(၁၃၃)ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲမင်္ဂလာအခမ်းအနား ကျင်းပ

နေပြည်တော် မတ် ၁၀ (၁၃၃)ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းမြတ် ရွတ်ဖတ် ပူဇော်ပွဲ ဖွင့်ပွဲမင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၁၀နာရီတွင် နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော် မြတ်ကြီး လိုဏ်ဂူတော်အတွင်း၌ ကျင်းပသည်။ အခမ်းအနားသို့ ဥပ္ပါတသန္တိစေတီတော် ဂေါပက အဖွဲ့၏ ဩဝါဒါစရိယဆရာတော် နေပြည်တော် ပျဉ်းမနားမြို့ မဟာဝိသုတာရာမ ဈေးကုန်းကျောင်း တိုက်ဆရာတော် ဂန္ထဝါစကပဏ္ဍိတ၊ မဟာဂန္ထဝါစက ပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တစန္ဒော ဘာသအမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက်တော်မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ကျော်စိုးဦး၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦး၊ နေပြည်တော် သာသနာရေးမှူး၊ ဂေါပက အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက် ကြည်ညိုကြသည်။ ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ် ရွတ်ဆို ဘုရားကန်တော့၍ စတင်ဖွင့်လှစ်ပြီး အခမ်း အနားမှူးက ဒေဝနိမန္တနဂါထာကို ဖတ်ကြား၍ နတ်ဗြဟ္မာများကို ပင့်ဖိတ်သည်။ ထို့နောက် နေပြည်တော် ပျဉ်းမနားမြို့ မဟာဝိ သုတာရာမ ဈေးကုန်းကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တစန္ဒောဘာသထံမှ ဧည့်ပရိသတ်များက ငါးပါး သီလခံယူ ဆောက်တည်ကြသည်။ ယင်းနောက် အခမ်းအနားမှူးက ပဋ္ဌာန်း ရောင်ခြည်တော်ဖွင့်ဂါထာကို ရွတ်ဖတ်ပူဇော်သည်။ ဆက်လက်၍ ဒုတိယဝန်ကြီး ဦးအေးထွန်း၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ကျော်စိုးဦး၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦးနှင့် တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်များအား ပဋ္ဌာန်းကျမ်းစာအုပ်များနှင့် ပဋ္ဌာန်းပရိတ်အိုးများကို ဆက်ကပ်ကြသည်။ ထို့နောက် ဆရာတော် ၊ သံဃာတော်များဦးဆောင် ၍ ဧည့်ပရိသတ်များက ပဋ္ဌာန်းပစ္စယုဒ္ဒေသ ပါဠိ တော်ကို ရွတ်ဖတ်ပူဇော်ကြပြီး ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းလိုက်ကာ ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။ အဆိုပါ အသံမစဲမဟာပဋ္ဌာန်းမြတ် ရွတ်ဖတ် ပူဇော်ပွဲအခမ်းအနားကို မတ် ၁၀ ရက်မှ ၁၄ ရက်အထိ ငါးရက် တိုင်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ သတင်းစဉ်