
နေပြည်တော် မတ် ၄
၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ အရအသုံး ခန့်မှန်းခြေငွေစာရင်းများ တင်ပြခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ဘဏ္ဍာရေးဆိုင်ရာ ကော်မရှင်ဒုတိယဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက် အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ပြည်ထောင်စု စာရင်းစစ်ချုပ် ဒေါက်တာကံဇော်၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် တာဝန်ရှိသူများ တက်ရောက် ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ် များက ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်ကြသည်။
ဆက်လက်တင်ပြသွားမည်
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က ယနေ့ကျင်းပ သည့် အစည်းအဝေးသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီ တိုင်းဒေသကြီးနှင့်ပြည်နယ်များ၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် အရအသုံးခန့်မှန်းခြေ ငွေစာရင်း လျာထားချက်များကို ဘဏ္ဍာရေးဆိုင်ရာကော်မရှင် အစည်းအဝေးသို့ မတင်ပြမီ စိစစ်သည့်အစည်းအဝေး ဖြစ်ကြောင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက တိုင်းဒေသကြီးနှင့် ပြည်နယ် စီးပွားရေးရာဝန်ကြီးများ နှင့် ဗီဒီယိုကွန်ဖရင်ဖြင့် ချိတ်ဆက်၍ ဖေဖော်ဝါရီ ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် ညှိနှိုင်းစိစစ်ထားပြီးဖြစ် ကြောင်း၊ ယခု အစည်းအဝေးတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များနှင့် ထပ်မံဆွေးနွေးပြီး ဘဏ္ဍာရေးဆိုင်ရာကော်မရှင်သို့ ဆက်လက်တင်ပြ သွားမည်ဖြစ်ကြောင်း။
၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်သည်နိုင်ငံတော်က ဘဏ္ဍာရေးနှစ်ကို ပြန်လည်ပြောင်းလဲပြင်ဆင် သတ်မှတ်ပြီးနောက် စတင်ဆောင်ရွက်သည့်ပထမဆုံးဘဏ္ဍာရေးနှစ်ဖြစ်ကာ တစ်နှစ်တာကာလ ဘတ်ဂျက်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် များအနေဖြင့် ဘတ်ဂျက်များ လျာထားရာတွင်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ ပြည်သူလူထု၏ အကျိုးစီးပွားလိုအပ်ချက်များကို တိုက်ရိုက် ဖြည့်ဆည်းပေးနိုင်မည့် လုပ်ငန်းများ၊ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း အထောက်အကူ ပြုစေသည့်အသုံးစရိတ်များ ဦးစားပေးသတ်မှတ်လျာ ထားကြသည်ကို တွေ့ရကြောင်း။
ထိရောက်စွာသုံးစွဲ
ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်-၁၉ ကပ်ရောဂါအခြေ အနေနှင့် ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံ ပြောင်းလဲမှုဖြစ်စဉ်များ အရ နိုင်ငံတော်၏ ကဏ္ဍစုံရငွေများလျော့နည်းနိုင်သည်ကို တွေ့ရကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီး နှင့် ပြည်နယ်အသီးသီး၏ လိုငွေအတွက် ပြည်ထောင်စုမှ ထောက်ပံ့ငွေကို ယခင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်ကထက် ၁၂ ရာခိုင်နှုန်း လျော့နည်းပြီး ၈၈ ရာခိုင်နှုန်းအထိ ထောက်ပံ့ထားသည်ကိုတွေ့ရ မည်ဖြစ်ကြောင်း၊ အခွန်ဝေစုကိုလည်း အလားတူ လျော့နည်းခွဲဝေပေးခဲ့ရကြောင်း၊ သို့ရာတွင် ပြည်ထောင်စုမှ ထောက်ပံ့ငွေရငွေနှင့် တိုင်းဒေသကြီး နှင့် ပြည်နယ်ရငွေအပေါ် မူတည်၍ ပြည်သူလူထု၏ လိုအပ်ချက်များကို တိုက်ရိုက်အကျိုးပြုစေမည့် လုပ်ငန်းများကို ထိရောက်စွာသုံးစွဲကြရန် တိုက်တွန်း လိုကြောင်း။
၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်သည် တိုင်းပြည် စီးပွားရေး ပြန်လည်ဦးမော့လာစေရန် အားပေး ဆောင်ရွက်ရမည့်နှစ်တစ်နှစ်ဖြစ်သကဲ့သို့ အုပ်ချုပ်မှု ဆိုင်ရာသာမန်အသုံး စရိတ်များဖြစ်သည့် ဝန်ထမ်း လစာစရိတ်များ၊ စက်သုံးဆီစရိတ်များ၊ ပြင်ဆင် ထိန်းသိမ်းစရိတ်များစသည်တို့ကို ခြိုးခြံချွေတာပြီး GDP တိုးတက်စေမည့် ကုန်ထုတ်လုပ်မှု အကျိုးပြု အသုံးစရိတ်များနှင့် ဒေသဖွံ့ဖြိုးရေးအသုံးစရိတ်များ ကို ဦးစားပေးသုံးစွဲသင့်သည့် နှစ်ဖြစ်ကြောင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ စိစစ်သည့် အချိန်တွင် အခြေခံအားဖြင့် သာမန်အသုံးစရိတ် ဆိုင်ရာအချက် ၂ ချက် ၊ ငွေလုံးငွေရင်းအသုံး စရိတ် ဆိုင်ရာအချက် ၂ ချက်နှင့် ပြည်ပချေးငွေပြည်ပ အကူအညီရငွေကို အမှန်တကယ်ရနိုင်မည့် ပမာဏ ကိုသာ ခန့်မှန်းလျာထား စိစစ်ထားသည်ကို တွေ့ရ ကြောင်း။
ထို့ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီး ချုပ်များအနေဖြင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာနက တိုင်းဒေသကြီးနှင့် ပြည်နယ်များနှင့် ညှိနှိုင်း၍ စိစစ်ထားသော ဘဏ္ဍာငွေအရအသုံးလျာထားချက် များနှင့် စပ်လျဉ်း၍ ထပ်မံဖြည့်စွက် တင်ပြရန်ရှိပါက တင်ပြနိုင်ကြောင်း ပြောကြားသည်။
ရှင်းလင်းတင်ပြ
ထို့နောက် ဘဏ္ဍာရေးဆိုင်ရာ ကော်မရှင် အတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ အရအသုံးခန့်မှန်းခြေငွေစာရင်း လျာထားချက်များကို စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနမှ ကြိုတင်စိစစ်ဆောင်ရွက်ခဲ့မှု အကျဉ်း ချုပ်ကိုလည်းကောင်း၊ ဒုတိယဝန်ကြီး ဦးမောင် မောင်ဝင်းက ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ် တိုင်းဒေသ ကြီးနှင့် ပြည်နယ်များ၏ အရအသုံးခန့်မှန်းခြေငွေ စာရင်းများကိုလည်းကောင်း ရှင်းလင်းတင်ပြကြ သည်။
ယင်းနောက် ပြည်ထောင်စု စာရင်းစစ်ချုပ် ဒေါက်တာကံဇော်က ရငွေ၊ သုံးငွေ စာရင်းများနှင့် စပ်လျဉ်း၍ စာရင်းစစ်ဆေးခြင်းဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းတင်ပြသည်။
ကြပ်မတ်ဆောင်ရွက်
ထို့နောက် ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဒုတိယဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ အရအသုံးခန့်မှန်းခြေငွေစာရင်းများကို အကောင် အထည်ဖော်ရာတွင် နိုင်ငံတော်မှ ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၉) ရပ်တို့နှင့် ကိုက်ညီမှုရှိစေရန်နှင့် နိုင်ငံတော်၏ မူဝါဒများအရ လျှပ်စစ်မီးရရှိရေး၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက် ရေးနှင့် လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရေးစသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် အသုံးစရိတ် များကို ထိထိရောက်ရောက်ဖြစ်အောင် သုံးစွဲစေလို ကြောင်း၊ ထိုသို့သုံးစွဲကြရာတွင် ပြည်ထောင်စုစာရင်း စစ်ချုပ် တင်ပြဆွေးနွေးသည့် တွေ့ရှိချက်နှင့်အကြံပြုချက်များကို တိကျစွာလိုက်နာဆောင်ရွက်သွားကြ ရမည်ဖြစ်ပြီး ကြပ်မတ်ဆောင်ရွက်သွားကြရမည်ဖြစ် ကြောင်း။
အသုံးစရိတ်များ သုံးစွဲကြရာတွင် ဘဏ္ဍာရေး စည်းမျဉ်း၊ စည်းကမ်းများကို တိကျစွာလိုက်နာကြ ရန်နှင့် အသုံးစရိတ်များအတွက်မှတ်တမ်းမှတ်ရာ များနှင့် အထောက်အထားများကို စာရင်းစစ်ဆေးခံ နိုင်ရန် အဆင်သင့် ဆောင်ရွက်ထားကြစေလိုကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ရရှိမည့် အခွန်အကောက်ရငွေများ၊ အခြားသာမန်ရငွေများကို လည်း လျာထားသည့်အတိုင်း ပြည့်ဝစွာကောက်ခံရရှိ နိုင်ရန် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ အသုံးစရိတ်များ အကောင်အထည်ဖော်ရာတွင် မိမိ တို့ အစိုးရလက်ထက်၌ တိုင်းပြည်စီးပွားရေး ပြန်လည်ဦးမော့လာစေရန် စီမံအုပ်ချုပ်မှုဆိုင်ရာ အသုံးစရိတ်များကို တတ်နိုင်သမျှခြိုးခြံချွေတာပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် လူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုးတိုးတက်မှု အသုံးစရိတ်များကိုသာ ဦးစားပေး ဆောင်ရွက်သွားကြရန် ဖြစ်ကြောင်း။
တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ အရအသုံးခန့်မှန်းခြေငွေစာရင်းများကို နှိုင်းယှဉ်သည့်အခါ စုစုပေါင်း ရငွေပိုင်းတွင် ၂၀၁၉ - ၂၀၂၀ အမှန်စာရင်းစုစု ပေါင်းရငွေသည် ကျပ်၁၁၇၇ဘီလီယံကျော်ရှိပြီး ၂၀၂၀- ၂၀၂၁ ရှေ့ပြေးအမှန်မှာ ကျပ် ၇၈၆ ဒသမ ၆ ဘီလီယံကျော် ၊ ၂၀၂၁ - ၂၀၂၂ မီနီဘတ်ဂျက် ၆ လ မူလခန့်မှန်းခြေသည် ကျပ် ၅၁၆ ဒသမ ၈ ဘီလီယံ ကျော်နှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် လျာထားအပေါ် စိစစ်ပြီး ၁၀၅၈ ဒသမ ၉ ဘီလီယံကျော် ဖြစ်သည်ကို တွေ့ရကြောင်း၊ စုစုပေါင်းသုံးငွေပိုင်းကို ကြည့်မည်ဆို လျှင် ၂၀၁၉ - ၂၀၂၀ အမှန်စာရင်းသည် ကျပ် ၃၃၄၁ ဘီလီယံကျော် ၊ ၂၀၂၀-၂၀၂၁ ရှေ့ပြေးအမှန်စာရင်း သည် ကျပ်ဘီလီယံ ၃၀၅၃ ဒသမ ၅ ဘီလီယံကျော် မီနီဘတ်ဂျက်တွင် ကျပ် ၁၅၇၉ ဒသမ ၈ ဘီလီယံ ကျော်နှင့် ၂၀၂၂-၂၀၂၃ဘဏ္ဍရေးနှစ်တွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ စိစစ်ပြီး ခန့်မှန်းကျပ် ၃၁၃၁ ဒသမ ၅ ဘီလီယံ ကျော်ရှိမည်ဟုခန့်မှန်းထားသည်ကို စာရင်းဇယားများအရ၊ စိစစ်ချက်များအရ တွေ့ရှိရ ရကြောင်း၊ ရသုံးစာရင်းနှိုင်းယှဉ်မည်ဆိုလျှင် နှစ်စဉ် ရငွေနှင့် သုံးငွေပျမ်းမျှအချိုးသည် ၁ အချိုး ၃ ရှိ သည်ကို တွေ့ရပြီး သုံးငွေကဏ္ဍသည် ရငွေကဏ္ဍ ထက် ၃ဆ ပိုမိုများပြားနေသည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် ဝင်ငွေရရှိရေးနှင့် သုံးငွေလျှော့ချရေး အတွက် သက်ဆိုင်ရာဝန်ကြီးချုပ်များအနေဖြင့် မိမိတို့၏ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဘက်စုံ ထောင့်စုံမှစိစစ်ခြင်း၊ ခြိုးခြံချွေတာခြင်းစသည့် လုပ်ငန်းများကို ကြပ်မတ်ထိန်းသိမ်းဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် လယ်ယာစိုက်ပျိုးရေးကဏ္ဍ၊ ပို့ကုန်နှင့် ပြည်ပဝန်ဆောင်မှုကဏ္ဍ၊ ပို့ကုန်အမယ် များ တိုးတက်စေရေးကဏ္ဍ၊ GDP တွင် လယ်ယာ၊ သား၊ ငါး၊ သစ်တောကဏ္ဍအချိုးမြင့်မားစေရေး ကဏ္ဍအပြင် စက်မှုကဏ္ဍ၌ နိုင်ငံတော်၏စီမံကိန်း များတွင် လိုအပ်သလို ကူညီဖြည့်ဆည်းဆောင်ရွက် ပေးရန် လိုအပ်ကြောင်း။
အသုံးစရိတ်ပိုင်းတွင် မီနီဘတ်ဂျက်နှင့် ၂၀၂၂- ၂၀၂၃ ဘဏ္ဍာရေးနှင့် အရအသုံး အချိုးကို နှိုင်းယှဉ် ကြည့်မည်ဆိုပါက ကချင်ပြည်နယ်နှင့် ကယား ပြည်နယ်တို့၏ အသုံးစရိတ် အချိုးကလျော့နည်း ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့သည် အသုံးစရိတ် အချိုးတိုးမြင့်လာကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့သည် ယခင်နှင့် ယခုအချိုး တူညီနေကြောင်း၊ အသုံးစရိတ်များခြင်း၊ အသုံးစရိတ်ကို မူလအတိုင်းသုံးရန် လျာထားခြင်း အပေါ် အတတ်နိုင်ဆုံး စိစစ်သုံးစွဲနိုင်ရေး တိုင်းဒေသ ကြီးနှင့် ပြည်နယ်များအနေဖြင့် လျာထားအသုံးစရိတ် အတွက် မဖြစ်မနေစရိတ်များကိုသာ အတတ်နိုင်ဆုံး လျှော့ချသုံးစွဲ သွားကြရမည်ဖြစ်ကြောင်း။
တိုင်းဒေသကြီးနှင့် ပြည်နယ်၏ GDP တိုးတက် ရေး၊ ပြည်သူတို့၏ လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်ရေး နှင့် ဒေသဖွံ့ဖြိုးရေးတို့အတွက် နိုင်ငံတော်အကြီးအကဲ ၏ လမ်းညွှန်ချက်များနှင့်အညီ စီမံကြီးကြပ် ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း။
၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် အရအသုံးလျာထား ချက်များကို ဘဏ္ဍာရေးဆိုင်ရာ ကော်မရှင်သို့ ဆက်လက်တင်ပြပြီး ဘဏ္ဍာရေးဆိုင်ရာကော်မရှင်၏ ထောက်ခံချက်ဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး သို့ ဆက်လက်တင်ပြသွားမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့က အတည်ပြုပြီးသည့်အခါ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသို့ တင်ပြ၍ ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေ ကို ပြဋ္ဌာန်းမည်ဖြစ်ကြောင်း၊ ထိုသို့ပြဋ္ဌာန်းပြီးသည့် အခါ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ အနေဖြင့် မိမိတို့ တိုင်းဒေသကြီးနှင့် ပြည်နယ် အလိုက်ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေကြမ်း များကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသို့ တင်ပြ၍ ဥပဒေထုတ်ပြန် ပြဋ္ဌာန်းဆောင်ရွက်နိုင်ရန် လိုအပ်သည်များကို အချိန်မီ ဆက်လက်ဆောင်ရွက် ကြရမည်ဖြစ်ကြောင်း ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
သတင်းစဉ်