ဖူးစေချင်ညွှန်း မြတ်မော်တင်စွန်း

Type
၅

 

သိန်းဇော်(ရွှေလီဦး) 

 

ပုသိမ်ဆိပ်ကမ်းရောက်တော့ ကျွန်တော့်မမပုသိမ်သူ သီချင်းသံ နားထဲတွင် ကြားယောင်လာသည်။ ဟိုးလွန်ခဲ့သော နှစ်ပေါင်း ၃၀ ကျော်ကာလက မြတ်မော်တင်ဘုရားသို့ ပုသိမ်မှ ရေလမ်းခရီးဖြင့် သွားခဲ့ပုံကို သတိရလိုက်သည်။ ပုသိမ်ဆိပ်ကမ်းနှင့် ပုသိမ်မြစ်ရိုးတစ်လျှောက် သင်္ဘောကြီးငယ်များ၊ အလံတွေ တလူလူ အသံချဲ့စက်သံတညံညံဖြင့် မြင်ရကြားရသည်မှာ ပျော်ရွှင်စရာ၊ ကြည်နူးစရာအတိပင်။ ပုသိမ်မြစ်ရိုးတစ်လျှောက် ပဲ့တင်ထပ်နေသော ကျွန်တော့်မမ ပုသိမ်သူ သီချင်းကား မြတ်မော်တင်စွန်းဘုရားပွဲတော်ကာလ၏ သင်္ကေတတစ်ခုပင်။ နှစ်စဉ် တပေါင်းလဆန်း ၁ ရက်မှ တပေါင်းလပြည့်နေ့အထိ ဘုရားပွဲတော် ကာလ ဖြစ်သည်။ ယခုအခါ ရေလမ်းတင်မဟုတ်တော့၊ ကားလမ်းခရီးဖြင့်လည်း သွားလာနိုင်ကြလေပြီ။
 

 

မြတ်မော်တင်စေတီတော်ကြီးသို့


ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ငပုတော မြို့နယ် အနောက်ရိုးမတောင်စွန်း ပုသိမ်မြို့မှ ၉၆ မိုင်အကွာ နဂရအငူတွင် မြတ်မော်တင်စွန်းဘုရား တည်ရှိသည်။ ကားလမ်းခရီးဖြင့်သွားလျှင် သာယာ လွန်းသော  အနောက်ရိုးမတောင်၏  အရှေ့ဘက် ခြမ်းရှိ တောင်ခြေရှုခင်းများ၊ သဘာဝတောတောင် များ၊ ဧရာတိုင်း၏ လူနေမှုဘဝအလှများ၊ စိုက်ခင်း များ၊ ရော်ဘာခြံများ၊ အသီးအနှံခြံများ၊ ကျွန်းတော များကို မြွေလိမ်မြွေကောက် လမ်းဘေးဝဲယာတွင် စုတ်ချက်ရောင်စုံ  ပန်းချီကားများအလား မြင်တွေ့ နိုင်သည်။ ပုသိမ်ကြိုးတံတားနှင့် ပုသိမ်မြို့လယ်ရှိ ပုသိမ်အမှတ်(၂)တံတားမှ ကူးလိုက်လျှင် မကြာခင် ချောင်းသာကမ်းခြေသို့ဟု လမ်းညွှန်ထားသော လမ်းခွဲကျော်လာသလို စိန်တောင်လမ်းခွဲသို့ ရောက် လျှင် ငွေဆောင်သို့သွားသောလမ်းခွဲကို တွေ့ရပြီး တောင်ဘက်စူးစူးလမ်းကား အံ့ဖွယ် ၁၈ ပါးနှင့်အတူ တန်ခိုးကြီးမားသော မြတ်မော်တင်စေတီတော်ကြီး သို့ သွားရာလမ်းပင်။

 


မော်တင်စွန်းဘုရားမှာ မြန်မာလူမျိုးတို့၏ စိတ် ဘဝင်ကို  ညှို့ယူဆွဲဆောင်နိုင်သော  နေရာများထဲ တွင် တစ်ခုအပါအဝင်ဖြစ်သည်။ ပြည်တွင်းဘုရားဖူး သာမက   ကမ္ဘာလှည့်ခရီးသည်များပါ  လာရောက် ဖူးမြော်လေ့လာသော ဘုရားတစ်ဆူလည်းဖြစ်သည်။ ဘင်္ဂလားပင်လယ်အော်အလှနှင့် ကျောက်ဆောင် ကျောက်တန်းများ အလှအပကို ထပ်ပေါင်းကြည့်ရှု ခံစားလိုသော ဘုရားဖူးများအတွက် အထူးအခွင့် အရေးတစ်ခုပင်။ 

 


ဘုရားပွဲတော်


နှစ်စဉ် ဘုရားပွဲတော်ကိုစည်ကားစွာ ကျင်းပပြီး ပွဲတော်ရက်မှာ   တပေါင်းလဆန်း   ၁    ရက်နေ့မှ လပြည့်နေ့အထိ ဖြစ်သည်။ ပွဲတော်အတွင်း တည်းခို နေထိုင်ရန် မျောတိုင်၊ ဝါးတိုင်၊ သက်ငယ်၊ ဓနိများဖြင့် ဆောက်လုပ်ထားသော တည်းခိုဆောင်များ အစီ အရီ   ယာယီပေါ်လာသလို   ရေချိုသုံးရန်လည်း အလျှံပယ်ဖန်တီးထားသည်။ ဒေသထွက်သဘာဝ ခရုခွံများဖြင့် အလှဆင်ထားသော ပုတီး၊ လည်ဆွဲ၊ ကန့်လန့်ကာ၊ ဦးထုပ်၊ ပန်းအိုးများကို ရောင်းချနေ သည့် ဈေးတန်းကြီးကိုလည်း တစ်မျှော်တစ်ခေါ် တွေ့ရသည်။ ထို့အတူ အုန်းလက်ခမောက်ကလေး များ  ဆောင်းကာ  မော်တင်စွန်းမှ   မနီးမဝေးရှိ ငွေတောင်ရေချိုးဆိပ်သို့    သွားရောက်၍   ပင်လယ် ရေချိုးနိုင်သည်။ အုန်းရေသောက်နိုင်သည်။ ပျော်ရွှင် ဖွယ်ရာ အားကစားနည်းလေးများလည်းရှိသည်။ 

 


စေတီတော်သမိုင်း


မြတ်မော်တင်စွန်းဘုရားကို ပင်လယ်သောင်ခြေ လမ်းမှ ဖူးမြော်လျှင် ပင်လယ်ထဲသို့ထိုးထွက်နေသော မြန်မာနိုင်ငံမြေပုံ အနောက်တောင်စွန်း အငူလေးမှာ တည်နေပုံကို ထင်ထင်ရှားရှားတွေ့မြင်နိုင်သည်။ ထိုအစွန်းလေးကို  မော်တင်စွန်းဟု  ခေါ်ကြသလို နဂါးရစ်တောင် သရကာတောင် (သို့မဟုတ်) နီရဘန် တောင်ဟု ခေါ်ကြသည်။ ထိုဆံတော်ရှင်စေတီတော် မှာ မြတ်စွာဘုရားပွင့်တော်မူစဉ်ကာလ ဥက္ကလာပ တိုင်းသားများဖြစ်သော   တဖုဿနှင့်  ဘလိက ကုန်သည်ညီနောင်သည် မဟာသက္ကရာဇ် ၁၀၃ ခုနှစ်တွင်   မြတ်စွာဘုရားထံမှ    ဆံတော်ရှစ်ဆူ ပင့်ဆောင်ခွင့် ရရှိခဲ့သည်။ ပင်လယ်ခရီးဖြင့် ပြန်လာ ရာ ဇေယျသေန နဂါးမင်း ပိုင်စိုးသော နဂရအငူသို့ ဖြတ်သန်းရာတွင်   နဂါးမင်းက   ဆံတော်နှစ်ဆူ ပင့်ဆောင်ယူပြီး မော်တင်တောင်ထိပ်တွင် ဌာပနာ သွင်း၍ စိုင်တမော့အရွယ် စေတီတစ်ဆူ စတင်ပူဇော် ခဲ့သည်။ ဘွဲ့အားဖြင့် မဟာမကုဋရံသီ တွင်ခဲ့သည်။ ထို့နောက် သီရိဓမ္မာသောကမင်းကြီးက ပြန်လည် ပြုပြင်ခဲ့သည်။    သာသနာတော်သက္ကရာဇ် ၂၃၆ ခုနှစ်တွင် အရှင်မဟာမောဂ္ဂလိတိဿ မထေရ်နှင့် အရှင်ဥတ္တရမထေရ်၏ တန်ခိုးတော်ဖြင့် မင်းကြီး နှင့်တကွ မိဖုရား အခြွေအရံတို့က ပြုပြင်မွမ်းမံသည်။ 

 


သက္ကရာဇ် ၄၅၇ ခုနှစ်တွင် အလောင်းစည်သူ မင်းကြီး ပင်လယ်ရပ်ခြားနိုင်ငံများသို့ လှည့်လည် ရာတွင် တောင်ထိပ်ရှိ    ဆံတော်ရှင်   ရောင်တော် ကွန့်မြူးသည်ကို   ဖူးတွေ့ရသဖြင့်  ဖောင်တော် ဆိုက်၍ ဖူးမြော်ခဲ့သည်။ ဖောင်တော်ဆိုက်ရာနေရာ ကိုလည်း ဖောင်တော်ဦးစေတီ တည်ထားခဲ့သည်။ ဘုရားကြီး၏ခြေတော်ရင်း    ပင်လယ်ကမ်းစပ် ကျောက်ဆောင်ပေါ်တွင် ဖူးတွေ့နိုင်သည်။

 


ပွဲတော်ကျင်းပရာသောင်ပြင်


 မြတ်မော်တင်ဘုရားကို ဖူးမြော်ပြီးသည်နှင့် ငွေတောင်ဘုရားကိုလည်း    ဖူးတွေ့နိုင်သည်။ ငွေတောင်မှာ မော်တင်စွန်းဘုရားပွဲလာ ဘုရားဖူးများ ပင်လယ်ရေချိုးရာ   ရေချိုးဆိပ်လည်းဖြစ်သည်။  မြတ်မော်တင်ဘုရားပွဲတော်ကျင်းပသော သောင်ပြင် ကြီးမှာ တစ်နှစ်ပတ်လုံး ရေမြုပ်နေသော နေရာ ဖြစ်ပြီး ပွဲတော်ရက်အတွင်း ပေါ်လာသလို ဈေးဆိုင် တန်းများ၊ ဇာတ်ပွဲများ ဆောက်လုပ်နိုင်ပြီး လူအများ နှင့် ယာဉ်မျိုးစုံတို့ သွားလာနိုင်ကြသည်။ ထို့နောက် ပွဲတော်အပြီး တပေါင်းလပြည့်ကျော် ၁ ရက်မှစ၍ ရေပြန်မြုပ်သွားလေ့ရှိသည်။

 


သဘာဝပတ်ဝန်းကျင် လေ့လာစရာ ကြည်နူး ဖွယ်ရာ စိတ်ရွှင်လန်းဖွယ်ရာ မြင်ကွင်းအစုံတို့ကို တွေ့မြင်ခံစားရမည့် မြတ်မော်တင်ဘုရားပွဲတော် ရက်က မဝေးတော့ပြီ။ ရန်ကုန်မှ သင်္ဘောကြီးဖြင့် ပုသိမ်သို့  ရေလမ်းခရီး၊  ပုသိမ်မှ မြတ်မော်တင်  ခမောက်မော်သို့ ရေလမ်းခရီးဖြင့်လည်းကောင်း၊ ကားလမ်းခရီးဖြင့်လည်းကောင်း ကြိုက်နှစ်သက်ရာ လမ်းကြောင်းများဖြင့် လာရောက်ဖူးမြော်နိုင်ကြပြီ။ မြန်မာပြည်အရပ်ရပ်မှ   ဧရာဝတီတိုင်းမြို့တော် ပုသိမ်မြို့သို့ ရောက်ရှိပါက ပုသိမ်မြို့ပေါ်ရှိ ရွှေမုဋ္ဌော ဘုရား၊ ရေကြည်ဦးဘုရား၊ တဂေါင်းဘုရား၊ စက် တော်ရာ ဘုရားများနှင့် အခြားတန်ခိုးကြီးဘုရားများ ဖူးမြော်နိုင်သလို   ကန်သုံးဆင့်၊  သာယာသော ပုသိမ်ဆိပ်ကမ်းနှင့် ပုသိမ်အမှတ်(၂) တံတားကြီး တို့ကိုလည်း ကြည့်ရှုလေ့လာနိုင်သည်။ 

 


လေ့လာနိုင်သောနေရာများ


ဘုရားဖူးများသည်  မြတ်မော်တင်စွန်းဘုရား အပြင် ပင်လယ်ကမ်းခြေ အပန်းဖြေစခန်းများဖြစ် သော ချောင်းသာ၊ ငွေဆောင်၊ ငွေဆောင်ဆင်စခန်းတို့ အပြင် မော်တင်သွားကားလမ်းပေါ်ရှိ  ငြုပ်ကောင်း တောင်ရွာမှ  ဂေါ်ရင်ဂျီကျွန်းများသို့လည်း  ခရီး ဆက်နိုင်ကြသည်။ 
ထို့အပြင်   မြတ်မော်တင်စွန်းဘုရားအနီး ကားလမ်းမှ ကံချိုင်၊ ခမောက်မော်ရွာများမှတစ်ဆင့် ဟိုင်းကြီးကျွန်းတံတားကူးကာ ဟိုင်းကြီးကျွန်းမြို့သို့ သွားရောက်လေ့လာနိုင်သေးသည်။ ဟိုင်းကြီးကျွန်း တွင် အလောင်းမင်းတရားကြီးလက်ထက် စိတ်ဝင် စားဖွယ် အထင်ကရနေရာများရှိသည်။ ပင်လယ် ထဲတွင် ခပ်ပျပျမြင်ရသော လိပ်ကျွန်းအပြင် ကျောက် ကလပ်သို့လည်း လေ့လာရေးခရီးဆက်နိုင်သည်။ 

 


ထို့အတူ သင်္ဘောခရီးနှင့်လာပါက ဟိုင်းကြီး ကျွန်းကို  လှမ်းမြင်ရသော  မြစ်ဆုံဝန်းကျင်တွင် လင်းပိုင်ကြီးများ အုပ်စုဖွဲ့ ကျက်စားပျော်မြူးနေပုံ များကို သင်္ဘောပေါ်မှလည်း လေ့လာတွေ့မြင်နိုင် သည်။  ပင်လယ်ကမ်းခြေများ၏  အလှနှင့်သဘာဝ နှင့်   ဒေသခံတို့၏   အလုပ်အကိုင်မျိုးစုံကိုလည်း လေ့လာနိုင်သည်။ ထို့ကြောင့် ဘုရားဖူးလာရင်း အထွေထွေဗဟုသုတရှာဖွေလိုသော ပြည်သူများ အနေဖြင့် မတ် ၂ ရက်မှ  ၁၆  ရက်အထိ ၁၅ ရက်တာ ကျင်းပမည့်    မြတ်မော်တင်ဘုရားပွဲတော်ကြီးသို့ လာရောက်ဖူးမြော်စေလိုကြောင်း “ဖူးစေချင်ညွှန်း မြတ်မော်တင်စွန်း” ဆောင်းပါးဖြင့်  ဖိတ်ခေါ်အပ် ပါသည်။    ။