နည်းလမ်းတကျ ၊ တရားသဖြင့် ....

Type

 

ချစ်နိုင်(စိတ်ပညာ)

 

“နိုင်ငံရေးဟူသည် ချက်ချင်းအရေးယူဆောင်ရွက်ရန်လိုအပ်သည့်  လတ်တလော  တောင်းဆိုချက် အရေး ပေါ်ကိစ္စများနှင့် သက်ဆိုင်သော  သိပ္ပံအတတ်ပညာဖြစ်ပေသည်။” 
သီအိုဒိုပတ်ကား(၁၈၁၀-၁၈၆၀)
 

Knowledge ကို  အသိပညာ၊ အသိအလိမ္မာဟူ၍ အင်္ဂလိပ် - မြန်မာအဘိဓာန်မှာ တွေ့ရ၏။ ဗဟုသုတ ဟုလည်း အချို့ကယူဆကြ၏။ အသိအမြင်သဘော ဟု ယေဘုယျ နားလည်ထားကြပါ၏။  ဗဟုသုတ အသိအမြင်အကြောင်း အိန္ဒိယနိုင်ငံ၏  တစ်ချိန်က သမ္မတကြီး လုပ်သွားခဲ့ဖူးသော  အဗ္ဗဒူလ်ကာလမ် က   တက္ကသိုလ်တစ်ခုတွင်    ဟောပြောသည်ကို နားထောင်ရဖူးသည်။ လက်ကိုင်ဖုန်းထဲမှာ ယူကျု ကတစ်ဆင့် ဖြစ်၏။
အသိအမြင် အသိအလိမ္မာဆိုသည်မှာ အခြင်း အရာ  သုံးခု စုပေါင်းပါဝင်ထားသည့်အရာဟု သူက ရှင်းပြ၏။ အဗ္ဗဒူလ်ကာလမ်သည် အဟောအပြော ကောင်းသော ခေါင်းဆောင်တစ်ဦး ဖြစ်လေသည်။ နိုင်ငံရေးထိပ်ဆုံးပိုင်း   သမ္မတတာဝန်ကို   ထမ်း ဆောင်ခဲ့သဖြင့် နိုင်ငံရေးသမားဟုလည်း ပြောလိုက ပြောနိုင်ပါ၏။ ဟိန္ဒူဘာသာဝင် လူဦးရေသန်းပေါင်း များစွာနှင့် ဇာတိမျိုးနွယ်ကွဲပြားလှသော အိန္ဒိယလို နိုင်ငံအကျယ်ကြီးမှာ     အစ္စလာမ်ဘာသာဝင် တစ်ဦးဖြစ်သူ အဗ္ဗဒူလ်ကာလမ်က  သမ္မတအဖြစ် ရွေးချယ်တာဝန်ပေးခြင်းခံရသည်က ထူးခြားသော အခြင်းအရာတစ်ခုဖြစ်ခဲ့၏။ သူ့အပေါ်  နိုင်ငံရေး ဦးဆောင်နေကြသူများက ယုံကြည်အားထားကြ သဖြင့် ရွေးချယ်တာဝန်ပေးခဲ့ခြင်းပဲ  မဟုတ်လား။

 


နောက်ခံရာဇဝင်


နောက်ခံရာဇဝင်အရ ပြောမည်ဆိုလျှင် သူသည် ပါတီနိုင်ငံရေးသမား မဟုတ်ခဲ့ပေ။   နိုင်ငံရေးပါတီ ခေါင်းဆောင်ဘဝမှ သမ္မတဖြစ်လာခဲ့သူမျိုး မဟုတ် ပေ။  သူ၏   ဘာသာရေးယုံကြည်မှုထက်ပိုပြီး တန်ဖိုးထား တွက်ဆထိုက်သော နောက်ကြောင်း အချက်အလက်များစွာရှိခဲ့၏။  ရှည်လျားထွေပြား အောင်  အကျယ်ကို  သုံးသပ်ဖော်ပြမနေတော့ဘဲ သိသာထင်ရှားစေမည့်    အချက်နှစ်ချက်ကိုသာ ဖော်ပြလိုပေသည်။
သူသည် နိုင်ငံရေးပါတီတစ်ခုခုကို ကိုယ်စား ပြုသော လှုပ်ရှားမှုများဖြင့်  ဖြတ်သန်းခဲ့ခြင်း  မရှိ။ တိကျစွာဆိုရလျှင်  ပါတီနိုင်ငံရေးကင်းရှင်းသော စစ်သားစစ်ဗိုလ်ဘဝဖြင့် ကြီးပြင်းခဲ့ရသည်။   သူ့ စိတ်ထဲမှာ  တိုင်းပြည်အရေးသာ  အဓိကကျသည်။ အမျိုးသား      နိုင်ငံရေးကို       ဦးထိပ်ထားသော တပ်မတော်သား၊ တပ်မတော်အရာရှိကြီး တာဝန် ထမ်းခဲ့သူ ဖြစ်သည်။ သူသည်  နိုင်ငံရေးသမားဘဝမှ လာသူမဟုတ်။  တပ်မတော်အရာရှိဘဝကို   ဖြတ် သန်းခဲ့ရသူ ဖြစ်၏။  တစ်နည်းအားဖြင့်  အမျိုးသား ရေးကို  ဦးထိပ်ပန်ဆင်သော  ခေါင်းဆောင်တစ်ဦး အဖြစ်  နိုင်ငံရေးပါတီများက  လေးစားကြရသည်။ အိန္ဒိယပြည်သူအများက      ယုံကြည်ကိုးစားခဲ့ ကြသည်။

 


အဗ္ဗဒူလ်ကာလမ်သည် တပ်မတော်မှာ ဗိုလ်ချုပ် ရာထူးတာဝန်ကို ထမ်းဆောင်ခဲ့သူ ဖြစ်သော်လည်း ပခုံးပေါ်က  ရာထူးအမှတ်အသားလက္ခဏာများထက် သိပ္ပံဓာတ်ခွဲခန်းနှင့် စမ်းသပ်ခန်းကြီးများထဲတွင်သာ ဝတ်စုံကြီးများဖြင့် နေ့နေ့ညည အချိန်ကုန်ခဲ့ရသူ ဖြစ်လေသည်။ သူက ထူးချွန်သော သိပ္ပံပညာရှင် တစ်ဦးဖြစ်သည်။

 


သူတတ်မြောက်ကျွမ်းကျင်စွာ ဆည်းပူးလေ့လာ ခဲ့သောပညာမှာ    အာကာသသိပ္ပံဖြစ်ပေသည်။ အာကာသယာဉ်အမျိုးမျိုးအကြောင်း သင်ယူခဲ့ သည်။  သူ၏   သိပ္ပံပညာရှင်   ဘဝသည်  ဘဝ တစ်လျှောက်လုံး အာကာသသိပ္ပံ ဒုံးပျံပညာတီထွင် တည်ဆောက်သူအဖြစ်      ဆယ်စုနှစ်များစွာ ကုန်လွန်အောင်      စူးစူးစိုက်စိုက်လုပ်ဆောင် အကောင်အထည်ဖော်ခဲ့ရ၏။   အများပြည်သူက သူ့ကိုမသိကြ။ သူ့မျက်နှာကိုလည်း  သူငယ်ရွယ်နုပျို ချိန်က ဘယ်သူမှ မမြင်ဖူးကြ။ အမြဲတမ်းဓာတ်ခွဲ ခန်း  မျက်နှာဖုံးစွပ်ကြီးတွေနှင့် အလုပ်လုပ်နေခဲ့ရသူ မဟုတ်လား။

 


ဆံပင်ဖြူ၍ ပါးရေနားရေတွန့်ကာမှ ဒုံးပျံများစွာ အိန္ဒိယက တည်ဆောက်စေလွှတ် အောင်မြင်ကာ အာကာသကြီးထဲမှာ ခြေချနိုင်အောင် စွမ်းဆောင် ခဲ့သူ သိပ္ပံပညာရှင်တစ်ဦး၊ ဗိုလ်ချုပ်အဖြစ် လူအချို့ က  တစ်စွန်းတစ်စ  သိခွင့်ရလာခဲ့သည်။ သူသည် တပ်မတော်အရာရှိဘဝ၊ သိပ္ပံပညာ အာကာသနှင့် ဒုံးပျံဆိုင်ရာ    အထူးကျွမ်းကျင်တတ်မြောက်သူ ပုဂ္ဂိုလ်ဘဝမှ အိန္ဒိယသမ္မတဖြစ်လာသူတစ်ဦး ပေတည်း။ အိန္ဒိယသမ္မတကြီး အဗ္ဗဒူလ်ကာလမ်သည် မြန်မာပြည်သို့လာရောက်စဉ် ရန်ကုန်တက္ကသိုလ် တွင် ဟောပြောချက်တစ်ရပ်  ပြောသွားဖူးပါသေး
၏။ ပညာဉာဏ်အမြော်အမြင်ကြီးသော (အိန္ဒိယ လေတပ်ဗိုလ်ချုပ် - အငြိမ်းစား)  သိပ္ပံပညာရှင် သမ္မတကြီးဖြစ်သည့်အလျောက် လူငယ်တွေကို ပညာကြိုးစားကြဖို့၊ ကိုယ်ကျင့်သီလကောင်းကြဖို့ အမြဲတိုက်တွန်းအားပေးလေ့ရှိပေသည်။

 


    ၁။        သူသည် တပ်မတော်သားဘဝကို နှစ်ရှည် လများ     ဖြတ်သန်းခဲ့ရသော    မျိုးချစ် အမျိုးသားရေးဝါဒသမား ဖြစ်သည်။
    ၂။    သူသည် တိတိကျကျ၊ စေ့စေ့စပ်စပ် လေ့လာ တတ်မြောက်စွာ ထူးချွန်သော အာကာသ သိပ္ပံ ဒုံးပျံပညာရှင်ကြီးတစ်ဦး ဖြစ်သည်။

 

အကောင်းဆုံးအကျိုးပြု စွမ်းဆောင်သွားခဲ့သူ


ထို့ကြောင့် သူပြောသောစကားသည်  တိုသည် ဖြစ်စေ၊   ရှည်သည်ဖြစ်စေ   အနှစ်သာရပါသည်။ စစ်သား၊    သိပ္ပံပညာရှင်၊     နိုင်ငံတော်သမ္မတ၊ ထူးခြားထူးချွန်သော အိန္ဒိယနိုင်ငံ ကောင်းကျိုးကို ကျရာနေရာမှ အကောင်းဆုံးအကျိုးပြု စွမ်းဆောင် သွားခဲ့သူလည်း ဖြစ်ပေသည်။ သူပြောသည့်စကားကို မဖော်ပြမီ ဤလူက ဘယ်လိုလူစားနည်းဟု သိသင့် သဖြင့် တင်ပြရခြင်းပါ။
အိန္ဒိယသမ္မတကြီးဖြစ်ခဲ့သူ၊   ဒုံးပျံသိပ္ပံပညာ ရှင်ကြီးက ဗဟုသုတအသိပညာနှင့် ပတ်သက်၍ တက္ကသိုလ်တစ်ခုမှ   ပါမောက္ခ၊  ကထိက၊  ဆရာ ဆရာမများ အပါအဝင် အိန္ဒိယလူငယ်တက္ကသိုလ် ကျောင်းသူ ကျောင်းသားပေါင်းများစွာကို ဟောပြော ခဲ့သည့် စကားများအနက်မှ အဓိကတစ်ချက်ကိုသာ ကောက်နုတ်ဖော်ပြလိုပေသည်။

သူက ဆို၏။
အသိပညာ အသိအလိမ္မာမှာ ပါဝင်ဖွဲ့စည်းနေ သော အခြင်းအရာသုံးရပ်မှာ - 
    ၁။ Creativity (တီထွင်ဖန်တီးနိုင်စွမ်း)
    ၂။     Courage (သတ္တိ)  
    ၃။ Righteousness (နည်းလမ်းတကျ၊     တရားသဖြင့်၊ အမှန်တရားမြတ်နိုးခြင်း)။ 

 


အသိအလိမ္မာ၏  နေရာ၊    အသိအလိမ္မာ၏ တန်ဖိုး၊ အသိအလိမ္မာ၏   စွမ်းအားတန်ခိုးတို့ကို   သူက   တစ်လုံးချင်းဆိုပြ၊  နားထောင်နေကြသူ အားလုံးက တစ်လုံးချင်းလိုက်ဆိုကြ၊ မိမိတို့ဆီမှာ ရဟန်းသံဃာတော်က သီလပေးသည်ကို ဥပုသ် သည်များ လိုက်ဆိုနေကြသကဲ့သို့ တွေ့မြင်ကြားသိ နေရပါ၏။ စာဖတ်သူများသည်  လူတစ်ယောက်၏ ဘဝမှာ   အသိအလိမ္မာ၊ အသိဉာဏ်ပညာ မည်မျှ အရေးပါသည်ကို    ကောင်းစွာ   နားလည်သဘော ပေါက်ထားကြပြီးသားတွေ ဖြစ်နေသဖြင့်   ဟော ပြောသူ   အဗ္ဗဒူလ် ကာလမ်    ရွတ်ဆိုရှင်းပြနေသည့်     ဗဟုသုတ ကောင်းကျိုးများကို မဖော်ပြတော့ပါ။ လွန်ခဲ့သောနှစ်ပေါင်း နှစ်ရာလောက်က အင်္ဂလိပ် စာပေပညာရှင် ဖရန်ဆစ်  ဘေကွန်က   “အသိအမြင် ဗဟုသုတ ဆိုသည်မှာ သူ့အလိုလိုပင် တန်ခိုးစွမ်းအင် ဖြစ်ပေသည်” ဟု မိန့်ဆိုခဲ့သည် မဟုတ်လား။

 


ဉာဏ်ပညာကို မျက်လုံးဖွင့်ပေးခဲ့


လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ ကျော် ကာလ အချိန်ကပင် ဂေါတမဗုဒ္ဓက “ပညာသမာ အာဘာ နတ္ထိ။ ပညာနှင့်တူသော  အလင်းရောင်သည်မရှိ” “နတ္ထိသမံ ဝိဇ္ဇာမိတ္တံ။ အတတ် ပညာနှင့် တူသော မိတ်ဆွေကောင်းသည်  လောကမှာအခြားမရှိ” ဟူသော ဟောကြားချက်ပေါင်းများစွာဖြင့် လူသား အားလုံးအတွက်   အသိအလိမ္မာ   ဉာဏ်ပညာကို မျက်လုံးဖွင့်ပေးခဲ့ ဖူးပေသည်။

 


သမ္မတကြီး အဗ္ဗဒူလ်ကာလမ်က အသိအလိမ္မာ၊ ဉာဏ်ပညာဆိုသည့်အရာထဲမှာ တွေးခေါ်မြော်မြင် ဖန်တီးနိုင်စွမ်းလည်း ပါဝင်သည်။ သတ္တိစွမ်းအား လည်း ပါဝင်သေးသည်။ ထို့အပြင်  ဖြောင့်မှန်ခြင်း လည်း   မုချပါဝင်နေကြောင်း   သိမြင်ရမည်ဟု ဟောပြောခဲ့ပေသည်။
နိုင်ပြီးရောဟူသော   တင်ကူးကြံစည်ချက်များ ဖြင့်  ဖြောင့်မှန်ခြင်း၊     တရားနည်းလမ်းကျခြင်းကို လျစ်လျူရူ  ပြုမူခဲ့ကြသူများအား  ကျွန်ုပ်တို့သည် အဘယ်မှာလျှင်   ယုံကြည်အားထားထိုက်ပါမည် နည်း။

 


တရားမျှတခြင်းကို လက်ကိုင်မထားချင်သူ၊ 
လွတ်လပ်ခြင်း၊ မှန်ကန်မျှတမှုကို ပစ်ပယ်သူ၊ 
အမှန်တရားကို တန်ဖိုးထားရကောင်းမှန်း မသိသူ။ 

 


ထိုကဲ့သို့သော လူစားမျိုးတွေ စုဝေးနေသော အုပ်စုတစ်စု၏ လက်ထဲသို့ ကျွန်ုပ်တို့ လုပ်ပိုင်ခွင့် အာဏာ ပေးအပ်ရန် ဖြစ်နိုင်ပါမည်လော။
အာကာသသိပ္ပံဒုံးပျံပညာရှင် အိန္ဒိယသမ္မတ ကြီး(အငြိမ်းစား)သည် မည်သည့်ဘာသာဝင်ဖြစ်စေ၊ ဘာမျိုးနွယ်ပဲဖြစ်စေ၊  ထိုတက္ကသိုလ်တစ်ခုတွင် ဟောပြောခဲ့သော ဟောပြော ချက်ထဲမှ Knowledge ဆိုသည့် အသိအလိမ္မာ၊ ဉာဏ်ပညာထဲမှာ ပါဝင်နေ ကြသည့်  အရာသုံးခုအနက်   Righteousness နည်းလမ်းတကျ၊  တရားသဖြင့်ရှိခြင်း  ကင်းမဲ့ခဲ့ သူတို့၏ လွဲမှား တိမ်းချော်မှုများသည် အကြိမ်ကြိမ် ကြိုတင်သတိပေးခြင်း၊ အခါခါတားဆီးပြုပြင် အကြံ ပြုခြင်း၊ မသင့်လျော်ကြောင်း၊ ဤကဲ့သို့  မသမာမှု၊ လိမ်လည်မှု၊   ခိုးဝှက်မှုလုပ်ဆောင်ချက်မျိုးသည် တရားနည်းလမ်းမကျသဖြင့်   အကုသိုလ်ဒုစရိုက် ရှိပါက       ဆိုးကျိုးသက်ရောက်မှုအမျိုးမျိုးသာ  နောက်ဆက်တွဲပါလာဖို့ရှိနေပါသည်ဟု    မည်သူ တွေက ဆွဲဆွဲ၊ ကယ်ကယ်၊ တားတား၊ အရှိန်လွန်စွာ လွဲချော်မှားယွင်းခဲ့ရှာပါပြီလား။

 


''Knowledge makes you great" 
သူကရှေ့က တိုင်ပေးသည်။
ပရိသတ်က စိတ်ပါလက်ပါအော်၍ နောက်က လိုက်ဆိုနေကြသည်။
အသိအလိမ္မာထဲမှာ Righteousness နည်းလမ်း တကျ၊ တရားသဖြင့် ဖြစ်ရခြင်း ဟူသော အမှန်တရား မြတ်နိုးခြင်း သဘောထားကင်းမဲ့သဖြင့်  မိမိတို့၏ နောက်ဆက်တွဲအကျိုးဆက်   ဆင်းရဲခက်ခဲခြင်း ဒိုမီနို ရိုက်ခတ်မှုတွေ ခံစားနေရခြင်းပဲ မဟုတ်ပါ လား။
လွန်ခဲ့သော နှစ် ၁၀၀ ၏ ရှေ့က တက္ကသိုလ်ကို တက္ကသိုလ်ဟု မခေါ်တွင်ကြသေးပါ။ ကောလိပ်တဲ့။ ယူနီဗာစီတီတဲ့။ အင်္ဂလိပ်စာလုံးကိုသာ  မွေးစားပြီး ယူသုံးခဲ့ကြပါသတဲ့။ ခုခေတ်  ရေဒီယို၊   တီဗွီ၊ ဖောင်တိန်၊ ဘောပင်၊ ကွန်ပျူတာ ဆိုသလိုမျိုး။
ရန်ကုန်တက္ကသိုလ်မှာ အသက် ၂၄ နှစ်အရွယ် အရှေ့တိုင်းပညာပါမောက္ခအဖြစ်  ရွေးချယ် တာဝန် ပေးခြင်းခံရသော  ပါမောက္ခဦးဖေမောင်တင်တို့ လက်ထက် ရောက်လာသောအခါမှ University ကို တက္ကသိုလ်၊ Professor ကို ပါမောက္ခ၊ Lecturer ကို ကထိက စသည်ဖြင့် မြန်မာစာ၊ မြန်မာစာစကား ပီပီသသ ပြုပြင်ပြောင်းလဲယူခဲ့ကြလေသည်။

 


တက္ကသိုလ်ဟူသည်ကား အသိပညာ ၊ အတတ် ပညာ၊  နည်းနာနိသယျ ကိုသာ သင်ပြနေခြင်းမဟုတ်။ သီလ ဆိုသော စာရိတ္တ၊ ကျင့်ဝတ်၊ အလေ့အကျင့် ကောင်းကို လိုက်နာကျင့်သုံးကြရခြင်းလည်း  ပါဝင် ကြောင်း သိမြင်ကြရပါမည်။
အကျင့်သီလ ပျက်စီးပါက ဘဝပါပျက်စီးရှာ ကြသဖြင့် နည်းလမ်းတကျရှိခြင်း အရေးကြီးပုံကို ပိုမိုလေးနက်စွာ    သဘောပေါက်မိလာပါတော့ သည်။    

 


တက္ကသိုလ်တစ်ခုမှာ သီလ၊ ကျင့်ဝတ်၊ စာရိတ္တ၊ စည်းကမ်း၊ အလေ့အကျင့်ကောင်းနှင့် ပတ်သက်၍ အသိဉာဏ်ပညာထဲတွင် Righteousness ပါရှိ ကြောင်း      ဟောပြောခဲ့သည့်   အိန္ဒိယသမ္မတ အာကာသသိပ္ပံပါရှင်ကြီး၏ စကားကို ကဗျာဆရာ ကြီး မင်းသုဝဏ် (၁၉၀၉ - ၂၀၀၄) ကလည်း အလေး အနက် ထောက်ခံခဲ့မည်သာ ဖြစ်ပါကြောင်း ဖော်ပြ အပ်ပါသည် -


“စည်းတွင်းမှာနေ၊ ကင်းကွေလိမ့်ရန်ဘေး၊
ကမ်းကိုကျော် ချော်ကာကျ၊ များလှရန်ဘေး၊”


သီရိပျံချီမင်းသုဝဏ်