ကုန်ဈေးနှုန်းတွေမြင့်တက်လာခြင်းက မြောက်အာဖရိကကို လှုပ်ခတ်မှုတွေဖြစ်စေ

နှင်းမိုးအိမ် ဒေသတွင်းကို အဓိက ဂျုံမှုန့်တွေ တင်ပို့တဲ့ တိုင်းပြည်နှစ်ခုစလုံးမှာ စစ်ရေးပဋိပက္ခတွေ ဖြစ်ပွားပြီးနောက် အကျိုးဆက်အနေနဲ့ စားသောက်ကုန်ဈေးနှုန်းတွေ မြင့်တက်လာတဲ့အတွက် မြောက် အာဖရိကတစ်ဝန်း အိမ်ထောင်စုတွေဟာ ဂျုံမှုန့်တွေ၊ ရွှေကျီဆန်တွေ နဲ့ တခြားအခြေခံစားသောက်ကုန်တွေကို သိုလှောင်ထားဖို့ အလု အယက် ပြေးဝယ်နေကြပါတယ်။ အကြိတ်အနယ်သူ့ထက်ငါအလုအယက်ပြေးဝယ် ဒီလိုမျိုး အကြိတ်အနယ်သူ့ထက်ငါ အလုအယက်ပြေးဝယ်နေတဲ့ အခြေအနေဟာ ရာမဒန်ဥပုသ်လမတိုင်မီ သီတင်းပတ်အနည်းငယ် အလိုမှာ အခြေအနေတွေ ပိုလို့တောင် ဆိုးလာခဲ့ပါတယ်။ တူနီးရှား၊ မော်ရိုကိုနဲ့ လစ်ဗျားနိုင်ငံတွေနဲ့အတူ တခြားအာရပ် နိုင်ငံတွေဟာ သူတို့ရဲ့ အများဆုံးသော ဂျုံမှုန့်တွေကို ယူကရိန်းနဲ့ ရုရှားနိုင်ငံတို့က တင်သွင်းကြရတာဖြစ်ပါတယ်။ အာရပ်နွေဦးရဲ့ မငြိမ်သက်မှုတွေက ကုန်ဈေးနှုန်းတွေကို ဘယ်လောက်မြင့်တက်စေခဲ့သလဲဆိုတဲ့ အတွေ့အကြုံတွေရှိခဲ့တာ ကြောင့် တချို့က အငတ်ဘေးနဲ့ မငြိမ်သက်မှုတွေဆီ ဦးတည်လာ မှာကို စိုးရိမ်နေကြပါတယ်။ တစ်ယောက်တစ်ကီလိုဝယ်ပေးပါ တူနီးရှားမြို့တော် ဈေးဝယ်ကုန်တိုက်တစ်ခုရဲ့ အစားအသောက် အရောင်းစင်တွေမှာ ဂျုံမှုန့်နဲ့ ရွှေကျီဆန်တွေ ပြောင်တလင်းခါ ကုန်ပြီဖြစ်ပါတယ်။ သကြား သုံးအိတ်ပဲကျန်နေတာ တွေပါတယ်။ အဲဒီသကြားအိတ်တွေဘေးမှာလည်း တစ်ယောက်လျှင် တစ်ကီလိုသာ ကျေးဇူးပြုပြီး ဝယ်ပေးကြပါဆိုတဲ့ စာတန်းကိုလည်း ချိတ်ဆွဲထားပါ တယ်။ စတိုးဆိုင်မန်နေဂျာက အဓိကပြဿနာက စုပြုံပြီး အလုအယက် ဝယ်ယူကြတာပဲဖြစ်ပါတယ်။ ကုန်ပစ္စည်းပြတ်တဲ့ ပြဿနာမဟုတ်ပါ ဘူးလို့ပြောပါတယ်။ ဈေးဝယ်သူတစ်ဦးဖြစ်တဲ့ ဟူဒါဟာဂျစ်ကတော့ သီတင်းပတ် နှစ်ပတ်လောက် ဆန်နဲ့ ဂျုံတွေကို ရှာလို့ကို မရဘူးလို့ ပြောကြား လိုက်ပါတယ်။ ဈေးဝယ်မှုကို ရိုက်ခတ်စေခဲ့ ဧပြီလအစောပိုင်းမှာ စတင်ရောက်ရှိလာတော့မယ့် ရာမဒန်ကာလ မတိုင်မီ အလုအယက်စုပြုံတိုးဝှေ့ဝယ်ယူကြတာဟာ အာရပ်နိုင်ငံတွေ အတွက် ဖြစ်ရိုးဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။ သို့သော်လည်း တချို့က ယူကရိန်းစစ်ရေးပဋိပက္ခက ဈေးဝယ်မှုအပေါ် ရုတ်ရုတ်သဲသဲ ထိန်းမနိုင် သိမ်းမရ ရိုက်ခတ်စေခဲ့တယ်လို့ ပြောပါတယ်။ တူနီးရှားဈေးဝယ်ကုန်တိုက်ပိုင်ရှင်များ သမဂ္ဂမှ ဟေဒီဘာကောက ရွှေကျီဆန်ရောင်းအားမြင့်တက်မှုဟာ မကြာသေးမီက ၇၀၀ ရာခိုင်နှုန်းအထိ ခုန်တက်လာခဲ့တယ်လို့ ပြောပါတယ်။ တူနီးရှားပြည်သူတွေဟာ အခြေခံစားသောက်ကုန်တွေကို အစုလိုက်စုပြုံဝယ်ယူခဲ့တာကြောင့် သကြားရောင်းအားကလည်း သုံးဆအထိ မြင့်တက်လာခဲ့ပါတယ်။ အနာဂတ်အတွက် စိုးရိမ်ပူပန်မိတယ် နေ့စဉ်ရက်ဆက်ဆိုသလို အသက် ၆၆ နှစ်ရှိ ပင်စင်စားတစ်ဦးဖြစ်တဲ့ ဟေဒီဘိုလစ်ဟာ သူ့နေရာနဲ့ မနီးမဝေးမှာရှိတဲ့ ကုန်စုံဆိုင်ကိုသွားပြီး စားဆီနဲ့ ရွှေကျီဆန်တွေလိုမျိုး အခြေခံစားသောက်ကုန်တွေကို နေ့စဉ်လာဝယ်လေ့ရှိပါတယ်။ ကုန်ဈေးနှုန်းနှစ်ဆမြင့်တက်လာတယ် ဆိုရင်တောင် သူ့အနေနဲ့ ဒီအတွက်ပေးဖို့ အဆင်သင့်ပဲလို့ သူက ပြောပါတယ်။ မုန့်ဖုတ်သူတစ်ဦးဖြစ်တဲ့ တယ်လ်ဘီကတော့ အရင်ကထက် ဂျုံမှုန့်တွေကို သုံးဆပေးဝယ်နေရတယ်လို့ ပြောပါတယ်။ တကယ့် ရုရှား-ယူကရိန်းပဋိပက္ခက ကုန်ဈေးနှုန်းအပေါ် တိုက်ရိုက် ရိုက်ခတ်လား၊ မရိုက်ခတ်ဘူးလားဆိုတာကိုတော့ သေချာမသိပါဘူးလို့ သူက ဆက်ပြောပါတယ်။ အနာဂတ်အတွက် စိုးရိမ်ပူပန်မိတယ်လို့ တယ်လ်ဘီက ပြောပါ တယ်။ လောင်စာဆီနဲ့သူဌေးဖြစ်နေတဲ့ လစ်ဗျားဟာ သူ့ရဲ့ ဂျုံမှုန့် ၇၅ ရာခိုင်နှုန်းကို ရုရှားနဲ့ ယူကရိန်းနိုင်ငံက ရပါတယ်။ မော်ရိုကိုကလည်း ထို့အတူပဲ ရုရှားနဲ့ ယူကရိန်းကို အဓိက မှီခိုနေရပါတယ်။ မြောက်အာဖရိကမှာ ကုန်ဈေးနှုန်းတွေ မြင့်တက် အယ်လ်ဂျီးရီးယားကတော့ သူ့ရဲ့ ဂျုံမှုန့်တင်သွင်းမှုကို အရှေ့ပိုင်း ဥရောပနိုင်ငံတွေက မယူဘဲ အာဂျင်တီးနား သို့မဟုတ် ပြင်သစ်နိုင်ငံက ယူပါတယ်။ ဂျုံမှုန့်ပြတ်တောက်ခြင်း မရှိပါဘူး။ ဂျုံမှုန့်တင်သင်္ဘောတွေ ပုံမှန် အယ်လ်ဂျီးရီးယားဆိပ်ကမ်းကို ဝင်တယ်လို့ ဆိပ်ကမ်းတာဝန်ရှိသူ မူစတာဖာက ပြောပါတယ်။ ရုရှားက ယူကရိန်းကို စစ်ရေးမဆင်နွှဲခင် လွန်ခဲ့တဲ့ နှစ်ပတ် ကတည်းက မြောက်အာဖရိကမှာ ကုန်ဈေးနှုန်းတွေ မြင့်တက်ခဲ့တာ ဖြစ်ပါတယ်။ မော်ရိုကို အရာရှိတစ်ဦးဖြစ်တဲ့ ဖော်ဇီလက်ခ်ဂျာက ကိုဗစ်-၁၉ ကြောင့် အခြေအနေဆိုးနဲ့ ကြုံတွေ့ခဲ့တဲ့ ကမ္ဘာ့စီးပွားရေးအပေါ် သုံးသပ်ပြပါတယ်။ စီးပွားရေးပြန်ထလာမှုနဲ့အတူ စီရီယယ်နဲ့ ဆီထွက် ထုတ်ကုန်တွေ ဈေးမြင့်တက်လာတာဖြစ်တယ်လို့ သူက ပြောပါတယ်။ ရာသီဥတုပြောင်းလဲခြင်းနဲ့ မိုးခေါင်ခြင်းကို အပြစ်တင် အခုလိုမျိုး အခြေအနေဖြစ်ပေါ်လာတဲ့အပေါ် မော်ရိုကိုမြို့တော် ရာဘတ်မှာနေတဲ့ ဈေးသည်တစ်ဦးဖြစ်တဲ့ အသက် ၃၇ နှစ် အရွယ် မိုရက်က ဆယ်စုနှစ်အတွင်းမှာ အဆိုးရွားဆုံးဖြစ်ခဲ့တဲ့ ရာသီဥတု ပြောင်းလဲခြင်းနဲ့ မိုးခေါင်ခြင်းကိုလည်း အပြစ်ဖို့ရမယ်လို့ ပြောခဲ့ပါ တယ်။ တတ်နိုင်တဲ့ ကုန်ဈေးနှုန်းတွေဖြစ်ဖို့နဲ့ ၁၉၈၀ ပြည့်လွန်နှစ်က ပေါ်ပေါက်ခဲ့တဲ့ ပေါင်မုန့်အဓိကရုဏ်း ထပ်မဖြစ်ဖို့ တူနီးရှားဟာ သကြား၊ ရွှေကျီဆန်နဲ့ အီတလီခေါက်ဆွဲခြောက်လိုမျိုး အခြေခံ စားသောက်ကုန်တွေကို ငွေကြေးထောက်ပံ့မှုတွေ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေက ပြင်သစ်ပေါင်မုန့်တစ်ခုကို အမေရိကန်ဒေါ်လာ ခြောက်ဆင့်သတ်မှတ်ပေးခဲ့တာ ရှိခဲ့ဖူး ပါတယ်။ အယ်လ်ဂျီးရီးယားဟာ အခြေခံစားသောက်ကုန်တွေအပေါ် ထောက်ပံ့မှုတွေ ဖျက်သိမ်းဖို့ စီစဉ်ထားသော်လည်း အခုထက်ထိတော့ မလုပ်ရသေးပါဘူး။ ကုန်ဈေးနှုန်းတွေ မိုးထိမြင့်တက်လာမှာကို စိုးရိမ် လစ်ဗျားမှာလည်း ဝန်ကြီးချုပ်နှစ်ဦးရဲ့ အားပြိုင်မှုကြောင့် ပဋိပက္ခ တွေ ထပ်ပြီးဖြစ်လာမှာကို စိုးရိမ်နေသလို ကုန်ဈေးနှုန်းတွေ မိုးအထိ မြင့်တက်လာမယ့်အခြေအနေကိုလည်း စိုးရိမ်နေကြပါတယ်။ ထရီပိုလီလက်ကားဈေးတစ်ခုမှာလည်း ဈေးသည်တစ်ဦးဖြစ်တဲ့ ဆာလေမော့စ်ဘက်က မသမာတဲ့ ကုန်သည်တွေကို ပြစ်တင်လိုက်ပါ တယ်။ သူတို့က ပဋိပက္ခတစ်ခုပေါ်လာတိုင်း အကျိုးအမြတ်ရချင်နေ တာလို့ သူက ပြောလိုက်ပါတယ်။ ကိုးကား- အေအက်ဖ်ပီ