အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ အရ တရားစွဲဆိုခံရသည့်  ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးဟောင်း ဒေါ်နီလာကျော်အပေါ် စီရင်ချက် အမိန့်ချမှတ်


 

နေပြည်တော်   မတ်   ၁
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီးဌာန၊  လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေးဝန်ကြီး ဌာနတို့၏  ဝန်ကြီးဟောင်း  ဒေါ်နီလာကျော်အပေါ်  အဂတိလိုက်စားမှု ကျူးလွန်ကြောင်း  တိုင်ကြားခြင်းနှင့်စပ်လျဉ်း၍  အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က   စုံစမ်းစစ်ဆေးရေးအဖွဲ့   ဖွဲ့စည်းစစ်ဆေး ခဲ့သည်။ 
စစ်ဆေးတွေ့ရှိချက်အရ     ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးဟောင်း ဒေါ်နီလာကျော်သည် နိုင်ငံရေးရာထူးလက်ရှိဖြစ်ခဲ့စဉ် Quality Controller Company ရွေးချယ်ရေးအဖွဲ့၌ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း ၎င်း၏ လုပ်ပိုင်ခွင့်ကို အသုံးချ၍ ၎င်းနှင့် ခင်မင်ရင်းနှီးသည့် ကုမ္ပဏီကို Quality Controller Company အဖြစ် အသိအမှတ်ပြုလွှာ ထုတ်ပေးခြင်းနှင့် အရည်အသွေးစစ်ဆေးရေး လုပ်ငန်း ဆောင်ရွက်နိုင်ရန် လုပ်ငန်းချထားပေးခြင်းတို့ကို ဆောင်ရွက် ခဲ့ရာ ၂၀၁၇ ခုနှစ် မတ်လမှ ၂၀၂၁ ခုနှစ် ဇန်နဝါရီလအထိ ကာလအတွင်း  လုပ်ငန်းစုစုပေါင်း ၁၅၇၇ ခုမှ အရည်အသွေးစစ်ဆေးခအဖြစ် ဝင်ငွေ ငွေကျပ်သိန်း ၁၆၆၀၀ ကျော်ကို ရရှိစေခဲ့ပြီး ၎င်းကုမ္ပဏီထံမှ ငွေကျပ် ၉၁၈ ဒသမ ၂၄ သိန်းကို ၎င်းကိုယ်တိုင် လက်ခံရယူခဲ့ခြင်း၊ ငွေကျပ် ၅၉၅ ဒသမ ၃၆ သိန်းကို ၎င်း၏အိမ်အကူမှတစ်ဆင့် လက်ခံရယူခဲ့ခြင်း၊ ငွေကျပ်သိန်း ၂၁၃၀ ကို ၎င်းကိုယ်စား ပုဂ္ဂိုလ်တစ်ဦးထံသို့ သွားရောက် အကြွေးဆပ်စေခြင်းဖြင့် စုစုပေါင်းငွေကျပ် ၃၆၄၃ ဒသမ ၆၀ သိန်းကို လက်ခံရယူခဲ့ခြင်းတို့ကြောင့် ဝန်ကြီးဟောင်း ဒေါ်နီလာကျော် အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ  ၅၅ အရ ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်တွင် ၂၀၂၁ ခုနှစ် မေ ၇ ရက်၌  တရားစွဲဆို တင်ပို့ခဲ့ရာ  ရာဇဝတ်ကြီးမှု  အမှတ် ၈/၂၀၂၁ မှ ၂၃/၂၀၂၁ အထိ  အမှု ၁၆ မှုဖြင့် လက်ခံစစ်ဆေးခဲ့သည်။
ထိုအမှုများအပေါ် ပြစ်မှုထင်ရှားသဖြင့် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်က ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်တွင် ဝန်ကြီး ဟောင်း ဒေါ်နီလာကျော်ကို ရာဇဝတ်ကြီးမှုအမှတ် ၈/၂၀၂၁ မှ ၁၀/၂၀၂၁ အထိ ၃ မှုအတွက် တစ်ပေါင်းတည်း အလုပ်နှင့် ထောင်ဒဏ် ၄ နှစ်၊ ရာဇဝတ်ကြီးမှုအမှတ်  ၁၁/၂၀၂၁  မှ  ၁၃/၂၀၂၁  အထိ   ၃ မှုအတွက် တစ်ပေါင်းတည်း အလုပ်နှင့်ထောင်ဒဏ် ၄ နှစ်၊ ရာဇဝတ်ကြီးမှုအမှတ် ၁၄/၂၀၂၁ မှ ၁၉/၂၀၂၁ အထိ ၆ မှုအတွက် တစ်ပေါင်းတည်း အလုပ်နှင့် ထောင်ဒဏ် ၄ နှစ်၊ ရာဇဝတ်ကြီးမှုအမှတ် ၂၀/၂၀၂၁ မှ ၂၃/၂၀၂၁ အထိ ၄ မှုအတွက် တစ်ပေါင်းတည်း အလုပ်နှင့်ထောင်ဒဏ် ၄ နှစ် စုစုပေါင်း အမှု ၁၆ မှု အတွက် အလုပ်နှင့်ထောင်ဒဏ် ၁၆ နှစ် ကျခံစေရန် အမိန့် ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်