
ရန်ကုန် မတ် ၂
နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့ရှိ အပြည်ပြည် ဆိုင်ရာတရားရုံး(ICJ)၌ မြန်မာနိုင်ငံက တင်သွင်းခဲ့ သော ကနဦးကန့်ကွက်လွှာဆိုင်ရာ ကြားနာပွဲသို့ တက်ရောက်ခဲ့သည့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ သီတာဦးတို့ ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့သည် ယနေ့ညပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြသည်။
ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် ဒေါက်တာ သီတာဦးတို့ ဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့အား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ နိုင်ငံခြားရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆို နှုတ်ဆက်ကြသည်။
ထို့ပြင် မြန်မာကိုယ်စားလှယ်အဖွဲ့၏ ဆောင်ရွက် မှုကို ထောက်ခံအားပေးကြသည့် နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို)မှ တာဝန်ရှိသူများ၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး (YMBA) (ဗဟို)မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့်ရဟန်းရှင်လူပြည်သူများက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံများနှင့် အပြည်ပြည်ဆိုင်ရာ တရားရုံး(ICJ) တွင် တိုင်းပြည်နှင့် လူမျိုးအကျိုးအတွက် ရဲဝံ့ ပြတ်သားစွာ ဆောင်ရွက်ခဲ့ကြသော မြန်မာကိုယ်စားလှယ်အဖွဲ့အား ဂုဏ်ယူဝမ်းမြောက် စွာ ကြိုဆိုပါသည်ဟူသည့် ဗီနိုင်းဆိုင်းဘုတ်များကို ကိုင်ဆောင်ကာ ရန်ကုန်လေဆိပ်၌ သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်ကြသည်။
မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)၌ ၁၉၄၈ ခုနှစ် လူမျိုးတုံးစေမှုကို တားဆီးရန်နှင့် ပြစ်ဒဏ်ပေးရန် နိုင်ငံတကာသဘောတူစာချုပ် ကို ကျူးလွန်ဖောက်ဖျက်သည်ဟု စွပ်စွဲချက်ဖြင့် တရားစွဲဆိုထားခြင်းနှင့် ပတ်သက်၍ ICJ တရားရုံးတွင် စီရင်ပိုင်ခွင့်မရှိကြောင်း၊ ဂမ်ဘီယာနိုင်ငံအနေဖြင့်လည်း တရားစွဲဆိုခွင့် မရှိကြောင်း ကနဦးကန့်ကွက်လွှာကို မြန်မာနိုင်ငံက အပြည်ပြည်ဆိုင်ရာတရားရုံးသို့ တင်သွင်းခဲ့ပြီး ကန့်ကွက်လွှာနှင့်ပတ်သက်သည့် ကြားနာမှုကို နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့တွင် ဖေဖော်ဝါရီ ၂၁ ရက်မှ ၂၈ ရက် အထိ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါကြားနာပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က ICJ အနေဖြင့် ဥပဒေကြောင်းအရ ထိုအမှုကို လက်ခံကြားနာစစ်ဆေးခွင့် မရှိကြောင်း လျှောက်လဲရှင်းလင်းပြောကြားခဲ့ပြီး မြန်မာနိုင်ငံကိုယ်စားပြု နိုင်ငံတကာရှေ့နေများကလည်း မြန်မာနိုင်ငံက တင်သွင်းခဲ့သည့် ကနဦးကန့်ကွက်ချက်များနှင့် ပတ်သက်၍ တရားရုံးသို့ အချက်အလက် ခိုင်ခိုင်မာမာဖြင့် တင်ပြလျှောက်လဲခဲ့ကြောင်း သိရှိရသည်။
သတင်းစဉ်