အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇)ပါးစုံညီ ဒသမအစည်းအဝေး ပထမနေ့ကျင်းပ

ရန်ကုန်    မတ်    ၈


ပြည်ထောင်စုသမ္မတ    မြန်မာ နိုင်ငံတော် အဋ္ဌမအကြိမ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (၄၇)ပါး စုံညီ ဒသမအစည်းအဝေး ပထမ နေ့ကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်မြို့ သီရိမင်္ဂလာ ကမ္ဘာအေး ကုန်းမြေရှိ ဆဋ္ဌသင်္ဂါယနာတင် မဟာပါသာဏလိုဏ်ဂူ သိမ်တော် ကြီး၌ ကျင်းပသည်။


တက်ရောက်ကြည်ညို


အစည်းအဝေးသို့ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့    ဥက္ကဋ္ဌ  မန္တလေးမြို့    ဗန်းမော်ကျောင်း တိုက် ဆရာတော် အဘိဓဇမဟာ ရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မ  ဇောတိက     ဒေါက်တာဘဒ္ဒန္တ ကုမာရာဘိဝံသ    အမှူးပြုသည့် နိုင်ငံတော်   သံဃမဟာနာယက အဖွဲ့ဝင်    ဆရာတော်ကြီးများ၊ သာသနာရေးနှင့်    ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊    တိုင်း ဒေသကြီး / ပြည်နယ်  သာသနာ ရေးမှူးများနှင့်   တာဝန်ရှိသူများ တက်ရောက်ကြည်ညိုကြသည်။


အစည်းအဝေးတွင် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့  ဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု    အဘိဓဇ အဂ္ဂမဟာ      သဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသက 


 


သဘာပတိအဖြစ် ဆောင်ရွက်ပြီး တွဲဖက်အကျိုးတော်ဆောင် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တသေဋ္ဌိလက အခမ်းအနားမှူးအဖြစ် ဆောင်ရွက်သည်။


အခမ်းအနားမှူး  ဆရာတော်က  အစည်းအဝေးစတင်ကြောင်း နှင့်  ကြွရောက်တော်မူလာကြသော  နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများ၏ အရေအတွက်ကို ဖတ်ကြားလျှောက်ထားပြီး အစည်းအဝေးထမြောက်အောင်မြင်ကြောင်း ကြေညာသည်။
ရှေးဦးစွာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသက  အစည်းအဝေးဖွင့်  သာရဏီယ သြဝါဒကထာကို မြွက်ကြားသည်။


(သာရဏီယ သြဝါဒကထာကို စာမျက်နှာ ၃ တွင် သီးခြားဖော်ပြ ထားပါသည်) 
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက သာသနာရေးဆိုင်ရာ များ လျှောက်ထားသည်။


ယင်းနောက် အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (ပထမအဖွဲ့ခွဲ)၏    တတိယအကြိမ်    တာဝန်ကျရာကာလအတွင်း ဆောင်ရွက်ချက်အစီရင်ခံစာအကျဉ်းကို တာဝန်ကျအဖွဲ့ခွဲ၏ကိုယ်စား တွဲဖက်အကျိုးတော်ဆောင်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ  သဒ္ဓမ္မ  ဇောတိကဓဇ  ဘဒ္ဒန္တသေဋ္ဌိလကလည်းကောင်း၊  အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့(ပထမအဖွဲ့ခွဲ)၏ တတိယအကြိမ် တာဝန်ကျရာကာလအတွင်း ဆောင်ရွက်ချက်အစီရင်ခံစာကို အဖွဲ့ဝင် ဆရာတော်များကလည်းကောင်း ကဏ္ဍအလိုက် တင်သွင်းလျှောက်ထား သည်။ 


ဝေဖန်ဆွေးနွေး


ဆက်လက်၍ ဝိနိစ္ဆယဆိုင်ရာကိစ္စများ၊ သာသနာ့ရေးရာကိစ္စများကို တင်ပြလျှောက်ထားရာ  တာဝန်ကျအဖွဲ့ခွဲ ဆရာတော်များက  ဝေဖန် ဆွေးနွေးကြပြီး   အစည်းအဝေးကို   နံနက်ပိုင်းတွင်   ရပ်နားသည်။ ထို့နောက် ကမ္ဘာအေးကုန်းမြေရှိ မဟာနာယကကျောင်းတော်ကြီး၌ သီတင်းသုံးတော်မူလျက်ရှိကြသော နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများအား    သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဦးကိုကိုနှင့်  ဒုတိယဗိုလ်ချုပ်ကြီးရဲမြင့်(ငြိမ်း)တို့က နေ့ဆွမ်း ဆက်ကပ်လှူဒါန်းကြသည်။


ဆက်လက်၍        သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဗန်းမော်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသနှင့် အကျိုးတော်ဆောင်  သန်လျင်မင်းကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသတို့ထံ ဖူးမြော်ကြည်ညိုပြီး  သာသနာရေးဆိုင်ရာများ လျှောက်ထားကာ နဝကမ္မ အလှူတော်ငွေတို့ ကို ဆက်ကပ်လှူဒါန်းသည်။ ယင်းနောက် အစည်းအဝေး ပထမနေ့ (ဒုတိယပိုင်း)ကို မွန်းလွဲ ၁ နာရီတွင် ဆက်လက်ကျင်းပခဲ့ပြီး ဝိနိစ္ဆယ ဆိုင်ရာကိစ္စများ၊ သာသနာ့ရေးရာကိစ္စများကို တင်ပြလျှောက်ထားကြရာ တာဝန်ကျအဖွဲ့ခွဲ ဆရာတော်များက  ဝေဖန်ဆွေးနွေးတော်မူကြပြီး အစည်းအဝေးကို မွန်းလွဲပိုင်းတွင် ရပ်နားသည်။


နေ့ဆွမ်းဆက်ကပ်


ယနေ့အစည်းအဝေးသို့ ကြွရောက်တော်မူလာကြသော နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများအား အရုဏ်ဆွမ်းအလှူရှင် အဖြစ် ဦးဇေသူအောင်နှင့် ဇနီး ဒေါ်ပွင့်ငုံ မိသားစုနှင့် နေ့ဆွမ်းအလှူရှင် အဖြစ်    ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (ငြိမ်း)နှင့်  ဇနီး  ဒေါ်ကြိုင်ကြိုင် အမှူးပြုသည့်  ဓမ္မမိတ်ဆွေများက  နေ့ဆွမ်း ဆက်ကပ်လှူဒါန်းကြ သည်။     


သတင်းစဉ်