အဋ္ဌမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ တတိယအစည်းအဝေးကျင်းပ

 

ရန်ကုန်  မတ်    ၁၁


အဋ္ဌမအကြိမ် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ တတိယအစည်းအဝေးကို ယနေ့ နံနက် ၈ နာရီတွင် ရန်ကုန်မြို့   မရမ်းကုန်းမြို့နယ်     သီရိမင်္ဂလာ ကမ္ဘာ အေးကုန်းမြေ  ဆဋ္ဌသင်္ဂါယနာတင် မဟာပါသာဏ လိုဏ်ဂူသိမ်တော်ကြီး၌ ကျင်းပသည်။


အစည်းအဝေးသို့    နိုင်ငံတော်သြဝါဒါစရိယ ဆရာတော်ကြီးများ၊ နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများ၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ကြီးများ       ကြွရောက်တော်မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကိုကို၊ သာသနာရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်နှင့် အရာထမ်း/အမှုထမ်းများ၊ တိုင်းဒေသ ကြီး/ ပြည်နယ် သာသနာရေးမှူးများ  တက်ရောက် ကြည်ညိုကြသည်။


ရှေးဦးစွာ အဋ္ဌမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ တတိယအစည်းအဝေးသို့  ကြွရောက် တော်မူလာကြသော နိုင်ငံတော်ဩဝါဒါစရိယ ဆရာ တော်ကြီးများ၊ နိုင်ငံတော်သံဃမဟာနာယက ဆရာ တော်ကြီးများ၊    နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ကြီးများကို သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ သာသနာ ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူ များ၊ တိုင်းဒေသကြီး/ ပြည်နယ်သာသနာရေးမှူးများ က နဝကမ္မဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းသည်။    


အစည်းအဝေး၏ သဘာပတိဆရာတော်အဖြစ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ဥက္ကဋ္ဌ အဘိဓဇ မဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဒမ္မ ဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ က ဆောင်ရွက်တော် မူပြီး အခမ်းအနားမှူးဆရာတော်အဖြစ်    တွဲဖက် အကျိုးတော်ဆောင်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ     ဘဒ္ဒန္တသေဋ္ဌိလ  က ဆောင်ရွက်တော်မူသည်။


ယင်းနောက်   အခမ်းအနားမှူးဆရာတော်က အစည်းအဝေးစတင်ကြောင်းနှင့်   ကြွရောက်တော် မူလာကြသော   နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်များ၏  အရေအတွက်ကို    ဖတ်ကြား လျှောက်ထားပြီး ၈၀ ရာခိုင်နှုန်း တက်ရောက်သဖြင့် အစည်းအဝေး    ထမြောက်အောင်မြင်ကြောင်း ကြေညာသည်။


ထို့နောက် အစည်းအဝေးသို့ ကြွရောက်တော်မူ လာကြသော  ဆရာတော်များက      “သာသနဿ စ လောကဿ   ဝုဍ္ဎိ ဘဝတု   သဗ္ဗဒါ”    အစချီသော (၂)ဂါထာကို တညီတညွတ်တည်း သုံးကြိမ်ရွတ်ဆို လျက် အခမ်းအနားကို ဖွင့်လှစ်တော်မူကြသည်။ 
ယင်းနောက် အစည်းအဝေးကျင်းပမည့် ၁၃၈၃  ခုနှစ် တပေါင်းလဆန်း (၁၀၊ ၁၁၊ ၁၂) ၂၀၂၂ ခုနှစ် မတ်လ (၁၁၊ ၁၂၊ ၁၃)  ရက်များအတွက်   အစည်း အဝေးအစီအစဉ်ကို အကြမ်းဖျင်းလျှောက်ထားပြီး အစည်းအဝေးကြီး၏ အတည်ပြုချက်ကိုရယူသည်။


ဆက်လက်၍ အခမ်းအနားမှူးဆရာတော်က ယနေ့ဖြန့်ဝေ  ဆက်ကပ်ထားသော အစီအစဉ်တွင် ပါရှိသည့်အတိုင်း   အစည်းအဝေးကျင်းပသွားမည် ဖြစ်ကြောင်း   လျှောက်ထားသည်။    ထို့နောက် နိုင်ငံတော်သြဝါဒါစရိယ       ဆရာတော်ကြီးများ၏ သြဝါဒကထာများကို နာယူကြသည်။


ယင်းနောက် အစည်းအဝေးသဘာပတိ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ဥက္ကဋ္ဌ      ဆရာတော် ​ ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသ က   အစည်းအဝေး ဖွင့် သာရဏီယ သြဝါဒကထာကို မြွက်ကြားတော်မူ သည်။ (ဒေါက်တာဘဒ္ဒန္တ ကုမာရာဘိဝံသ  ဆရာ တော်၏ သာရဏီယ သြဝါဒကထာကို  စာမျက်နှာ ၇ ၌ သီးခြားဖော်ပြထားပါသည်။)


ထို့နောက် သာသနာရေးနှင့်  ယဉ်ကျေးမှုဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက သာသနာရေး ဆိုင်ရာများလျှောက်ထားသည်။


ဆက်လက်၍  ၁၃၈၁ ခုနှစ် တပေါင်းလမှ ယနေ့ အထိကာလအတွင်း  ပျံလွန်တော်မူသွားကြသော နိုင်ငံတော်သြဝါဒါစရိယ      ဆရာတော်ကြီးများ၊ နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများ၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်   ဆရာတော်ကြီး များနှင့် တိပိဋကဓရ၊  တိပိဋကကောဝိဒ တိပိဋကဓမ္မ ဘဏ္ဍာဂါရိက ဆရာတော်တို့အတွက် သံဝေဂဉာဏ် ပွားတော်မူကြောင်း မှတ်တမ်းတင်သည်။


ယင်းနောက် အစားထိုး  ရွေးချယ်တင်မြှောက် ခြင်းခံရသော နိုင်ငံတော်သြဝါဒါစရိယ ဆရာတော် များနှင့် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော် များ၏ ဘွဲ့အမည်စာရင်းကို တင်သွင်း၍ အတည်ပြု ချက်ရယူသည်။


၁၃၈၁ ခုနှစ် တပေါင်းလမှ ယနေ့အထိ ကာလ အတွင်း ဆောင်ရွက်ခဲ့သော နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့၏ အစီရင်ခံစာအကျဉ်းကို အကျိုးတော် ဆောင်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တစန္ဒိမာဘိဝံသ က   တင်သွင်း လျှောက်ထားပြီး နံနက်ပိုင်းအစည်းအဝေးကို ရပ်နား သည်။


မွန်းလွဲပိုင်းတွင်   အစည်းအဝေးကို   ဆက်လက် ကျင်းပရာ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော် များက တင်ပြလာသော  အကြံဉာဏ်များကို တွဲဖက် အကျိုးတော်ဆောင်ဆရာတော်   အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ   ဘဒ္ဒန္တသေဋ္ဌိလ   က ရှင်းလင်းပြန်ကြားလျှောက်ထားသည်။


ယင်းနောက်    တာဝန်ကျရာ   ကာလအတွင်း ဆောင်ရွက်ခဲ့သော နိုင်ငံတော်သံဃမဟာနာယက အဖွဲ့၏  အစီရင်ခံစာများဖြစ်သည့်  ဝိနိစ္ဆယရေးရာ အစီအရင်ခံစာကို     အဂ္ဂမဟာဂန္ထ ဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊    ဒွိပိဋကဓရ ဘဒ္ဒန္တ နာဂိတ  ဆရာတော်က လည်းကောင်း၊  သာသနာ ရေးရာအစီရင်ခံစာကို အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ မဟာကမ္မဋ္ဌာနာ စရိယ ဘဒ္ဒန္တပညာဝံသ ဆရာတော် က လည်းကောင်း၊    ပညာရေးရာအစီရင်ခံစာကို  အဂ္ဂမဟာ  ဂန္ထဝါစကပဏ္ဍိတ၊     အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ၊        ဓမ္မကထိက   ဗဟုဇနဟိတဓရ ဒေါက်တာ   ဘဒ္ဒန္တဝိစက္ခဏာ လင်္ကာရာ  ဘိဝံသ ဆရာတော်က လည်းကောင်း ဖတ်ကြားတင်သွင်းပြီး အဋ္ဌမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ တတိယအစည်းအဝေး  အစီအစဉ်များကို   ရပ်နား သည်။


ယနေ့ အစည်းအဝေးသို့   ကြွရောက်တော်မူ လာကြသည့်  ဆရာတော်ကြီးများအား  တစ်နေ့တာ ဆွမ်းအလှူရှင်အဖြစ်  ဦးသိန်းမောင် ဇနီး ဒေါ်ပါးပါး၊ စန္ဒီပရဆေး မိသားစု  အမှတ် ၂၄၀  ကုန်စျေးတန်း လမ်းမှ ဆက်ကပ်လှူဒါန်းသည်။ 


သတင်းစဉ်