ပေါင်းလောင်းဆည်ရေသောက်စနစ် မြှင့်တင်ပြုပြင်ခြင်းဖြင့် တောင်သူစီးပွားတိုးပွားစေမည်

Type

 

ရွှေယွန်း
 

 

ပြောင်းလဲလာသည့် ရာသီဥတုကြောင့် တောင်သူများမိုးမျှော်၍ စိုက်ပျိုးရေးလုပ်ဆောင်ရန်  ခက်ခဲလာပြီး  မိုးမျှော်၍ စိုက်ပျိုးမည်ဆိုပါကလည်း စီးပွားဖြစ်မည်မဟုတ်။ ထို့အတွက် မိုးကိုမမျှော်ဘဲ အချိန်မှန် စိုက်ပျိုးရေရရှိရေးအတွက် ဆည်မြောင်းအဆောက်အအုံများကို တောင်သူများ အားကိုးအားထားပြုလာကြသည်။

 

တောင်သူများ အားကိုးအားထား ပြုလာသည့် စိုက်ပျိုးရေကို အကျိုးထိရောက်စွာ ပေးဝေနိုင်ရန်၊ အလေအလွင့် နည်းပါးစေရန်အတွက် ဆည်ရေ ပေးဝေမှု  တိုးတက်ခေတ်မီရေးနှင့်    ဆည်မြောင်း ဆိုင်ရာ    သုတေသနစီမံကိန်းကို   (Pilot Areas) ရှေ့ပြေးဧရိယာများသတ်မှတ်၍    ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ဆောင်ရွက် လျက်ရှိသည်။
ဆည်ရေပေးဝေမှု       တိုးတက်ခေတ်မီရေးနှင့် ဆည်မြောင်းဆိုင်ရာ  သုတေသနလုပ်ငန်းစီမံကိန်း များအဖြစ် နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေး၊ မကွေးနှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဆည်ရေ သောက်စနစ်  ၁၂  ခုတွင်    ကွက်ဆင့်သောက် လယ်မြေ ဧက ၆၉၀၀အား ( Topographic Survey) တိုင်းတာခြင်း၊  ကွင်းမြေပုံထုတ်ခြင်း၊   ပုံစံထုတ် ခြင်းများ ဆောင်ရွက်လျက်ရှိသည်။ 

 


စနစ်တကျ တိုးချဲ့ဆောင်ရွက်လျက်ရှိ


“Pilot Project အနေနဲ့ လုပ်တာဖြစ်ပြီးတော့ နေပြည်တော်က ဆည်ရေသောက်စနစ် သုံးခု ပါဝင် ပါတယ်။ ဒီထဲမှာ  ပေါင်းလောင်းရေလှောင်တမံ ကတော့ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ဆည်ရေ ပေးဝေမှု တိုးတက်ခေတ်မီရေးနှင့် ဆည်မြောင်း ဆိုင်ရာ      သုတေသနလုပ်ငန်းစီမံကိန်းတွေကို ဆည်မြောင်းစီမံကိန်းတွေရဲ့   ရေသိုလှောင်ထိန်း သိမ်းမှုနဲ့ ရေပေးဝေမှုလုပ်ငန်းတွေ ပိုမိုထိရောက် အကျိုးရှိဖို့၊ စိုက်ပျိုးရေပေးဝေမှု  ပိုမိုစနစ်တကျ ဖြစ်စေဖို့၊   ရေဆုံးရှုံးမှုကို    အနည်းဆုံးပမာဏနဲ့ စီမံဆောင်ရွက်နိုင်ဖို့၊ ဆည်မြောင်းစနစ် ဖွံ့ဖြိုးတိုး တက်စေဖို့နဲ့ ရေအသုံးချသူအဖွဲ့တွေ စနစ်တကျ တိုးချဲ့     ဖွဲ့စည်းဆောင်ရွက်နိုင်ဖို့    ရည်ရွယ် ဆောင်ရွက်လျက်ရှိပါတယ်” ဟု တည်ဆောက်ရေး (၅)၊  ဆည်မြောင်းနှင့်  ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန ညွှန်ကြားရေးမှူးက ပြောကြားသည်။
ထိုကဲ့သို့ သုတေသနလုပ်ငန်းစီမံကိန်းများကို ဆောင်ရွက်ရာတွင် လယ်သမားများ၏ လယ်ယာ လုပ်ငန်းဆိုင်ရာ၊ ပိုင်ဆိုင်မှုဆိုင်ရာ၊ သီးနှံစိုက်ပျိုးမှု ကုန်ကျစရိတ်နှင့် သီးနှံအထွက်နှုန်းဆိုင်ရာ၊ ဆည် ရေပေးဝေမှု၊ သုံးစွဲမှုနှင့် သက်ဆိုင်သည့် လယ်သမား များ၏    လယ်ယာလုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ အချက်အလက်များကို ရယူဆောင်ရွက်လျက်ရှိ ကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲ ရေးဦးစီးဌာနမှ သိရသည်။
ထို့အပြင် မြေဆီလွှာ၊ ရေနမူနာများ စမ်းသပ် ခြင်း၊ ရေမှတ်များ မှတ်တမ်းတင်ခြင်း၊ ရေစီးနှုန်း တိုင်းတာခြင်း၊မိုးရေချိန်၊ ရေငွေ့ပျံနှုန်း တိုင်းတာ ခြင်း၊ မြေအောက်ရေ တိုင်းတာခြင်း၊ Data Logger ဖြင့် ရေအမြင့်၊ ရေဖိအား တိုင်းတာခြင်း၊ ရေစိမ့်ဝင် နှုန်းနှင့်   ပင်ငွေ့ပျံနှုန်း  တိုင်းတာခြင်းကဲ့သို့သော ဆည်တာတမံဆိုင်ရာ သုတေသနလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 


အသိပညာပေးမြှင့်တင်


“သုတေသနလုပ်ငန်းတွေထဲမှာ   စနစ်ကျ လယ်ယာမြေ ဖော်ထုတ်တာ၊ လယ်ကြား မြောင်း တွေဖောက်တာနဲ့           စိုက်ပျိုးရေအသုံးပြုတဲ့ တောင်သူတွေ စနစ်တကျအသုံးပြုတတ်ဖို့    ရေ အသုံးချသူအသင်း/ အဖွဲ့တွေ     ဖွဲ့စည်းတာတွေ ကိုလည်း  အသိပညာပေး   မြှင့်တင်ဆောင်ရွက် လျက်ရှိပါတယ်” ဟု ညွှန်ကြားရေးမှူးက ဆိုသည်။
တည်ဆောက်ပြီးဆည်တာတမံများမှ စိုက်ပျိုး ရေပေးဝေရာတွင် ကွက်ဆင့်သောက်စနစ်ကို အသုံး ပြုနေခြင်းကြောင့် ရေခွဲဝေမှုစနစ်မကျခြင်းဖြစ်ပေါ်၍ ရေလေလွင့်ဆုံးရှုံးမှုများပြားခြင်း၊    လယ်သမား အချင်းချင်း ပြဿနာဖြစ်ပွားခြင်း စသည့်  အခက် အခဲများ ရှိနေသည်။ 
ထိုအခက်အခဲကို    ဖြေရှင်းနိုင်ရန်အတွက်  ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲ ရေးဦးစီးဌာန သည် စနစ်ကျလယ်ယာမြေများ ဖော်ထုတ်ရေး၊ လယ်ကြားမြောင်းများ ဖောက်လုပ်၍ ရေရယူသုံးစွဲ ရေးတို့ကို ဆောင်ရွက်နိုင်ရန် ရေအသုံးချသူအသင်း/ အဖွဲ့များ ဖွဲ့စည်းဆောင်ရွက်လျက်ရှိသည်။ 
ပေါင်းလောင်းဆည်ရေသောက်စနစ်အတွင်း ဆည်ရေအသုံးပြုတောင်သူများပါဝင်သည့်     ရေ အသုံးချသူများအဖွဲ့ (WUG) အဖွဲ့ပေါင်း ၂၁၉  ဖွဲ့ တောင်သူဦးရေ ၃၄၅၇ ဦးအား လက်တံမြောင်း အလိုက်၊ လက်တံခွဲမြောင်းအလိုက်၊ လယ်ကြား မြောင်းအလိုက်  ဖွဲ့စည်းထားပြီး   WUA   အဆင့် ရောက်ရှိရန်   ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း ဆည်မြောင်းနှင့်    ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီး ဌာနမှ သိရသည်။

 


“ရေအသုံးပြုတောင်သူများအဖွဲ့    (WUG) ဆိုတာကတော့ ရေအသုံးပြုနေတဲ့  တောင်သူများ ကိုယ်တိုင်ပါဝင်တဲ့    အဖွဲ့များဖွဲ့စည်းခြင်းဖြစ်ပါ တယ်။ အရင်က  တောင်သူတွေ ကိုယ့်လယ်မြေ ရေသွင်း/ရေထုတ် ကုန်ထုတ်ဖို့ ကိုယ်တိုင်တစ်ဦးချင်း ဆောင်ရွက်နေတဲ့အနေအထားကနေ အခု  ရေ အသုံးပြုတောင်သူများအဖွဲ့ (WUG) ကို မြောင်း အလိုက်၊ လယ်ကြားမြောင်းအလိုက် ဖွဲ့စည်းလိုက် ပြီးတော့ တောင်သူတွေအနေနဲ့ မြောင်းအလိုက် အဖွဲ့ငယ်တွေကနေ အဖွဲ့အစည်းစနစ်နဲ့ ဆောင်ရွက် လာနိုင်တယ်။ ရေသုံးစွဲမှုကိစ္စရပ်တွေကို ဆည် မြောင်းနှင့်  ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနနဲ့  WUG အဖွဲ့ခေါင်းဆောင်၊ ဒု-ခေါင်းဆောင်တွေက  ချိတ် ဆက်ဆောင်ရွက်ပြီးတော့  တောင်သူအငြင်းပွား မှုတွေ၊   ရေသုံးစွဲမှုကိစ္စရပ်တွေ     ပိုမိုအဆင်ပြေ ထိရောက်အောင် ဆောင်ရွက်လာနိုင်ပါတယ်” ဟု ပေါင်းလောင်းဆည်ရေ   အသုံးပြုတောင်သူများ ပါဝင်သည့် ရေအသုံးချသူများအဖွဲ့ (WUG) အဖွဲ့ဝင် ကွမ်းခြံကျေးရွာမှ  တောင်သူ   ဦးခင်မောင်ရင်က ပြောကြားသည်။
ရာသီပတ်လုံး စိုက်ပျိုးနိုင်အောင် အထောက်အကူပြုလျက်ရှိ
ထိုကဲ့သို့    ရှေ့ပြေးသုတေသနလုပ်ငန်းများ ဆောင်ရွက်နေသည့် ပေါင်းလောင်း ရေလှောင် တမံသည် ပျဉ်းမနား၊ လယ်ဝေး၊ ရေတာရှည်မြို့နယ် များမှ လယ်ယာမြေ ဧက ၂၁၁၂၁ ဧကကို စိုက်ပျိုးရေ ပေးဝေကာ တောင်သူများ မိုးစပါး၊  နွေစပါး၊  ပဲ၊ ပြောင်း၊ နှမ်းစသော သီးထပ်သီးညှပ် သီးနှံများကို ရာသီပတ်လုံး စိုက်ပျိုးနိုင်အောင် အထောက်အကူ ပြုလျက်ရှိသည်။
“အရင်က ကုန်ထုတ်လမ်းမရှိတော့ ကုန်ထုတ် ဖို့  ခက်ခဲတာရယ်၊   ပြီးတော့   ရေသွင်းပိုက်က ကွက်ဆင့်သောက်ရေယူရတော့  ရေသွင်းစိုက်ပျိုး ရတာ အဆင်မပြေခဲ့ပါဘူး။ အခုတော့ လယ်ကြား မြောင်းတွေ အသစ်တူးဖော်ပေးတော့ ကိုယ့်လယ် သူ့လယ်ဘေးမှာ  လယ်ကြားမြောင်း  ကိုယ်စီရှိကြ တော့   ရေသွင်းဖို့   မပူရတော့ဘူး။    ပြီးတော့ လယ်ကြားမြောင်းထိပ်တွေမှာ  ရေတံခါးငယ်တွေ ပါတော့  မလိုရင်ပိတ်လို့ရတယ်။  ကုန်ထုတ်လမ်း အသစ်ဖောက်ထားတော့   ထွန်ယက်စိုက်ပျိုးချိန်၊ စပါးရိတ်သိမ်းချိန် အဝင်အထွက်အဆင်ပြေသွားပြီး လယ်တွေထဲကရေနုတ်ဖို့ အတွက်လည်း  ရေနုတ်မြောင်းပြုပြင်တူးဖော်ပေးတယ်ဆိုတော့  စိုက်ပျိုး ရာသီမှာ လယ်မြေတွေ ရေနစ်မှာမပူရတော့ဘူး။ ပြီးတော့ ဒီနှစ်ထဲ  ဆည်မြောင်းနှင့်    ရေအသုံးချ မှုစီမံခန့်ခွဲရေး ဦးစီးဌာနက ရေစီးနှုန်းနဲ့ မိုးရေချိန်တို့ တိုင်းတာတယ်။          သုတေသနလုပ်ငန်း‌တွေ  ဆောင်ရွက်တယ်။   လယ်သမားအချက်အလက် စစ်တမ်းကောက်တာတွေလုပ်တယ်။ ရေပေးဝေမှု အကျိုးရှိ  ထိရောက်အောင်ပေါ့။      

 


နောက်တစ်ခုက ကျွန်တော်တို့  လယ်ကွက်ထဲမှာ  ရေတို့၊   မြေတို့ နမူနာယူပြီး  ဓာတ်ခွဲခန်းပို့ကာ   စမ်းသပ်မှုတွေ လုပ်ပေးတော့ တောင်သူတွေအနေနဲ့ ကိုယ့်လယ်မြေအမျိုးအစား၊     ရေလိုအပ်မှု၊ ဘာသီးနှံစိုက်ပျိုးသင့်လဲ ဆိုတာ သိနိုင်တော့မယ်”ဟု ပေါင်းလောင်းဆည်ရေသောက်စနစ်တွင်   ပါဝင် သည့်    ပိတောက်ချောင်ကျေးရွာမှ    တောင်သူ  ဦးကျော်စွာက   ပြောကြားသည်။
စနစ်ကျလယ်ယာမြေ စုစုပေါင်း ၂၈၄၂  ဧက  ဖော်ဆောင်နိုင်ခဲ့
ဆည်မြောင်းနှင့်    ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနသည်   ပေါင်းလောင်းဆည်ရေသောက် ဧရိယာအတွင်း၂၀၁၅-၂၀၁၆ ခုနှစ်တွင် ၃၀၃  ဧက၊ ၂၀၁၆-၂၀၁၇ ခုနှစ်တွင် ၅၄  ဧက၊ ၂၀၁၇-၂၀၁၈ ခုနှစ်တွင် ၉၅၂ ဧက၊ ၂၀၁၈-၂၀၁၉   ခုနှစ်တွင်    ဧက ၁၀၃၀ နှင့် ၂၀၁၉-၂၀၂၀ ခုနှစ်တွင်   ၅၀၃ ဧက တို့ကို စနစ်ကျ  လယ်ယာမြေများအဖြစ်  ဖော်ဆောင် ပေးနိုင်ခဲ့ပြီး   ယနေ့ထိ   စနစ်ကျလယ်ယာမြေ စုစုပေါင်း ၂၈၄၂  ဧက  ဖော်ဆောင်နိုင်ခဲ့ကြောင်း သိရသည်။
တောင်သူများ  ရာသီပတ်လုံး   စိုက်ပျိုးရေး ဆောင်ရွက်နိုင်စေရန်အတွက်      ရေလှောင်တမံ  ကြံ့ခိုင်ရေးစစ်ဆေးမှုလုပ်ငန်းများကို ဆည်မြောင်း နှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန  အနေဖြင့် ပုံမှန်ဆောင်ရွက်လျက်ရှိသည်။
“ဆည်တာတမံကြံ့ခိုင်ရေးကို   ကျွန်တော်တို့ ဌာနအနေနဲ့ အလေးထား  ဆောင်ရွက်နေပါတယ်။  ဆည်ရွေ့လျားမှု နိမ့်ကျမှု ရှိ/မရှိ၊ သိုလှောင်ရေနဲ့ မြေအောက်ရေ ဆက်စပ်မှု၊ ရေစိမ့်နှုန်း တိုင်းတာမှု ဒါတွေကို ပုံမှန်ဆောင်ရွက်နေပါတယ်။ ပြီးတော့ ပေါင်းလောင်းရေကို အရည်အသွေးစမ်းသပ်မှုတွေ အရ PH 6.7 ရှိတယ်။ ရေရဲ့အရည်အသွေးကောင်း မွန်တဲ့အတွက် စိုက်ပျိုးရေအပြင် သောက်သုံးရေပါ အသုံးပြုနိုင်သော ရေအမျိုးအစားဖြစ်ပါတယ် ” ဟု ညွှန်ကြားရေးမှူးက ပြောသည်။
အမြင့်ဆုံးရေလှောင်တမံတစ်ခုဖြစ်
ပေါင်းလောင်းရေလှောင်တမံသည် တမံအမြင့် ပေ ၄၃၀ ‌ရှိသော  တမံတစ်ခုဖြစ်၍  နိုင်ငံအတွင်း  ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန မှ တည်ဆောက်ပြီး  ရေလှောင်တမံများအနက် အမြင့်ဆုံးရေလှောင်တမံ တစ်ခုဖြစ်သည်။ တမံ အလျားမှာ  ပေ  ၃၁၀ဝ ဖြစ်သည်။ ရေဆင်းဧရိယာ ၁၇၁၀  စတုရန်းမိုင်ဖြစ်သည်။ ပေါင်းလောင်းတမံ ဘက်စုံစီမံကိန်း၏   ရေပိုလွှဲမှာ  သံကူကွန်ကရစ် (Ogee Crested Stepped Type)   ပုံစံဖြစ်ပြီး အကျယ် ၄၆၁ ပေနှင့်  အလျား  ၁၆၀၈  ပေ ရှည်လျားကာ  ရေပိုလွှဲ၏    ဒီဇိုင်းရေထုစီးနှုန်းမှာ  ၁၇၆၅၅ဝ  ကုဗပေစက္ကန့်ရှိသည်။  ရေပိုလွှဲတွင် Ogee  Step လေးခုဖြင့်  အဆင့်ဆင့်  ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
တောင်သူများ စိုက်ပျိုးရေရရှိစေရန် ရည်ရွယ် တည်ဆောက်ပေးခဲ့သော ပေါင်းလောင်းရေလှောင် တမံသည် သိုလှောင်ရေဧကပေ ၅၄၉၄၂၀ သိုလှောင် နိုင်သဖြင့် စိုက်ပျိုးရေသာမက  နှစ်စဉ်  ရေအား လျှပ်စစ်ဓာတ်အား ပျမ်းမျှ ၉၁၁   ကီလိုဝပ်နာရီ သန်းပေါင်း ထုတ်လုပ်နိုင်သည့်   ရေလှောင်တမံ ဖြစ်သည်။
အကျိုးစီးပွားကြိုးစားဖော်ဆောင်
ထိုကဲ့သို့ ပေါင်းလောင်းရေလှောင်တမံ ကြံ့ခိုင် ကောင်းမွန်အောင်   ပြုပြင်ထိန်းသိမ်းခြင်း၊   ရေ သောက်စနစ်များ အဆင့်မြှင့်တင်ဆောင်ရွက်ခြင်းနှင့် ရေစီမံခန့်ခွဲမှုစနစ် ပိုမိုတိုးတက်ကောင်းမွန် စေရန်  ဆောင်ရွက်ခြင်း၊   တောင်သူများအတွက် မရှိမဖြစ် လိုအပ်သည့် စိုက်ပျိုးရေရရှိရေးလုပ်ငန်းများကို     ဦးစားပေး    အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနသည် ပြည်သူတို့၏  အကျိုး စီးပွား၊  ဒေသခံတောင်သူများ၏  အကျိုးစီးပွားကို ကြိုးစားဖော်ဆောင်လျက်ရှိပါကြောင်း     တင်ပြ လိုက်ရပါသည်။    ။