
နေပြည်တော် မတ် ၁၀
ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့က ဦးဆောင်၍ ထိုင်း-မြန်မာနှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုတွင် ဘတ်/ ကျပ် တိုက်ရိုက် အသုံးပြုပေးချေရေးဆိုင်ရာ လုပ်ငန်းစဉ်များ ရှင်းလင်းညှိနှိုင်းအစည်း အဝေးကို ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင် Virtual Meeting ဖြင့် ကျင်းပသည်။
အစည်းအဝေးသို့ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန် မြန်ဆန်စေရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွန့်အောင်၊ မြန်မာ နိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီတွဲဖက် အတွင်းရေးမှူး ဗိုလ်မှူးချုပ် ရန်နောင်စိုး၊ ကုန်သွယ်ရေးဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်စာရင်းဌာန၊ မြန်မာ့စီးပွားရေးဘဏ်၊ ပြည်တွင်းအခွန်များဦးစီးဌာနတို့မှ တာဝန်ရှိသူ များ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ လုပ်ငန်းကော်မတီအဖွဲ့ဝင်များ၊ Designated Bank အဖြစ် ဆောင်ရွက်ခွင့်ပြုထားသည့် ဧရာဝတီ တောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ်နှင့် Kasikornbank Public Company တို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် နှစ်နိုင်ငံနယ်စပ်ဒေသများဖြစ်သည့် မြဝတီနှင့် တာချီလိတ်ဒေသများတွင် ဘတ်/ကျပ် တိုက်ရိုက်ပေးချေမှုစနစ် အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများအကြား ပေါင်းစပ်ညှိနှိုင်းရေးကိစ္စ၊ စမ်းသပ်ကာလ (Pilot Period) အဖြစ် မတ် ၂၁ ရက်မှစတင်၍ သုံးလ စမ်းသပ် ဆောင်ရွက်ရန်ကိစ္စ၊ မြေပြင်တွင် ဌာနများအကြား ပူးပေါင်းဆောင်ရွက်မှု အဆင်ပြေချောမွေ့စေရေးအတွက် အထောက်အကူပြုအဖွဲ့ ဖွဲ့စည်းရေး ကိစ္စ၊ ကုန်သည်လုပ်ငန်းရှင်များသို့ နယ်စပ်ကုန်သွယ်မှုတွင် ဘတ်/ကျပ် တိုက်ရိုက်အသုံးပြုပေးချေရေးဆိုင်ရာ လမ်းညွှန်ချက် (Guideline) အား ရှင်းလင်းခြင်းအစီအစဉ် (Public Awareness) ကို မတ်လ တတိယ ပတ်အတွင်း ဆောင်ရွက်ရန်ကိစ္စ၊ ဘတ်/ကျပ် ဈေးကွက်ငွေလဲလှယ်နှုန်း ကို အသုံးပြုဆောင်ရွက်နိုင်ရေးနှင့် ကုန်သွယ်မှုမှရရှိသည့် ဘတ်ငွေကို မြန်မာကျပ်သို့လဲလှယ်၍ ငွေသားပြန်လည်ထုတ်ယူရာတွင် အဆင်ပြေ ချောမွေ့စေရေးကိစ္စ၊ ကုန်သွယ်မှုဆိုင်ရာ သတင်းအချက်အလက်များအား သတင်းပေးပို့တင်ပြပေးရန် ကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်