
ကြို့ပင်ကောက် မတ် ၃
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ မတ် ၂ ရက် မွန်းလွဲပိုင်းက သာယာဝတီခရိုင်အတွင်း စိုက်ပျိုး ရေးလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့ သည် သာယာဝတီမြို့နယ် စစ်ကုန်း(၂)ကျေးရွာရှိ တောင်သူဦးမြင့်စိုး၏ ဆင်းရွှေကြာမျိုး နေကြာသီး ညှပ်စိုက်ခင်း ၃၀၇ ဧက အောင်မြင်ဖြစ်ထွန်းနေမှု ကို သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ဒေသ အတွင်း နေကြာမျိုးများ ပြန်လည်ဖြန့်ဖြူးပေးနိုင်ရန် အတွက် မျိုးစုဆောင်းရန်နှင့် နေကြာစိုက်ပျိုးနိုင်သည့် နေရာ ဒေသများအားလုံးတွင် နေကြာစိုက်ပျိုးနိုင်ရေး တာဝန်ရှိသူများအား မှာကြားခဲ့ပြီးနောက် ဂုမ္မင်းကွင်းကျေးရွာအုပ်စု သာယာကုန်းကျေးရွာ တောင်သူဦးသိန်းထွန်း၏ နေကြာသီးသန့် စိုက်ခင်း ၁၀ ဧကအား ကွင်းဆင်းကြည့်ရှုအားပေးသည်။
ပဲခူးတိုင်းဒေသကြီးအတွင်း ပြည်ပအစားထိုး စားသောက်ကုန်ဖြစ်သော စားသုံးဆီပိုမိုဖူလုံ ထုတ်လုပ်နိုင်ရေး တိုင်းဒေသကြီးဝန်ကြီးချုပ်၏ အစီအစဉ်ဖြင့် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလမှစ၍ တိုင်းဒေသကြီးအတွင်း ပဲစိုက်တောင်သူများထံ နေကြာသီးညှပ်စိုက်ပျိုးနိုင်ရေး နေကြာမျိုး ၂၂၂၅ တင်းအား ကြိုတင်အခမဲ့ဖြန့်ဝေပေးထားနိုင်ခဲ့ပြီး ယခုအခါ ဆီထွက်နေကြာ ဧက ၅၈၃၀ တိုးချဲ့စိုက်ပျိုး နိုင်ကြောင်း သိရသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကြို့ပင်ကောက်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ မြို့နယ်အဆင့် ဌာနဆိုင်ရာများ မြို့မိ မြို့ဖများနှင့် တွေ့ဆုံ၍ မြို့ရေပေးဝေရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကျေးလက်မီးလင်းရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်ပေးသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ကြို့ပင်ကောက်မြို့နယ် ကြို့ပင်ဝိုင်းကျေးရွာရှိ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၁-၂၀၂၂ ခုနှစ် ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေကျပ်၁၂၄ သန်း ဖြင့် ဆောင်ရွက်လျက်ရှိသော မြေသား (၀/၆ ဒသမ ၈၄) ဖာလုံနှင့် ဂဝံလမ်း(၀/၆ ဒသမ ၈၄)ဖာလုံ လမ်းခင်း နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်ကာလ အတွင်း စံချိန်စံညွှန်နှင့်အညီ အချိန်မီပြီးစီးရေး တာဝန်ရှိသူများအား မှာကြားသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့ သည် မင်းလှမြို့နယ် ညောင်နီကုန်းကျေးရွာ တောင်သူ ဦးမြင့်နိုင်၏ ဟင်းသီးဟင်းရွက် GAP စနစ်ဖြင့် ခရမ်းချဉ်ရှစ်ဧက စိုက်ပျိုးအောင်မြင်နေ မှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်တွင်း ဈေးကွက် ခိုင်မာမှုရှိစေရေးနှင့် ဒေသနှင့်ကိုက်ညီသော ဟင်းသီးဟင်းရွက် မျိုးကောင်းမျိုးသန့်များအား တစ်ဦးချင်းမှသည် အများအပြား ရွေးချယ်စိုက်ပျိုး နိုင်ရေး ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင် ရွက်ပေးသည်။ ၎င်းနောက် သာယာဝတီဘူတာ အား သွားရောက်ကြည့်ရှုခဲ့ပြီး ဘူတာနှင့် ဘူတာ ပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်စေရေးနှင့် ဌာနပိုင်မြေ အတွင်း ကျူးကျော်နေထိုင်မှုမရှိစေရေး သက်ဆိုင်ရာ ဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
တင်စိုး(ပဲခူး)