
ပြည်ထောင်စုဝန်ကြီး