မန္တလေးတိုင်းဒေသကြီးအတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး စီမံချက်များရေးဆွဲပြီး အသိပညာပေးလုပ်ငန်းများဆောင်ရွက်

မန္တလေး   မတ်   ၁၄


မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ် တို့တွင်  မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အတွက်   စီမံချက်များရေးဆွဲပြီး  အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်နေကြောင်း မန္တလေးတိုင်း ဒေသကြီး မီးသတ်ဦးစီးဌာနမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးဇော်ဝင်းထွန်းက ပြောကြားသည်။ 


စီမံထားရှိ


ယခုနှစ်တွင်   တိုင်းဒေသကြီးအတွင်း   ခရိုင်၊ မြို့နယ်တို့၌ မီးဘေးလုံခြုံရေးနှင့် မီးလောင်ပျက်စီး ဆုံးရှုံးမှုလျော့နည်းစေရေးအတွက် လက်တွေ့ကျ သည့် စီမံချက်များရေးဆွဲပြီး စစ်ဆေးခြင်းများ၊ သတိ ပေးခြင်းများ၊ လှုံ့ဆော်ခြင်းများ၊ သရုပ်ပြသခြင်းများ၊ ဇာတ်တိုက်လေ့ကျင့်ခြင်းများနှင့်    ပြည်သူလူထု အသိပညာပေးလုပ်ငန်းများကို သက်ဆိုင်ရာမြို့နယ်၊ ရပ်ကွက်၊     ကျေးရွာအလိုက်   အရှိန်အဟုန်မြှင့် ဆောင်ရွက်မှုများပြုလုပ်နေကြောင်း၊ ထိုသို့ဆောင်ရွက် နေစဉ်အတွင်း    မီးလန့်မှုနှင့်    မီးလောင်မှုဖြစ်ပွား ပေါ်ပေါက်ပါက   အသင့်အနေအထားဖြင့်  ပြင်ဆင် ထားရှိကြောင်း၊ အဆိုပါကိစ္စများ ပေါ်ပေါက်လာပါက လည်း ပြည်သူလူထု အလွယ်တကူဆက်သွယ်နိုင်ရန် ဖုန်းနံပါတ် ၁၉၁ စနစ်ကိုလည်း စီမံထားရှိကြောင်း သိရသည်။

 
“တိုင်းဒေသကြီး   မီးသတ်ဦးစီးဌာနအနေနဲ့ မီးလောင်မှုနဲ့ သဘာဝဘေးအန္တရာယ်များ ဖြစ်ပွား ပေါ်ပေါက်လာပါက    ပြည်သူလူထုကို   အချိန်နဲ့ တစ်ပြေးညီ    ကာကွယ်စောင့်ရှောက်ဖို့အတွက် နည်းလမ်းပေါင်းစုံနဲ့ ဆောင်ရွက်နေပါတယ်။ မီးငြှိမ်း သတ်ရေးနဲ့ သဘာဝဘေးအန္တရာယ်ကာကွယ်ခြင်း လုပ်ငန်းတွေ၊  ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်တဲ့အခါမှာ မီးသတ်ဦးစီးဌာနတစ်ခုတည်း နဲ့ ဆောင်ရွက်လို့မရပါဘူး။ သက်ဆိုင်ရာအဖွဲ့အစည်း တွေ၊  ပြည်သူလူထုတွေက ပူးပေါင်းပါဝင်ဆောင်ရွက် မှသာ   မီးလောင်မှုအကြိမ်ရေ    လျော့ကျနိုင်မယ်။ မီးလောင်ဆုံးရှုံးမှုတွေကိုလည်း  လျှော့ချနိုင်မှာပါ။ မီးငြှိမ်းသတ်ရေးအတွက်      မရှိမဖြစ်လိုအပ်တဲ့ ရေရရှိရေးလုပ်ငန်းတွေကိုလည်း    သက်ဆိုင်ရာ စည်ပင်သာယာရေးအဖွဲ့၊   အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်”ဟု ၎င်းက ရှင်းပြ သည်။ 


ဆောင်ရွက်နေ


 ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်သည့်အတွက် ပြည်သူလူထုနှင့် ပူးပေါင်းပြီး  မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် စစ်ဆေးခြင်းများကို ဆောင်ရွက်နေကြောင်း၊ စစ်ဆေးခြင်းများဆောင်ရွက် ရာတွင်   တိုင်းဒေသကြီးအတွင်းရှိ   နိုင်ငံပိုင်စက်ရုံ အလုပ်ရုံများ၊ ပုဂ္ဂလိကစက်ရုံအလုပ်ရုံများ၊ လူနေအိမ် များနှင့် မီးဘေးစိုးရိမ်ရသည့် လုပ်ငန်းများဖြစ်သည့် စက်သုံးဆီဆိုင်များ၊ ဂက်(စ်)ဆိုင်များကို သက်ဆိုင်ရာ အရန်မီးသတ်တပ်ဖွဲ့များ၊ အုပ်ချုပ်ရေးအဖွဲ့များနှင့် စစ်ဆေးခြင်း၊ သတိပေးခြင်း၊ ပညာပေးခြင်းလုပ်ငန်း များကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 


၂၀၂၁ ခုနှစ်တွင် မန္တလေးတိုင်းဒေသကြီးအတွင်း မီးလောင်မှုအကြိမ်ရေ  ၂၄၅  ကြိမ်   ဖြစ်ပွားခဲ့ပြီး မီးလောင်ဆုံးရှုံးမှုတန်ဖိုးမှာ ၂၈၅ ဒသမ ၉၅၃ သန်း ဆုံးရှုံးမှုဖြစ်ပေါ်ခဲ့ကြောင်း၊ အဆိုပါ မီးလောင်မှုဖြစ်စဉ် များတွင်   ပေါ့ဆမီးကြောင့်ဖြစ်ပွားမှု   အကြိမ်ရေ အများဆုံးဖြစ်ပြီး     လျှပ်စစ်ကြောင့်   မီးလောင်မှု အကြိမ်ရေသည်     ဒုတိယအများဆုံးဖြစ်ကြောင်း သိရသည်။          

မင်းထက်အောင်(မန်းကိုယ်ပွား)