
မတ် ၁၅ ရက်တွင်ကျရောက်မည့် ရေကြောင်းပညာသိပ္ပံ နှစ် ၅၀ ပြည့် ရွှေရတုအထိမ်းအမှတ်ဂုဏ်ပြုဆောင်းပါး
ဒေါက်တာဌေးကြွယ်
မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်သည် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနလက်အောက်တွင် တည်ရှိသော သမိုင်းအစဉ်အလာရှိသော ရေကြောင်းအတတ်ပညာသင် ကျောင်းတစ်ကျောင်းဖြစ်ပါသည်။ တစ်ချိန်က ရေကြောင်းပညာသိပ္ပံ (Institute of Marine Technology) IMT အမည်ဖြင့် ကာလရှည်ကြာစွာ ရပ်တည်ခဲ့ပြီး ပင်လယ်ပျော်သင်္ဘောသားတို့ မွေးထုတ်ပေးရာ မြန်မာနိုင်ငံ၏ တစ်ခုတည်းသော ရေကြောင်းအတတ်ပညာသင်ကျောင်းလည်း ဖြစ်ခဲ့ပါသည်။ ယနေ့အချိန်တွင်လည်း နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်သည့် မျိုးဆက်သစ် ရေကြောင်းအရာရှိလောင်းတို့ကို အားသစ်လောင်းကာ နှစ်စဉ်နှစ်တိုင်း စဉ်ဆက်မပြတ် မွေးထုတ်ပေးနေပြီး နိုင်ငံတော်အတွက်သာမက နိုင်ငံတကာရေကြောင်းလောကအတွက်ပါ အားထားရသော ရေကြောင်းကောလိပ်တစ်ခုအဖြစ် ရပ်တည်လျက်ရှိပါသည်။
မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်းကောလိပ် သည် ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် ဘုရင့်နောင်လမ်း၊ မြန်မာ့သင်္ဘောကျင်းလုပ်ငန်း (ဆင်မလိုက်)ဘေးတွင် တည်ရှိပါသည်။ ရန်ကုန် မြို့၏အချက်အချာကျသော ရပ်ဝန်း၌တည်ရှိခြင်း၊ သွားရေးလာရေး အဆင်ပြေလွယ်ကူသောနေရာ တွင် တည်ရှိခြင်းတို့မှာလည်း ရေကြောင်း ကောလိပ်၏ အားသာချက်တစ်ခုပင်ဖြစ်ပါသည်။ ကျောင်းပရဝဏ်မှာ ဝန်ထမ်းအိမ်ရာနှင့် ရေကူးကန် အပါအဝင် ၁၀ ဒသမ ၄၅၁ ဧက ကျယ်ဝန်းသည်။
သမိုင်းကြောင်းကို သိစေလို
မြန်မာနိုင်ငံတွင် ရှည်လျားလှသော ကမ်းရိုး တန်းနှင့် မြစ်ကြောင်းများက နိုင်ငံ၏ သယ်ယူ ပို့ဆောင်ရေးကဏ္ဍများတွင် များစွာအရေးပါသည့် အားလျော်စွာ ရေကြောင်းကုန်သွယ်မှုများကိုလည်း အဓိကအားထားခဲ့ရသည်။ ပြည်တွင်း သယ်ယူ ပို့ဆောင်ရေးသာမက ပြည်ပကုန်သွယ်မှုများ၌ ကုန်သွယ်ရေကြောင်းလုပ်ငန်းများသည် အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ ကိုလိုနီခေတ်တွင် အင်္ဂလိပ်တို့သည် ရေကြောင်းအဖွဲ့အစည်းများနှင့် သင်္ဘောကျင်းစက်ရုံ၊ အလုပ်ရုံများတွင် အဆင့်နိမ့် ရာထူးနေရာများ၌သာ မြန်မာတို့ကို ခန့်ထားခဲ့သည်။ နိုင်ငံခြားပညာတော်သင်များကို ရွေးချယ်ကာ နိုင်ငံတော်၏ အထောက်အပံ့ဖြင့် အိန္ဒိယနိုင်ငံ ဘုံဘေမြို့ရှိ (IMNTS DUFFERIN)ခေါ် ရေကြောင်း အတတ်သင်လေ့ကျင့်ရေးသင်တန်းကျောင်းသို့ စေလွှတ်လျက် ရေကြောင်းပညာကို သင်ကြားစေ ခဲ့ပြီး ကိုလိုနီယန္တရား၌ အသုံးချခဲ့ကြသည်။
မြန်မာ့လွတ်လပ်ရေးရပြီးနောက်တွင် ဗြိတိသျှ ပိုင် ဧရာဝတီဖလုတ်တီလာ (Irrawaddy Flotila) ကုမ္ပဏီကို ပြည်သူပိုင်သိမ်းကာ ပြည်တွင်း ရေကြောင်း သယ်ယူပို့ဆောင်ရေးအဖွဲ့ (Inland Water Transport Bord )အဖြစ် ဖွဲ့စည်းခဲ့သည်။ ၁၉၅၂ ခုနှစ်တွင် ပင်လယ်ရေကြောင်း သယ်ယူ ပို့ဆောင်ရေးအဖွဲ့ (Union of Burma Shipping Board) ကို ဖွဲ့စည်းကာ ပြည်တွင်းသာမက ပြည်ပ ကိုပါ ခရီးသည်နှင့်ကုန်စည်များကို ပို့ဆောင်ပေး ခဲ့သည်။ ၁၉၆၀ ပြည့်နှစ်တွင် မြန်မာ့ကြယ်ငါးပွင့်သင်္ဘောလုပ်ငန်း (Union of Burma Five Star Line)ကို ဖွဲ့စည်းပြီး အာရှသာမက ဥရောပအထိပါ သယ်ယူပို့ဆောင်ပေးခဲ့ကြောင်း တွေ့ရသည်။ သို့ဖြစ်၍ မြန်မာလူငယ်များအနေဖြင့်လည်း ကုန်သွယ်ရေကြောင်းသင်္ဘောများတွင် တာဝန် ထမ်းဆောင်ရန် အခွင့်အလမ်းများရလာခဲ့သည်။ ထိုစဉ်က တိုးချဲ့ဖွဲ့စည်းလာသော ရေကြောင်းဘက် ဆိုင်ရာ အဖွဲ့အစည်းများတွင် မြန်မာနိုင်ငံသားများ ကို အစားထိုးခန့်ထားနိုင်ရန် ရေကြောင်းပညာသင် လူငယ်များကို နိုင်ငံတော်အစိုးရစရိတ်ဖြင့် အိန္ဒိယ၊ ဗြိတိန်နိုင်ငံများသို့ စေလွှတ်ခဲ့သည်။
၁၉၆၂ခုနှစ်တွင် တော်လှန်ရေးကောင်စီအစိုးရ တက်လာပြီးနောက် ရေကြောင်းဘက်ဆိုင်ရာအဖွဲ့ အစည်းများကို တိုးချဲ့ဖွဲ့စည်းခဲ့ရာ ရေကြောင်း ပညာရှင်အမြောက်အမြား လိုအပ်လာခဲ့သည်။ ထိုအချိန်က နိုင်ငံခြားသို့ ရေကြောင်းပညာတော်သင် အဖြစ် တစ်နှစ်လျှင် လေးဦးခန့်သာ စေလွှတ်နိုင် သဖြင့် လုပ်သားအင်အားလိုအပ်ချက်ကို မဖြည့် ဆည်းနိုင်ခဲ့ပေ။ သို့ဖြစ်၍ ပြည်တွင်း၌ ရေကြောင်း ပညာရပ်များကို အစမှအဆုံးအထိ သင်ပေးကာ အောင်လက်မှတ်များထုတ်ပေးနိုင်ရန် နိုင်ငံတော် အစိုးရက မူဘောင်တစ်ခုချမှတ်ကာ စီစဉ် ဆောင်ရွက်လာခဲ့ပါသည်။
၁၉၆၃ ခုနှစ်တွင် ကာကွယ်ရေးဝန်ကြီးဌာန၊ သယ်ယူပို့ဆောင်ရေးနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်း ပြီး တပ်မတော်ရေတပ် လေ့ကျင့်ရေးကျောင်း (ဆိပ်ကြီး)တွင် ကုန်သွယ်ရေကြောင်းအရာရှိလောင်း သင်တန်းသား ၂၀ ၊ အင်ဂျင်နီယာအရာရှိလောင်း သင်တန်းသား ခြောက်ဦးတို့နှင့်စတင်ကာ မြန်မာ နိုင်ငံတွင် ရေကြောင်းပညာရပ်များကို တိုင်းရင်းသား ပညာရှင်များက စတင်ပို့ချခဲ့ကြသည်။ သင်တန်း အမှတ်စဉ်(၄)(CD-4/CE-4)အထိ ရေကြောင်း အရာရှိလောင်း ၅၃ ဦးနှင့် အင်ဂျင်နီယာအရာရှိ လောင်း ၃၄ ဦးကို မွေးထုတ်ပေးနိုင်ခဲ့သည်။ ထိုစဉ်က အနိမ့်ဆုံး တန်းမြင့်ကျောင်း အောင်မြင်ပြီး အသက် ၁၆ နှစ်မှ ၁၈ နှစ်အတွင်း လူငယ်များကို သင်တန်းဝင်ခွင့် စိစစ်ရွေးချယ်သည်။ သင်တန်း ကာလမှာ နှစ်နှစ် ဖြစ်သည်။
ရေကြောင်းဘက်ဆိုင်ရာ ပညာရပ်များကို ကမ္ဘာ့အဆင့်အတန်းမီအောင် တိုးချဲ့သင်ကြားနိုင် စေရန် ရည်ရွယ်လျက် ၁၉၇၁ ခုနှစ် စက်တင်ဘာလ ၂၀ ရက်နေ့၌ ကျင်းပပြုလုပ်သော (၂၁၆)ကြိမ် မြောက် အစိုးရအဖွဲ့အစည်းအဝေးတွင် ကုန်သွယ် ရေကြောင်းသင်တန်းကျောင်း ဖွင့်လှစ်ရေး အစီ အစဉ်နှင့် ကျောင်းဖွဲ့စည်းပုံကို သဘောတူခဲ့ကြ သည်။ ၁၉၇၁ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့တွင် ကုန်သွယ်ရေကြောင်းသင်တန်းကျောင်း ဟူသော အမည်ဖြင့် သယ်ယူပို့ဆောင်ရေးနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးဌာန အုပ်ချုပ်မှုအောက် တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ ထိုစဉ်က သီးခြား အဆောက်အအုံ မရှိသေးသဖြင့် သင်္ဘောကျင်း အဆောက်အအုံ၌ ယာယီသင်ကြားပေးခဲ့ရသည်။
ကျောင်းအမည်နှင့်ဖွဲ့စည်းပုံပြောင်းလဲခဲ့ပုံ
၁၉၇၁ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် ကုန်သွယ်ရေကြောင်းသင်တန်းကျောင်း ဟူသော အမည်ဖြင့် စတင်ဖွင့်လှစ်ခဲ့သော်လည်း ခြောက်လ ခန့်အကြာတွင် အုပ်ချုပ်ရေးစနစ်သစ်နှင့်အညီ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန အုပ်ချုပ်မှု အောက်တွင်ပင် ၁၉၇၂ ခုနှစ် မတ်လ ၁၅ ရက်နေ့၌ ရေကြောင်းပညာသိပ္ပံကျောင်း (Institute of Marine Technology)ဟူ၍ အမည်ပြောင်းလဲကာ လက်ရှိနေရာသို့ ပြောင်းရွှေ့ဖွင့်လှစ်သင်ကြားပေးခဲ့ပါသည်။ ရေကြောင်းပညာရပ်နှင့် ရေကြောင်း အင်ဂျင်နီယာပညာရပ်များကို အနိမ့်ဆုံးသင်္ဘော သားများ တတ်မြောက်ရန်လိုအပ်သည့် အခြေခံ အဆင့်မှ အမြင့်ဆုံး ရေယာဉ်မှူး၊ အင်ဂျင်နီယာမှူး များ တတ်မြောက်ရန်လိုအပ်သော အထက်တန်း အဆင့်အထိ သင်ကြားပို့ချရန်နှင့် ရေကြောင်းဘက် ဆိုင်ရာ ပညာရပ်များနှင့်စပ်လျဉ်း၍ သုတေသန လုပ်ငန်းများဆောင်ရွက်နိုင်ရန် ရည်ရွယ်လျက် ရေကြောင်း ပညာသိပ္ပံကျောင်း (Institute of Marine Technology)ဟူ၍ အမည်ပြောင်းခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်က ရေကြောင်းပညာသိပ္ပံ၏ ဖွဲ့စည်းပုံမှာ အမြဲတမ်းဝန်ထမ်းဦးရေ ၅၀ သာ ရှိပါသည်။
၂၀၀၅ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့၌ ကျင်းပ သော အစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၂/၂၀၀၅)၏ သဘောတူဆုံးဖြတ်ချက်အရ ၂၀၀၅ ခုနှစ် ဇွန် ၈ ရက်နေ့တွင် ပို့ဆောင်ရေးဝန်ကြီးရုံး၏ ခွင့်ပြုချက်ဖြင့် ဝန်ထမ်းဦးရေ ၂၉၅ ဦးပါ ရေကြောင်း ပညာသိပ္ပံ ဖွဲ့စည်းပုံအသစ်ကို ပြောင်းလဲပြင်ဆင်ခွင့် ရရှိခဲ့ပါသည်။ ထိုဖွဲ့စည်းပုံဖြင့်ပင် ၂၀၀၉ ခုနှစ် မတ်လ ၂၅ ရက်နေ့၌ မြန်မာနိုင်ငံ ကုန်သွယ် ရေကြောင်းကောလိပ် (Myanmar Mercantile Marine College ) ဟုအမည် ပြောင်းလဲကာ တိုးမြှင့် သတ်မှတ်ခွင့်ရရှိခဲ့ပါသည်။
မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်၏ လက်ရှိဖွဲ့စည်းပုံတွင် သင်ကြားရေးဌာနနှင့် စီမံ ခန့်ခွဲရေးဌာနဟူ၍ အပိုင်းနှစ်ပိုင်းဖြင့် ဖွဲ့စည်းထား ပြီး ကောလိပ်၏လုပ်ငန်းတာဝန်များကို အောင်မြင် အောင် ဆောင်ရွက်လျက်ရှိသည်။ သင်ကြားရေးဌာန အောက်တွင် ရေကြောင်းပညာဌာနနှင့် ရေကြောင်း အင်ဂျင်နီယာဌာနဟူ၍ အဓိကဌာနကြီး နှစ်ခုအပြင် အထောက်အကူပြုဌာနများအဖြစ် အလုပ်ရုံနည်း ပညာဌာန၊ မြန်မာစာဌာန၊ အင်္ဂလိပ်စာဌာန၊ သင်္ချာ ဌာန၊ ရူပဗေဒဌာန၊ ဓာတုဗေဒဌာနနှင့် ကွန်ပျူတာ သိပ္ပံဌာနတို့ရှိပါသည်။ သင်တန်းဌာနခွဲ၊ စာကြည့် တိုက်နှင့် သင်ထောက်ကူပစ္စည်းပြုပြင်ထိန်းသိမ်းရေးဌာနတို့မှာလည်း သင်ကြားရေးဌာနအောက်က ဌာနများ ဖြစ်ကြသည်။ စီမံခန့်ခွဲရေးဌာနအောက်တွင် စီမံရေးရာဌာနခွဲ၊ ဘဏ္ဍာရေးဌာနခွဲ၊ စခန်း နယ်မြေဌာနခွဲတို့ ပါဝင်သည်။
တာဝန်ထမ်းဆောင်ခဲ့သော ကျောင်းအုပ်ကြီးများ
ရေကြောင်းပညာသိပ္ပံကျောင်း(IMT)ဟု အမည် မတွင်မီ ၁၉၇၁ ခုနှစ် ကတည်းကပင် ယခု မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ် (MMMC)အထိ တာဝန်ထမ်းဆောင်ခဲ့ကြသော ကျောင်းအုပ်ကြီးများ မှာ-(၁) ဦးကျော်သိန်းလွင် (၁၉၇၁-၁၉၇၃)၊ (၂) မစ္စတာ အာရ်ဒီဗာဒွန် (၁၉၇၃-၁၉၇၅)၊ (၃) ဒေါက်တာတင်လှိုင် (၁၉၇၅-၁၉၈၈)၊ (၄) ဦးရွှေတင် (၁၉၈၈-၁၉၉၆)၊ (၅) ဦးလှမင်း (၁၉၉၆-၁၉၉၈)၊ (၆)ဦးဝင်းသိမ်း (၁၉၉၈-၂၀၀၉)၊ (၇) ဦးမောင်မောင် ငြိမ်း(၂၀၁၀-၂၀၁၁)၊ (၈) ဦးကြည်စိုး(၂၀၁၁-၂၀၁၅)၊ ဦးတင်ဦး(၂၀၁၅-၂၀၁၇)၊ ဦးဇင်မောင်ထွန်း(၂၀၁၈)၊ ဦးဇော်လွင်ဦး (၂၀၁၉-၂၀၂၁)တို့ ဖြစ်ကြပါသည်။
ယခုလက်ရှိ MMMC တွင် တာဝန်ထမ်းဆောင် လျက်ရှိသော ကျောင်းအုပ်ကြီးမှာ ဦးဇော်ဝင်းထွန်း ဖြစ်ပါသည်။
သင်ကြားပို့ချလျက်ရှိသော သင်တန်းများ
မြန်မာနိုင်ငံကုန်သွယ်ရေကြောင်း ကောလိပ် သည် အရည်အသွေးပြည့်ဝပြီး နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်သော ရေကြောင်းမျိုးဆက်သစ် များကို နှစ်စဉ်မွေးထုတ်ပေးနေသော ကျောင်းတစ် ကျောင်းဖြစ်သည်နှင့်အညီ သင်ရိုးညွှန်းတမ်းနှင့် သင်ရိုးမာတိကာများမှာလည်း IMO Model Course နှင့်အညီ သင်ကြားပို့ချပေးလျက်ရှိပါသည်။ သို့ဖြစ်၍ သင်ကြားပို့ချပေးသော သင်တန်းများမှာ ခေတ် ကာလအလျောက် ပြောင်းလဲမှုရှိပါသည်။ ယခု လက်ရှိတွင် အရာရှိလောင်းဒီပလိုမာသင်တန်း သုံးမျိုးအပြင် ပင်လယ်ရေကြောင်းကျွမ်းကျင်မှု လက်မှတ်ဆိုင်ရာသင်တန်းများ၊ ဘေးအန္တရာယ် ကင်းရှင်းရေး၊ အသက်အန္တရာယ်လုံခြုံမှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုသင်တန်းများ၊ Navy Officers များအား Junior Officer Command Course (JOCC) ၊ Senior Officer Command Course (SOCC) နှင့် Naval Higher Officer Command Course (NHCC) များအပြင် အခြား လိုအပ်သော သင်တန်းများကိုလည်း အခါအားလျော် စွာ ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါသည်။
၁။ အရာရှိလောင်းဒီပလိုမာသင်တန်းများ
မြန်မာနိုင်ငံ၌ ရေကြောင်းပညာရပ်များကို စတင်သင်ကြားပို့ချပေးသော ဆိပ်ကြီးရှိ တပ်မတော် ရေတပ် လေ့ကျင့်ရေးကျောင်းမှ စတင်ကာ (က) ကုန်သွယ်ရေကြောင်း အရာရှိလောင်းသင်တန်းနှင့် (ခ) ကုန်သွယ်ရေကြောင်းအင်ဂျင်နီယာ အရာရှိ လောင်းသင်တန်းစသည့် သင်တန်းနှစ်မျိုးကိုသာ ဖွင့်လှစ်သင်ကြားပေးခဲ့ပါသည်။ ၁၉၇၆ ခုနှစ်မှ စတင်၍ ပင်လယ်ငါးလုပ်ငန်း ရေကြောင်းအရာရှိ လောင်းသင်တန်းကိုပါ နိုင်ငံတော်၏ လိုအပ်ချက် အရ ထည့်သွင်း၍ပြဋ္ဌာန်းကာ အရာရှိလောင်း သင်တန်းသုံးမျိုးကို ပို့ချသင်ကြားပေးခဲ့သည်။ နောက်ပိုင်းတွင် ပင်လယ်ငါးလုပ်ငန်း ရေကြောင်း အရာရှိလောင်းသင်တန်းကို ငါးလုပ်ငန်းဦးစီးဌာနသို့ လွှဲပေးခဲ့သည်။ မူလကပင်ဖွင့်လှစ်လာသော အရာရှိလောင်းသင်တန်းနှစ်မျိုးကိုသာ အဓိကထား လျက် သင်ကြားပို့ချပေးခဲ့ပါသည်။ ယခုအခါတွင် ပြည်တွင်းရေကြောင်းပို့ဆောင်ရေးဌာနအတွက် လိုအပ်သော ပြည်တွင်းရေကြောင်း အရာရှိလောင်း သင်တန်းကိုပါ အခါအားလျော်စွာ ဖွင့်လှစ် သင်ကြားပို့ချပေးလျက်ရှိပါသည်။
၂၀၀၇-၂၀၀၈ ပညာသင်နှစ် (CD-35/CE-33)မှ စတင်ကာ အရာရှိလောင်း ဘွဲ့ကြိုဒီပလိုမာ နှစ်နှစ်သင်တန်းအဖြစ် ပြောင်းလဲဖွင့်လှစ် သင်ကြား ပို့ချပေးလျက်ရှိပါသည်။
ယခုလက်ရှိ သင်ကြားပို့ချလျက်ရှိသော အရာရှိ လောင်းသင်တန်းများမှာ-
၁။ ကုန်သွယ်ရေကြောင်း အရာရှိလောင်း ဒီပလိုမာသင်တန်း (Diploma in Nautical Studies/ Nautical Cadet)။
၂။ ကုန်သွယ်ရေကြောင်း အင်ဂျင်နီယာအရာရှိ လောင်း ဒီပလိုမာသင်တန်း(Diploma in Maritime Technology / Marine Engineering Cadet)။
၃။ ကုန်သွယ်ရေကြောင်း လျှပ်စစ်နည်းပညာအရာရှိလောင်းသင်တန်း (Diploma in Marine Electrical Technology / Marine Electrical Cadet ) တို့ဖြစ်ကြပါသည်။
သင်တန်းအမှတ်စဉ်(၁)(CD1/CE1) မှ အမှတ် စဉ်(၄)(CD4/CE4) အထိမှာ သင်တန်းသားများ သည် အနိမ့်ဆုံးတန်းမြင့်ကျောင်း အောင်မြင်ပြီး အသက် ၁၆ နှစ်မှ ၁၈ နှစ်အတွင်း လူငယ်များကို သင်တန်းဝင်ခွင့် စိစစ်ရွေးချယ်သည်။ သင်တန်း ကာလမှာ နှစ်နှစ်ဖြစ်ပြီး သင်တန်းဆင်း အောင်လက် မှတ်ပေးအပ်ပါသည်။ သင်တန်းအမှတ်စဉ်(၅)(CD5/CE5)မှ အမှတ်စဉ် (၂၀) (CD20/CE18)အထိ သင်တန်းသားရွေးချယ်ရာတွင် အနိမ့်ဆုံး ဒုတိယ နှစ်(သိပ္ပံ/စက်မှုတက္ကသိုလ်)အောင်မြင်သူ သို့မဟုတ် စနစ်သစ်ဒေသ ကောလိပ်(သင်္ချာ)/စက်မှုလက်မှုသိပ္ပံ နောက်ဆုံးနှစ်အောင်မြင်သူဖြစ်ပြီး အသက် ၂၁ နှစ်ထက် မကျော်လွန်သူများကိုသာ စိစစ်ရွေးချယ် ပါသည်။ သင်တန်းကာလမှာ တစ်နှစ်ဖြစ်ပြီး သင်တန်းဆင်းအောင်လက်မှတ် ပေးအပ်ပါသည်။
သင်တန်းအမှတ်စဉ်(၂၁) (CD21/CE19)မှစ၍ အမှတ်စဉ်(၃၄)(CD34/CE32)အထိ တက္ကသိုလ် ဝင်တန်း/ဆယ်တန်းအောင်မြင်ပြီး အသက် ၁၆ နှစ်မှ ၁၉ နှစ်အတွင်း လူငယ်များကို စိစစ်ရွေးချယ် သည်။ သင်တန်းကာလတစ်နှစ် ပြီးဆုံးပါက သင်တန်းဆင်းအောင်လက်မှတ် ပေးအပ်သည်။ သင်တန်းအမှတ်စဉ်(၆)/(CD-6) ဖြစ်သော ၁၉၇၄-၇၅ ပညာသင်နှစ်နှင့် သင်တန်းအမှတ်စဉ်(၇)/ (CD-7)ဖြစ်သော ၁၉၇၅-၇၆ပညာသင်နှစ်တို့တွင် လုပ်သားလိုအပ်ချက်အရ သင်တန်းသားအသစ် အဖြစ် ကုန်သွယ်ရေကြောင်း အရာရှိလောင်း(CD)များကိုသာ ခေါ်ယူခဲ့ပြီး အင်ဂျင်နီယာအရာရှိလောင်း (CE)များကို သင်တန်းသားသစ် မခေါ်ယူသည့် အတွက် ယင်းနောက်ပိုင်းတွင် CD နှင့် CE တို့မှာ အမှတ်စဉ်နှစ်ခု ကွာဟသွားခဲ့ခြင်း ဖြစ်ပါသည်။
အမှတ်စဉ်(၃၅)(CD35/CE33)မှ စတင်၍ ဘွဲ့ကြို ဒီပလိုမာနှစ်နှစ် သင်တန်းအဖြစ်သို့ ပြောင်းလဲ ဖွင့်လှစ်ခဲ့ပါသည်။ ယခင်ကပင် ဖွင့်လှစ် သင်ကြားလာခဲ့သော အရာရှိလောင်းသင်တန်း နှစ်မျိုးကို ဒီပလိုမာသင်ရိုးအဖြစ် အဆင့်မြှင့်တင် ပေးခဲ့ပါသည်။ ၂၀၂၀-၂၀၂၁ ပညာသင်နှစ်မှစတင်ကာ ရေကြောင်း လျှပ်စစ်နည်းပညာအရာရှိလောင်း သင်တန်းကို တိုးချဲ့ဖွင့်လှစ်ခဲ့ပါသည်။ တက္ကသိုလ် ဝင် တန်း အောင်မြင်ပြီး သတ်မှတ်အမှတ်ပြည့်မီကာ အထွေထွေစစ်ဆေးချက်များ (ဆေး၊ စိတ်ကျန်းမာ ရေး၊ မျက်စိစသည်) အောင်မြင်သော အသက် ၁၆ နှစ်မှ ၁၉ နှစ်ရှိ လူငယ်များကို သင်တန်းတက် ရောက်ခွင့် ရွေးချယ်ပါသည်။ ပထမနှစ်နှင့် ဒုတိယနှစ်ကို အောင်မြင်ပြီးဆုံးပါက ကျွမ်းကျင် မှုဆိုင်ရာ သင်တန်ဆင်းအောင်လက်မှတ်နှင့် ဒီပလိုမာဘွဲ့ကို ပေးအပ်ချီးမြှင့်ပါသည်။ ယခုလက်ရှိ တက်ရောက် သင်ကြားပေးလျက်ရှိသော ပထမနှစ် အရာရှိလောင်းများမှာ ဒီပလိုမာအမှတ်စဉ်(၁၄) ဖြစ်ပြီး သင်တန်းအမှတ်စဉ် (CD48/CE46) ဖြစ်ပါ သည်။
၂။ အခြားသင်တန်းများ
မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်းကောလိပ် တွင် အရာရှိလောင်း ဒီပလိုမာသင်တန်းများအပြင် ရေကြောင်းအတတ်ပညာနှင့် သက်ဆိုင်သော အခြားသင်တန်းများကိုလည်း သင်ကြားပို့ချ လေ့ကျင့်ပေးလျက်ရှိသည်။ ယင်းသင်တန်းများမှာ-
(က)Certificate of Competency(CoC)သင်တန်း ၁၀ မျိုး၊ (ခ) Certificate of Proficiency Course (CoP) သင်တန်း ၁၃ မျိုး၊(ဂ) အခြားသင်တန်း ခုနစ် မျိုးတို့ ဖြစ်ကြပါသည်။
သို့ဖြစ်၍ မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်၌ လက်ရှိအချိန်တွင် သင်ကြားပို့ချ လျက်ရှိသော သင်တန်းအမျိုးအစားပေါင်း ၃၃ မျိုး ရှိပါသည်။ အဆိုပါသင်တန်းများကို ခေတ်မီ သင်ထောက်ကူပစ္စည်းများ၊ အဆင့်မြင့် Simulator များ၊ ရေကူးကန်အပါအဝင် Smoke House နှင့် Work Shop များဖြင့် စနစ်တကျ သင်ကြားလေ့ကျင့် ပေးလျက်ရှိသည်။
မွေးထုတ်ပြီးသင်တန်းသားများနှင့် အလုပ်အကိုင်ရရှိမှုအခြေအနေ
ရေကြောင်းအတတ်ပညာကို စတင်ပို့ချစဉ် ၁၉၆၃ ခုနှစ်ကတည်းကပင် ဘွဲ့ကြိုဒီပလိုမာ သင်တန်းများ မစတင်မီ ၂၀၀၈ ခုနှစ်အထိ အရာရှိ လောင်းသင်တန်းသား ၃၂၆၄ ဦး မွေးထုတ်ပေးခဲ့ပြီး ဖြစ်သည်။ ၂၀၀၉ ခုနှစ်မှစ၍ ယနေ့အထိ အရာရှိ လောင်း ဒီပလိုမာသင်တန်းသားဦးရေမှာ ၂၂၄၉ ဦး ရှိသည်။ သို့ဖြစ်၍ ၁၉၆၃ ခုနှစ်မှ စတင်ကာ ယနေ့အထိ ရေကြောင်းအရာရှိလောင်း ၂၇၇၉ ဦးနှင့် အင်ဂျင်နီယာအရာရှိလောင်း၂၇၃၄ ဦးမွေးထုတ်ပေး ပြီးဖြစ်ရာ အရာရှိလောင်း စုစုပေါင်း ၅၅၁၃ ဦး မွေးထုတ်ပေးခဲ့ပြီးဖြစ်ပါသည်။ ၁၉၆၃-၆၄ မှ ယနေ့အထိ ရေကြောင်းအရာရှိဦးရေ ၈၇၃၃၉ ဦးနှင့် အင်ဂျင်နီယာအရာရှိဦးရေ ၂၈၄၁၀ ကိုလည်း လေ့ကျင့်သင်ကြားပေးခဲ့ပြီးဖြစ်သည်။ ထို့အပြင် အခြား အဆင့်သင်တန်းသားဦးရေ ၁၄၅၄၉၈ ဦး ကိုလည်း သင်ကြား လေ့ကျင့်ပေးခဲ့ပါသည်။ သို့ဖြစ်၍ မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်းကောလိပ်အနေဖြင့် ရေကြောင်းလောကသားပေါင်း ၂၆၆၇၆၀ မွေးထုတ်ပေးပြီးဖြစ်ရာ လူ့စွမ်းအား အရင်းအမြစ်များကို ပြုစုပျိုးထောင်ကာ နိုင်ငံတော် အား တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုပေး လျက်ရှိသည်။
မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်းကောလိပ် မှ အရာရှိလောင်းသင်တန်းဆင်းသွားသည့် ကျောင်းသားအားလုံးနီးပါးမှာ အလုပ်အကိုင် ရရှိကြပါသည်။ နိုင်ငံခြားသင်္ဘောကုမ္ပဏီအချို့ သည် အရာရှိလောင်းများ၏ သင်တန်းကာလအလုံးစုံ မပြီးဆုံးမီကပင် ကျောင်းသို့လာရောက်ဆက်သွယ် လျက် အရာရှိလောင်းတို့ကို ရွေးချယ်ခေါ်ယူကြသည်။ အချို့ကုမ္ပဏီများမှာ သူတို့ရွေးချယ်ထားသော အရာရှိလောင်းတို့ကို Scholarship Aware ဆုပေး အပ်သည့် အစဉ်အလာလည်း ရှိပါသည်။ သို့ဖြစ်၍ ၈၀ ရာခိုင်းနှုန်းသော အရာရှိလောင်းတို့မှာ ကျောင်း ပြီးသည်နှင့် အလုပ်အကိုင်ရရှိပြီး ဖြစ်ပါသည်။
အရည်အသွေးစီမံခန့်ခွဲမှုစနစ်နှင့် ပြည်တွင်းပြည်ပ စစ်ဆေးမှုကို ခံယူရခြင်း
မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်းကောလိပ် သည် ရေကြောင်းပညာရပ်နယ်ပယ်တွင် နိုင်ငံ တကာအဆင့် စံချိန်မီအဖွဲ့အစည်းတစ်ခုဖြစ်မှသာ မွေးထုတ်ပေးလိုက်သော ရေကြောင်းလောက သားများမှာ နိုင်ငံတကာမှ ရေကြောင်းလောက သားများနှင့် ရင်ပေါင်တန်းနိုင်မည်ဖြစ်သည်။ သို့ဖြစ်၍ Quality Management System(QMS)ကို ၂၀၀၇ ခုနှစ် ဇန်နဝါရီလတွင် စတင်၍ ထူထောင် ခဲ့သည်။ UK အခြေစိုက် Lloyd's Register Quality Assurance (LRQA)နှင့် ဆက်သွယ်ပြီး စစ်ဆေးမှု ခံယူခဲ့ရာ ၂၀၀၇ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့တွင် ISO 9001:2000 Certification လက်မှတ် (Certificate No. BGK 0403950)ကို ရရှိခဲ့ပါသည်။ ယင်း လက်မှတ်ကိုပင် ၂၀၁၀ ပြည့်နှစ် ဇူလိုင်လ ၆ ရက် တွင် ISO 9001:2008 Certification အဖြစ် အဆင့်မြှင့်တင်ခဲ့ပါသည်။
ယခုအခါ မြန်မာနိုင်ငံတွင် ဌာနေကိုယ်စားလှယ် ရှိသော အမေရိကန်အဖွဲ့အစည်းတစ်ခုဖြစ်သည့် ABS(American Buero of Shipping) Quality Evaluation Groupနှင့် ပြောင်းလဲ ဆက်သွယ်လျက် (ISO 9001:2015) Quality Management System for Maritime Education Training လက်မှတ် (Certificate No. 59571)ကို ရယူထားပြီး သတ်မှတ် ထားသော အရည်အသွေး စံချိန်စံညွှန်းနှင့်အညီ နှစ်စဉ်အစစ်ဆေးခံကာ ဆောင်ရွက်လျက်ရှိပါ သည်။
မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်းကောလိပ်၌ ဖွင့်လှစ်ပို့ချလျက်ရှိသော သင်တန်းအများစုသည် အပြည်ပြည်ဆိုင်ရာရေကြောင်းအဖွဲ့ချုပ်(IMO)က သတ်မှတ်ပြဋ္ဌာန်းထားသော Model Course နှင့်အညီ ဖွင့်လှစ်သင်ကြားလေ့ကျင့်ပေးရပါသည်။ အပြည်ပြည်ဆိုင်ရာရေကြောင်းအဖွဲ့ချုပ် (IMO)၏ STCW Conventionနှင့်အညီ လိုက်နာဆောင်ရွက်ရ သည်ဖြစ်ရာ အခြားသော ရေကြောင်းဘက်ဆိုင်ရာ အဖွဲ့အစည်းများနည်းတူ သီးခြားလွတ်လပ်သော အကဲဖြတ်အဖွဲ့ (Independent Evalution Team) ၏ စစ်ဆေးမှုကို ငါးနှစ်လျှင် တစ်ကြိမ် ခံယူရပါ သည်။ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန (DMA)၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် ကျွမ်းကျင်မှုဆိုင်ရာသင်တန်းများ ဖွင့်လှစ်ပို့ချခြင်း၊ စာမေးပွဲများကို စစ်ဆေးအကဲဖြတ်ရခြင်းများလည်း ရှိပါသည်။ သို့ဖြစ်၍ DMAက အခါအားလျော်စွာ လာရောက်စစ်ဆေးခြင်းကိုလည်း ခံယူရပါသည်။
၁၉၇၂ ခုနှစ် မတ်လ ၁၅ ရက်မှ စတင်၍ ရေကြောင်းပညာသိပ္ပံကျောင်းအမည်ဖြင့် ဖွင့်လှစ်ကာ ရေကြောင်းပညာရပ်များကို သင်ကြားပို့ချလာခဲ့ သော မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ် သည် ယခု ၂၀၂၂ ခုနှစ် မတ်လ ၁၅ ရက်တွင် နှစ် ၅၀ တင်းတင်းပြည့်ခဲ့ပြီဖြစ်သည်။ ရွှေရတုခရီး တစ်ခုကို ဂုဏ်ယူဝင့်ကြွားစွာ ဖြတ်သန်းလာခဲ့ပြီး လည်းဖြစ်ပါသည်။ ရေကြောင်းပညာသိပ္ပံကတည်း ကပင် မွေးထုတ်ပေးခဲ့ပြီးဖြစ်သော မျိုးဆက်ဟောင်း ရေကြောင်းပညာရှင်အချို့သည် နိုင်ငံတော်ရှိ သက်ဆိုင်ရာရေကြောင်း အဖွဲ့အစည်းများတွင် သာမက နိုင်ငံတကာရေကြောင်း အသိုင်းအဝိုင်း၌ပါ ရာထူးအဆင့်ဆင့်၌ တာဝန်ထမ်းဆောင်ခဲ့ကြကာ အငြိမ်းစားယူခဲ့ကြပြီဖြစ်သည်။ ယခုလက်ရှိတွင် လည်း နိုင်ငံတာဝန်များကို ကျရာနေရာတွင် သယ်ပိုးထမ်းဆောင်နေသူများလည်း ရှိနေကြသည်။ နိုင်ငံတကာသင်္ဘောလိုင်းများတွင်လည်း ရာထူး အဆင့်ဆင့်၌ အောင်အောင်မြင်မြင် ထမ်းဆောင် နေကြပါသည်။
မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်းကောလိပ် အနေဖြင့် မျိုးဆက်သစ်ရေကြောင်းအရာရှိ လောင်းများ၊ သင်္ဘောသားအသစ်များကို စဉ်ဆက် မပြတ် မွေးထုတ်ပေးလျက်ရှိရာ နိုင်ငံတော်အတွင်းရှိ လူ့စွမ်းအားအရင်းအမြစ်များကို ပြုစုပျိုးထောင် ရာတွင် တတ်စွမ်းသည့်ဘက်မှ ဆောင်ရွက်ပေး နေပါသည်။ နိုင်ငံတော်နှင့်နိုင်ငံသားများ ဖွံ့ဖြိုး တိုးတက်လာစေရန် တစ်ဖက်တစ်လမ်းက အထောက် အကူပြုနေသော ကောလိပ်တစ်ခုပင်ဖြစ်သည်။ မျိုးဆက်ဟောင်း ရေကြောင်းလောကသားတို့ အတွက် မွမ်းမံသင်တန်း Refresher Course များကိုလည်း ဖွင့်လှစ်ပို့ချပေးလျက်ရှိသည်။ သို့ဖြစ် ၍ နှစ်တွေမည်မျှပင် ဟောင်းဟောင်း၊ ခေတ်တွေ မည်မျှပင်ပြောင်းပြောင်း ရေကြောင်းပညာသိပ္ပံ ကတော့ “ငုပ်မိသဲတိုင် တက်နိုင်ဖျားရောက်”ဟူသော ဆောင်ပုဒ်နှင့်အတူ တာဝန်သိသိ သစ္စာရှိရှိဖြင့် သူ့တာဝန်ကိုသူ ကျေပွန်စွာ ထမ်းဆောင်နေမည်သာ ဖြစ်ပါတော့သည်။ ။
- Log in to post comments