
မြစ်ကြီးနား မတ် ၆
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာန စိုက်ပျိုးရေးသိပ္ပံ (မြစ်ကြီးနား) ၏ စတုတ္ထအကြိမ်မြောက် စိုက်ပျိုးရေးဒီပလိုမာ အပ်နှင်းပွဲကို မတ် ၆ ရက် နံနက် ၉ နာရီခွဲက မြစ်ကြီးနားမြို့ ပမ္မတီးရပ်ကွက် အဆိုပါကျောင်းရှိ ဧရာမြစ်ဆုံခန်းမ၌ ကျင်းပရာ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ပြည်နယ်ဝန်ကြီး များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက် သည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့ ကချင်ပြည်နယ်သည် မြေပေါ် မြေအောက် သယံဇာတများ ပြည့်စုံကုံလုံနေရုံသာမက တိုးချဲ့ စိုက်ပျိုးရန် မြေလွတ်မြေလပ်များ ရှိနေသေးခြင်း၊ မြေဆီ၊မြေနှစ်ကောင်းမွန်ခြင်း အစရှိသည့် သဘာဝ အားသာချက်များရှိသည့်အတွက် အလယ်အလတ် အဆင့် စိုက်ပျိုးရေးပညာရှင်များဖြစ်သည့် ကျောင်းဆင်းမောင်မယ်များအနေဖြင့် စျေးကွက် လိုအပ်ချက်နှင့် ကိုက်ညီသော သီးနှံများ ပိုမိုထုတ်လုပ် နိုင်ရေး၊ တောင်သူလယ်သမားများ၏ လူမှုဘဝ မြင့်မားစေရေးအတွက် ခေတ်မီစိုက်ပျိုးနည်းပညာ များ ကျွမ်းကျင်စွာ တက်မြောက်စွမ်းဆောင်နိုင်မည့် လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရေး အတွက် တတ်စွမ်းသမျှ ကြိုးစားဆောင်ရွက်သွား ကြရန် လိုအပ်ကြောင်း တိုက်တွန်းအမှာစကား ပြောကြားသည်။
ထို့နောက် စိုက်ပျိုးရေးသိပ္ပံ ကျောင်းအုပ်ကြီး ဦးမျိုးသန့်က ကျောင်းဆင်းမောင်မယ်များအား ကျောင်းဆင်း ကတိကဝတ်များကို ကတိပြု ဖြေကြားစေပြီး ဒီပလိုမာလက်မှတ်များကို အပ်နှင်း ပေးအပ်ရာ အခမ်းအနားသို့ တက်ရောက် ကျောင်းသား ကျောင်းသူ ၂၄ ဦးနှင့် အဝေးရောက် ကျောင်းသား ကျောင်းသူ ၁၁ ဦး စုစုပေါင်း ၃၅ ဦး တို့က လက်ခံရယူပြီးနောက် ပြည်နယ်ဝန်ကြီးချုပ်က ပညာသင်နှစ်အတွင်း ပထမနှစ်မှ နောက်ဆုံးနှစ် အထိ တန်းစဉ်ပေါင်းတွင် ဆုရရှိသည့် ထူးချွန် ကျောင်းသား ကျောင်းသူများအား ငွေသားဆုများကို ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ စိုက်ပျိုးရေးသိပ္ပံကျောင်းအုပ်ကြီး က ကချင်ပြည်နယ်နှင့် နိုင်ငံတော်၏ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးတို့တွင် အားကိုး အားထားပြုကြရမည့် စိုက်ပျိုးရေးသိပ္ပံကျောင်းဆင်း မောင်မယ်များအနေဖြင့် မိမိတို့လေ့ကျင့် သင်ယူ ရမည့် စိုက်ပျိုးရေးဘာသာရပ်ဆိုင်ရာ သင်တန်းများ ကို စာတွေ့လက်တွေ့ သင်ယူခဲ့ပြီး ဖြစ်သည့်အတွက် ဒေသအတွက်၊ နိုင်ငံတော်အတွက် အားကိုးအားထား ယုံကြည်ရလောက်သည့် စိုက်ပျိုးရေး ပညာရှင်များ၊ စိုက်ပျိုးရေးဆိုင်ရာ လုပ်ငန်းရှင်များ၊ မျိုးဆက်သစ် ခေါင်းဆောင်များအဖြစ် ကြိုးပမ်းဆောင်ရွက် သွားကြရန် အမှာစကားပြောကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ် ဝန်ကြီးများ၊ ကျောင်းအုပ်ကြီးနှင့် စီမံခန့်ခွဲရေး အဖွဲ့ဝင်များ၊ ပညာရေးအဖွဲ့ဝင်များက ကျောင်းဆင်း မောင်မယ်များနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)