
နေပြည်တော် မတ် ၁၃
အာဟာရပြည့်ဝပြီး ကျန်းမာရေးနှင့် ညီညွတ် သည့် စားသုံးဆီများကို ကာလတိုအတွင်း တိုးတက် ထုတ်လုပ်နိုင်ရေးအတွက် တစ်ဧက၏ ဆီထုတ်လုပ် နိုင်မှု အများဆုံးဖြစ်သည့် စပ်မျိုးနေကြာသီးနှံကို ပဲခူးတိုင်းဒေသကြီးအတွင်း တိုးချဲ့စိုက်ပျိုးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မတ် ၁၂ ရက် နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
တက်ရောက်ဆွေးနွေး
အစည်းအဝေးသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တိုင်းဒေသကြီး ဝန်ကြီးများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲတွင် ဒေသ ရေ၊ မြေနှင့်ကိုက်ညီသည့် နေကြာမျိုးသန့်များ အသုံးပြုနိုင်ရေး၊ တောင်သူများ အတွက် ဝင်ငွေအကျိုးအမြတ်ရှိစေမည့် အထွက်နှုန်း ရရှိရေး၊ သွင်းအားစုအပါအဝင် လိုအပ်ချက်များ ထိရောက်စွာ ဖြည့်ဆည်းပေးနိုင်ရေး၊ ပုဂ္ဂလိကလုပ်ငန်း ရှင်များနှင့် အကျိုးတူ ကန်ထရိုက်လယ်ယာစနစ် ဆောင်ရွက်နိုင်ရေး၊ ထွက်ရှိလာမည့် နေကြာသီးနှံ များကို စားသုံးဆီအဖြစ် ထုတ်လုပ်နိုင်ရေးအတွက် ဆီစက်လုပ်ငန်းရှင်များနှင့် ကြိုတင်ညှိနှိုင်းဆောင်ရွက် ရန် လိုအပ်ချက်များကို ပြည်ထောင်စုဝန်ကြီးဌာန အပိုင်းနှင့် တိုင်းဒေသကြီးအစိုးရပိုင်းတို့မှ သက်ဆိုင်ရာ ကဏ္ဍများအလိုက် ဆောင်ရွက်နိုင်ရေး ဆွေးနွေး ခဲ့ကြသည်။
ပဲခူးတိုင်းဒေသကြီး၌ ၂၀၂၁-၂၀၂၂ခုနှစ်အတွင်း မိုးစပါး နွေစပါး စုစုပေါင်း ဧက သိန်း ၃၀ ခန့်၊ ပဲမျိုးစုံ ဧက သိန်း ၂၀ ကျော်၊ ဆီထွက်သီးနှံ ဧက လေးသိန်းခန့် နှင့် သီးနှံစုံစိုက်ပျိုးထုတ်လုပ်လျက်ရှိပြီး လာမည့် စိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံနေကြာကို ဧက ၈၅၀၀၀ ကျော် တိုးချဲ့စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။
ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ် သဇင် ရေကျော်ကျေးရွာအုပ်စုရှိ ပုဂ္ဂလိက ငါး၊ ပုစွန် မွေးမြူရေး စခန်း၏ ရေချိုပုစွန်တုပ်ကြီးမျိုး သားဖောက်ခြင်း၊ မွေးမြူရေးတောင်သူများသို့ ဖြန့်ဝေခြင်းလုပ်ငန်း များကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
အလားတူ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပန်းတနော်မြို့နယ် ကျုံတုံးကြီးကျေးရွာ နွေစပါး မျိုးစေ့ထုတ်တောင်သူစိုက်ကွင်းတွင် ဆင့်ပွားမိဘ မျိုးစေ့ (RS) မှ စီးပွားဖြစ်စိုက်ပျိုးရန် (CS) ဆင်းသုခ စပါးမျိုး စိုက်ပျိုးထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး တောင်သူများနှင့်တွေ့ဆုံကာ သဘာဝမြေသြဇာ ဘိုကာရှီ ထုတ်လုပ်သုံးစွဲရေး၊ တောင်သူအချင်းချင်း နည်းပညာဖလှယ်ရေးနှင့် သီးနှံစိုက် စွမ်းအားပြည့် ထုတ်လုပ်နိုင်ရေး ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက် များကို ဆွေးနွေးမှာကြားသည်။
ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် မြောင်းမြမြို့ စိုက်ပျိုးရေးသိပ္ပံကျောင်း၌ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံကာ စိုက်ပျိုး၊ မွေးမြူရေးကို အခြေခံသည့် အသက်မွေးဝမ်းကျောင်းပညာရပ် ကျွမ်းကျင်သူများ တိုးပွားရေး ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် ဒေသ ရေမြေရာသီဥတု အခြေခံကောင်းများကို ဖော်ထုတ် အသုံးချနိုင်သဖြင့် စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်ရေး စွမ်းဆောင်နိုင်သူများအဖြစ် ရပ်တည်နိုင်ရေး လေ့လာသင်ယူကြရန် လိုအပ်ချက် များကို ဆွေးနွေးမှာကြားသည်။ ထို့နောက် ဒုတိယ ဝန်ကြီးက ကျောင်းသား ကျောင်းသူများအတွက် စားသောက်ဖွယ်များကို ပေးအပ်ရာ ကျောင်းသား ကျောင်းသူ ကိုယ်စားလှယ်များက လက်ခံရယူ ခဲ့ကြသည်။
ဆက်လက်၍ မြောင်းမြမြို့ စိုက်ပျိုးရေး သုတေသနဦးစီးဌာန ဒေသသုတေသနဗဟိုဌာနသို့ ရောက်ရှိကြပြီး ဒေသ၏ သီးနှံစိုက်ပျိုးထုတ်လုပ်မှု အတွက် လိုအပ်သော သီးနှံမျိုးများ၊ နည်းပညာနှင့် စျေးကွက်သတင်းအချက်အလက်ဆိုင်ရာ သုတေသန လုပ်ငန်း ဆောင်ရွက်နေမှု၊ သဘာဝနှင့် ဓာတ်မြေသြဇာ ထည့်သွင်းမှုနည်းစနစ် အမျိုးမျိုး၏ အထွက်နှုန်းနှင့် အရည်အသွေးပေါ် အကျိုးသက်ရောက်မှု သုတေသန ပြု စိုက်ခင်းများ၊ မျိုးယှဉ်ပြိုင်စမ်းသပ်ကွက်များကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်