
နေပြည်တော် မတ် ၁၀
တတိယအကြိမ်မြောက် မြန်မာ-ထိုင်း တပ်မတော် နှစ်ရပ်အကြား ယဉ်ကျေးမှုဖလှယ်ပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ထိုင်းဘုရင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးကဇာတ်ရုံ၌ ကျင်းပသည်။
အဆိုပါဖျော်ဖြေပွဲသို့ ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် Gen. Chalermphon Srisawadi ၊ ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၊ Department of Border Affairs မှ Director ဖြစ်သူ Lt. Gen.Pongtep Gaewchaiyo ၊ ထိုင်းဘုရင့်တပ်မတော်ယဉ်ကျေးမှုအဖွဲ့ခေါင်းဆောင် Maj. Gen. Krittaphum Luckklai နှင့် တာဝန်ရှိသူ များ၊ ထိုင်းဘုရင့်တပ်မတော်မှ အဆင့်မြင့်အရာရှိကြီး များ၊ အရာရှိ၊ စစ်သည်များ၊ မြန်မာစစ်သံ(ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် ခွန်နေထွန်းဦး၊ မြန်မာ့ တပ်မတော် ယဉ်ကျေးမှုအဖွဲ့ခေါင်းဆောင် ဗိုလ်မှူး ချုပ် ရဲရင့်အောင်နှင့် နှစ်နိုင်ငံတပ်မတော်ယဉ်ကျေးမှုအဖွဲ့များ တက်ရောက်ကြည့်ရှု အားပေးကြသည်။
ကပြဖျော်ဖြေ
ဦးစွာ အခမ်းအနားသို့ ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရောက်ရှိပြီး မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ)နှင့် မြန်မာ့တပ်မတော်ယဉ်ကျေးမှု အဖွဲ့ခေါင်းဆောင်တို့ကို တွေ့ဆုံနှုတ်ဆက်ကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။ ထို့နောက် ကဇာတ်ရုံအတွင်း၌ နှစ်နိုင်ငံ ယဉ်ကျေးမှုဖလှယ်ပွဲ ကို ဆက်လက်ကျင်းပရာ မြန်မာ့တပ်မတော် ယဉ်ကျေးမှုအဖွဲ့မှ အရာရှိ၊ စစ်သည်များနှင့် ထိုင်းဘုရင့်တပ်မတော်ယဉ်ကျေးမှုအဖွဲ့မှ အရာရှိ၊ စစ်သည်များ၏ နှစ်နိုင်ငံ တေးသီချင်း၊ အက၊ အလှ များဖြင့် ကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေး ကြသည်။
ယဉ်ကျေးမှုဖလှယ်ပွဲအပြီးတွင် ထိုင်းဘုရင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မြန်မာ့ တပ်မတော် ယဉ်ကျေးမှုအဖွဲ့ကို လည်းကောင်း၊ မြန်မာနိုင်ငံမှ ကိုယ်စားလှယ်တစ်ဦးက ထိုင်းဘုရင့် တပ်မတော်ယဉ်ကျေးမှုအဖွဲ့ကိုလည်းကောင်း ဂုဏ်ပြု ပန်းစည်းနှင့် ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များ၊ နှစ်နိုင်ငံ ယဉ်ကျေးမှု အဖွဲ့ဝင်များသည် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်း လိုက်သည်။
ချစ်ကြည်ရင်းနှီးမှုပိုမိုတိုးမြှင့်ခိုင်မာ
မြန်မာ့တပ်မတော်နှင့် ထိုင်းဘုရင့်တပ်မတော်ယဉ်ကျေးမှုအဖွဲ့များအနေဖြင့် တပ်မတော် နှစ်ရပ် အကြား ယဉ်ကျေးမှုဖလှယ်ရေးအစီအစဉ်အရ ယဉ်ကျေးမှုဖလှယ်ပွဲများကို ပထမအကြိမ်အဖြစ် ၂၀၁၈ ခုနှစ် မေ ၂၈ ရက်မှ ၃၁ ရက်အထိ ထိုင်းနိုင်ငံ က အိမ်ရှင်အဖြစ်လည်းကောင်း၊ ဒုတိယအကြိမ်အဖြစ် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်မှ ၁၅ ရက်အထိ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လည်းကောင်း ကျင်းပခဲ့ခြင်းဖြစ်သည်။ မြန်မာ့တပ်မတော် ယဉ်ကျေး မှုအဖွဲ့အနေဖြင့် ယဉ်ကျေးမှုဖလှယ်ပွဲများတွင် မိမိနိုင်ငံ၊ မိမိလူမျိုး၏ ယဉ်ကျေးမှုအဆင့်အတန်းနှင့် အမျိုးသားယဉ်ကျေးမှုကို ဖော်ထုတ်ပြသနိုင်ခဲ့ပြီး နှစ်နိုင်ငံနှင့် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးမြှင့်ခိုင်မာလာစေရေး ဆောင်ရွက်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်