
စပါး၊ ဆန် ပြည်တွင်းစားသုံးမှု ဖူလုံရေးနှင့် ပြည်ပဈေးကွက်များသို့ စဉ်ဆက်မပြတ် တိုးမြှင့်တင်ပို့နိုင်ရေးနှင့်စပ်လျဉ်းသည့်
ညှိနှိုင်းအစည်းအဝေးနှင့် ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းသီးနှံ တိုးမြှင့်ထုတ်လုပ်နိုင်ရေးနှင့် ပြည်ပဈေးကွက်များသို့
စဉ်ဆက်မပြတ် တင်ပို့နိုင်ရေးနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကျင်းပ
နေပြည်တော် မတ် ၃
စပါး၊ ဆန် ပြည်တွင်းစားသုံးမှုဖူလုံရေးနှင့် ပြည်ပ ဈေးကွက်များသို့ စဉ်ဆက်မပြတ် တိုးမြှင့်တင်ပို့ နိုင်ရေးနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးနှင့် ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းသီးနှံ တိုးမြှင့်ထုတ်လုပ် နိုင်ရေးနှင့် ပြည်ပဈေးကွက်များသို့ စဉ်ဆက်မပြတ် တင်ပို့နိုင်ရေးနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်း အဝေးများကို ယနေ့တွင် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပသည်။
ပိုမိုတင်ပို့နိုင်ရေး ကြိုးပမ်း
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းက စပါး၊ ဆန် ပြည်တွင်း စားသုံးမှု ဖူလုံရေးနှင့် ပြည်ပဈေးကွက်သို့ စဉ်ဆက်မပြတ် တိုးမြှင့်တင်ပို့နိုင်ရေးအတွက် ကဏ္ဍအလိုက်ဆွေးနွေး ပေးစေလိုပါကြောင်း၊ လက်ရှိကမ္ဘာ့တဝန်းဖြစ်ပေါ် နေသည့် အခြေအနေများအရ စားနပ်ရိက္ခာဖူလုံရေး အတွက် အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတကာသို့ မြန်မာ့ဆန်များ တင်ပို့ရောင်းချ ရာတွင် ထိုက်သင့်သည့် ဈေးနှုန်းများ ရရှိစေရေးနှင့် တန်းမြင့်ဆန်များ ပိုမိုတင်ပို့နိုင်ရေး ကြိုးပမ်းဆောင် ရွက်သွားရမည် ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် စိုက်ပျိုးထုတ်လုပ်သည်မှ ပြည်ပတင်ပို့ရောင်း ချသည်အထိ ဆန်စပါးကဏ္ဍ ထုတ်လုပ်မှုကွင်းဆက် (Supply Chain) တစ်လျှောက် ပါဝင်လုပ်ကိုင် ဆောင် ရွက်သူအားလုံး သင့်တင့်မျှတသည့် အကျိုးအမြတ် ရရှိစေရေး ဝိုင်းဝန်းထိန်းကျောင်း ဆောင်ရွက်သွား ရမည်ဖြစ်ကြောင်း၊ ဆန်ကြိတ်ခွဲခြင်းမှ ထွက်ရှိ လာသော ဖွဲနုကို တိရစ္ဆာန် အစားအစာအဖြစ် ရောင်းချနေခြင်းအစား အဆင့်မြင့်ကြိတ်ခွဲ ထုတ်လုပ် ၍ ဖွဲနုဆီအဖြစ် ထုတ်လုပ်နိုင်အောင် ဆောင်ရွက်ပြီး ပြည်တွင်းဆီ လိုအပ်ချက်ကို ဖြည့်ဆည်းသွားနိုင်ရေး ကိုလည်း စီမံဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။
ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်
ပြည်တွင်းစားနပ်ရိက္ခာဖူလုံရေးအတွက် လက်ရှိ ကမ္ဘာ့အခင်းအကျင်းနှင့် ကိုက်ညီသည့် မူဝါဒများကို ချမှတ်၍ ဆောင်ရွက်သွားမည်ဖြစ်ပြီး ဌာနများနှင့် သက်ဆိုင်ရာ အသင်းအဖွဲ့များမှ ကဏ္ဍအလိုက် လိုက်ပါအကောင်အထည်ဖော် ဆောင်ရွက်သွားရမည် ဖြစ်ပြီး အခက်အခဲများရှိပါကလည်း ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးစေလိုပါကြောင်း၊ သက်ဆိုင်ရာဝန်ကြီး ဌာနများမှ လိုအပ်သည်များကို ပံ့ပိုးကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြ သူများက စပါး၊ ဆန် ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အတွက် ကဏ္ဍအလိုက် ဆောင်ရွက်သင့်သည့် နည်းလမ်းများ၊ ရှေ့ဆက်လက် ဆောင်ရွက်သွားမည့် အခြေအနေများအပေါ် ဘက်ပေါင်းစုံမှ ဝိုင်းဝန်း ဆွေးနွေးအကြံပြုခဲ့ရာ ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးချက်များအပေါ် ဝန်ကြီးဌာနများမှ ကူညီ ဆောင်ရွက်ပေးနိုင်မည့် ကိစ္စရပ်များကို ပေါင်းစပ် ညှိနှိုင်းဖြေရှင်းပေးသည်။
အစိုးရချင်းချိတ်ဆက်ညှိနှိုင်း
ဆက်လက်၍ မွန်းလွဲပိုင်းတွင် ကျင်းပသည့် ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းသီးနှံ တိုးမြှင့်ထုတ်လုပ်နိုင် ရေးနှင့် ပြည်ပဈေးကွက်များသို့ စဉ်ဆက်မပြတ် တင်ပို့နိုင်ရေးနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်း အဝေး၌ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်များ ပြည်ပသို့ တင်ပို့ရာတွင် သက်ဆိုင်ရာနိုင်ငံအလိုက် လိုအပ်ချက်များဖြစ်သည့် SPS Protocol များ၊ သတ်မှတ်ချက်များနှင့် ကိုက်ညီ အောင် ထုတ်လုပ်တင်ပို့နိုင်ရေးနှင့် နှစ်စဉ် စဉ်ဆက် မပြတ် တင်ပို့နိုင်ရေး၊ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်းများ ပိုမို စိုက်ပျိုးထုတ်လုပ်နိုင်ရေး၊ ပြည်ပသို့ တင်ပို့သည့် ပို့ကုန်များ အရည်အသွေးပြည့်မီစေရေးနှင့် တန်းမြင့် ဈေးကွက်သို့ တင်ပို့နိုင်ရေးအတွက် လိုအပ်သည်များ ကူညီပံ့ပိုးဆောင်ရွက်လျက်ရှိကြောင်း၊ ပုဂ္ဂလိက ကဏ္ဍအနေဖြင့် ဈေးကွက်သစ် ရှာဖွေမှုတွေကို တိုးမြှင့်ဆောင်ရွက်သွားရန် လိုအပ်ပြီး နိုင်ငံတော် အနေဖြင့် အစိုးရချင်း ချိတ်ဆက်ညှိနှိုင်းမှုများကို အလေးထား ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထို့အပြင် ဆီထွက်သီးနှံများဖြစ်သည့် ပဲ၊ နှမ်း၊ နေကြာ၊ ပဲပုတ်များကို ပိုမိုစိုက်ပျိုးထုတ်လုပ်သွားရန် လိုအပ်ပြီး ပြည်တွင်းဈေးကွက် လိုအပ်ချက်ကို ဖြည့်ဆည်းပေးခြင်းဖြင့် ပြည်ပမှ ဆီတင်သွင်းမှုကို တစ်ဖက်တစ်လမ်းမှ လျှော့ချနိုင်ရေး ဆောင်ရွက်သွား ရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
ဝိုင်းဝန်းဆွေးနွေး
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာ ကြသူများက ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်း စိုက်ပျိုး ထုတ်လုပ်မှုအခြေအနေ၊ ကမ္ဘာ့နိုင်ငံများသို့ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းစိုက်ပျိုးတင်ပို့မှု အခြေအနေ၊ ပြည်တွင်း/ ပြည်ပ၌ ဖြစ်ပေါ်နေသည့် ဈေးနှုန်းများ၊ စိုက်ပျိုးသူ တောင်သူများမှ ဈေးကွက်လိုအပ်ချက် အရ ပြောင်းလဲစိုက်ပျိုးနေမှု အခြေအနေ၊ ကုန်သွယ်မှု ပုံစံပြောင်းလဲလာမှု အခြေအနေများကို ဝိုင်းဝန်း ဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက ဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်