ဂျပန်နိုင်ငံ စနစ်တကျကိုင်တွယ်ဖြေရှင်းနေရသည့် ဖူကူရှီးမားဓာတ်ပေါင်းဖို အဏုမြူစွန့်ပစ်ပစ္စည်းအခက်အခဲ

Type

 

တက္ကသိုလ်မောင်ရူပ

 

ယမန်နေ့မှအဆက်
သုံးသပ်ချက်


အထက်မှာဖော်ပြခဲ့သလို     သဘာဝဘေး အန္တရာယ်ကြောင့် ဖူကူရှီးမား အဏုမြူဓာတ်ပေါင်း ဖို ထိခိုက်ပျက်စီးခဲ့ရတာဟာ  ဂျပန်နိုင်ငံအတွက် ကံမကောင်းအကြောင်းမလှတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပါ တယ်။ ၁၉၈၆ ခုနှစ် ယခင်ဆိုဗီယက်ပြည်ထောင်စု ချာနိုဘိုင်းလ်အဏုမြူဓာတ်ပေါင်းဖို မတော်တဆမှု ဖြစ်စဉ်ပြီးရင် ဖူကူရှီးမား  အဏုမြူဓာတ်ပေါင်းဖို ထိခိုက်ပျက်စီးမှုဖြစ်စဉ်ဟာ သမိုင်းမှာ အဆိုးရွားဆုံး ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။ ဒီသဘာဝဘေးကြောင့် ဖူကူရှီးမားဒေသတွင်းမှာသာမကပဲ ကျန်ပတ်ဝန်း ကျင် ဒေသတွေဖြစ်တဲ့ အီဝါတေး (Iwate)၊ မီယာဂီ (Miyagi) ပြည်နယ်တွေကိုလည်း ထိခိုက်ခဲ့ပါတယ်။ တိုဟိုကုဒေသ  (Tohoku region) တွင်းမှာရှိတဲ့ လူပေါင်း ၁၉၈၂၄ ဦး အသက်ဆုံးရှုံးခဲ့ရသလို  လူ ၁၀  သန်းကျော်ကို   ဘေးလွတ်ရာဒေသတွေကို ရွှေ့ပြောင်းပေးခဲ့ရပါတယ်။ ဒီဒေသရဲ့ စတုရန်းကီလို မီတာ ၁၇၀၀ ကျော်မြေနေရာတွေဟာ  အဏုမြူ ဓာတ်ရောင်ခြည်ပစ္စည်းတွေ သက်ရောက်မှုရှိခဲ့ပါ တယ်။   ဒေသတွင်းမှာရှိတဲ့   ကုန်ထုတ်လုပ်မှု လုပ်ငန်းတွေ၊  လယ်ယာစိုက်ပျိုးရေးနဲ့  ငါးဖမ်း လုပ်ငန်း   စတဲ့  စီးပွားရေးလုပ်ငန်းတွေအပေါ် ဆိုးကျိုးသက်ရောက်မှုတွေ ဖြစ်စေခဲ့သလို ရေဒီယို သတ္တိကြွရေတွေကို ပြန်လည်သန့်စင်ရတဲ့လုပ်ငန်း တွေ၊ သိုလှောင် ထိန်းသိမ်းထားရတဲ့လုပ်ငန်းတွေအတွက်လည်း ငွေကြေးအမြောက်အမြား ကျခံသုံးစွဲ ခဲ့ရပါတယ်။ သတင်းဌာနတွေရဲ့  ထုတ်ပြန်ချက် တွေအရဆိုရင် ဖူကူရှီးမားအဏုမြူ မတော်တဆမှု နဲ့ပတ်သက်ပြီး ဂျပန်အစိုးရဟာ ဒေါ်လာ  ၃၀၀ ဘီလီယံ  ကျခံသုံးစွဲခဲ့ရတယ်လို့  သိရပါတယ်။ တချို့သော   ကုန်ကျစရိတ်တွေကို   ဖူကူရှီးမား အဏုမြူဓာတ်ပေါင်းဖိုတွေကို တာဝန်ယူဆောင်ရွက် နေတဲ့ တိုကျိုလျှပ်စစ်ဓာတ်အားကုမ္ပဏီ (TEPCO) ကလည်း ကျခံခဲ့ရပါတယ်။

 


ဖူကူရှီးမားဒေသဟာ လယ်ယာစိုက်ပျိုးရေး လုပ်ငန်း၊ ငါးဖမ်းလုပ်ငန်းတို့ အောင်မြင်တဲ့အပြင် ဒေသတွင်းမှာ စက်ရုံ၊ အလုပ်ရုံတွေလည်း လည်ပတ် နေတဲ့ ဒေသတစ်ခုဖြစ်ပါတယ်။ အဏုမြူ မတော်တဆမှုဖြစ်ပြီးနောက်ပိုင်းမှာ    ရေဒီယိုသတ္တိကြွ ပစ္စည်းတွေ ရှင်းလင်းရေးလုပ်ငန်းတွေ၊ ဒေသခံတွေ ကို   နေရာရွှေ့ပြောင်းခဲ့ရတဲ့အတွက်  လူဦးရေ လျော့နည်းကျဆင်းမှု၊ လုပ်သားအင်အား နည်းပါး သွားမှု၊  ဒေသထွက်ကုန်ပစ္စည်းတွေရဲ့  အရည် အသွေးနဲ့ ပတ်သက်ပြီး ဂုဏ်သိက္ခာ ထိခိုက်ခဲ့ရမှုနဲ့ အယုံအကြည်လျော့နည်းလာမှု၊ စီးပွားရေးကျဆင်းမှု စတဲ့အကျိုးဆက်တွေကို   ရင်ဆိုင်ခဲ့ရပါတယ်။ ဖူကူရှီးမားအပါအဝင် တိုဟိုကုဒေသက လယ်ယာ ထွက်ကုန်တွေ၊ ရေထွက်ပစ္စည်း ပင်လယ်စာတွေကို အမေရိကန်နဲ့ အီးယူအပါအဝင် နိုင်ငံနဲ့ဒေသပေါင်း ၅၅ ခုဟာ တင်သွင်းမှု ပိတ်ပင်ခဲ့ပါတယ်။ တွက်ချက် မှုတွေအရ တိုဟိုကုဒေသက စီးပွားရေးကုမ္ပဏီပေါင်း ၆၅၆ ခုဟာ  ဒေဝါလီခံခဲ့ကြရပြီး  စီးပွားရေးအရ ဆုံးရှုံးမှုပမာဏဟာ ဒေါ်လာ  ၂၁၁  ဘီလီယံရှိခဲ့ပါ တယ်။ ဒီဒေသကြီး မူလအနေအထား  ပြန်လည် ရောက်ရှိအောင် ကြိုးပမ်းဆောင်ရွက်ရမယ့် လုပ်ငန်း တွေဟာ တီထွင်ကြံဆဆောင်ရွက်မှုတွေ၊ စိတ်ရှည် သည်းခံမှုတွေ၊   နည်းပညာနဲ့   ငွေကြေးအရင်း အနှီးတွေနဲ့  ဆောင်ရွက်ရမှာ  ဖြစ်တယ်ဆိုတာ တွေ့မြင်နိုင်ပါတယ်။

 


အထူးသဖြင့် အဏုမြူဓာတ်သတ္တိကြွ မြေယာ တွေကို    ပြန်လည်သန့်စင်ရှင်းလင်းရေးလုပ်ရတဲ့ လုပ်ငန်းတွေ၊  အဏုမြူဓာတ်သတ္တိကြွရေတွေကို  ပြန်လည်သန့်စင်ရေးလုပ်ငန်းတွေနဲ့     သိုလှောင် ထိန်းသိမ်းထားရတဲ့  ကုန်ကျစရိတ်တွေ   အများ အပြားရှိခဲ့ပါတယ်။ အခုအချိန်မှာ ပြုပြင်ပြီးရေတွေ သိုလှောင်ထားနိုင်တဲ့ ပမာဏကျော်လွန်ရောက်ရှိတော့မှာမို့  ဂျပန်နိုင်ငံအတွက်   အခြားရွေးချယ်ဖို့ နည်းလမ်းမရှိဘဲ  ပစိဖိတ်သမုဒ္ဒရာအတွင်း ပြန်လည် စွန့်ပစ်ဖို့သာ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ 

 


အဏုမြူဓာတ်သတ္တိကြွပစ္စည်းတွေ  ပြန်လည် သန့်စင်ထားတဲ့ ပြုပြင်ပြီးရေတွေ ပင်လယ်ပြင်ထဲ ပြန်လည်စွန့်ပစ်ရေးဟာ          နိုင်ငံရေးနဲ့လည်း ဆက်နွှယ်နေတဲ့ကိစ္စ    ဖြစ်ပါတယ်။    ရုရှားနိုင်ငံ သမ္မတ ဗလာဒီမီယာ ပူတင်ရဲ့ ၂၀၂၂ ခုနှစ် ဖေဖော် ဝါရီလ တရုတ်နိုင်ငံခရီးစဉ်အတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံအပြီး နှစ်နိုင်ငံပူးတွဲကြေညာ ချက်  ထုတ်ပြန်ရာမှာလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး ထည့်သွင်းဖော်ပြခဲ့တာကို တွေ့ရပါတယ်။ ကြေညာ ချက်မှာ    အဏုမြူဓာတ်သတ္တိကြွပစ္စည်းတွေ ပြန်လည်သန့်စင်ထားတဲ့ ပြုပြင်ပြီးရေတွေ ပင်လယ် ပြင်ထဲ  ပြန်လည်စွန့်ပစ်ရေးကိစ္စနဲ့ပတ်သက်ပြီး သဘာဝပတ်ဝန်းကျင်အပေါ် ထိခိုက်မှုဖြစ်လာနိုင် မယ့် အလားအလာတွေနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှု ရှိကြကြောင်း၊ ဒါကြောင့် ဂျပန်နိုင်ငံအနေနဲ့ ဒီကိစ္စ ကို     ပွင့်လင်းမြင်သာမှုရှိစွာနဲ့   တာဝန်ယူတဲ့ နည်းလမ်းတွေနဲ့  ကိုင်တွယ်ဆောင်ရွက်သွားသင့် ကြောင်း၊ ဒါ့အပြင် ဂျပန်နိုင်ငံနဲ့  အိမ်နီးချင်းနိုင်ငံ များအကြား၊ ဂျပန်နိုင်ငံနဲ့ နိုင်ငံတကာအဖွဲ့အစည်း များအကြား ချုပ်ဆိုထားတဲ့ သဘောတူညီချက် တွေအပေါ်အခြေခံပြီး  သိပ္ပံနည်းကျ  ကျိုးကြောင်း ဆီလျော်တဲ့ နည်းလမ်း၊ အပြည်ပြည်ဆိုင်ရာဥပဒေနဲ့ ကိုက်ညီတဲ့နည်းလမ်းတွေနဲ့   ဆောင်ရွက်သွားဖို့ ဖော်ပြခဲ့ပါတယ်။ ဒီကြေညာချက်ကို ထုတ်ပြန်ခဲ့တဲ့ တရုတ်နိုင်ငံနဲ့ရုရှားနိုင်ငံတို့ဟာ ဂျပန်နိုင်ငံရဲ့ အိမ်နီး ချင်းနိုင်ငံတွေဖြစ်နေတာရယ်၊  အင်အားကြီးနိုင်ငံ နှစ်နိုင်ငံ ဖြစ်နေတာကြောင့် ဂျပန်နိုင်ငံရဲ့ အစီအစဉ် အပေါ်  သက်ရောက်မှု အနည်းနဲ့အများရှိလာမှာ မလွဲမသွေ ဖြစ်ပါတယ်။

 

 
ဒီအကျိုးဆက်တွေကြောင့်လည်း   ဖြစ်နိုင်ပါ တယ်။ ဂျပန်နိုင်ငံရဲ့ အဏုမြူဓာတ်သတ္တိကြွပစ္စည်း တွေ ပြန်လည်သန့်စင်ထားတဲ့  ပြုပြင်ပြီးရေတွေ ပင်လယ်ပြင်ထဲ ပြန်လည်စွန့်ပစ်ရေးဟာ နိုင်ငံ တကာ  စံနှုန်းစံထားတွေနဲ့  ကိုက်ညီပါတယ်လို့ ယခင်က ထုတ်ဖော်ပြောကြားထားတဲ့ အပြည်ပြည် ဆိုင်ရာ   အဏုမြူစွမ်းအင်အေဂျင်စီ   (IAEA) ကတောင် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလအတွင်းမှာ ဒီလုပ်ငန်းစဉ်တွေကို ပြန်လည်စိစစ်နိုင်ဖို့ ဂျပန် နိုင်ငံကို လာရောက်ခဲ့ကြပါတယ်။ IAEA ရဲ့ အဏုမြူ လုံခြုံစိတ်ချမှုရှိရေးဌာနရဲ့ ညွှန်ကြားရေးမှူးဖြစ်တဲ့ Gustavo Caruso က  ၎င်းတို့အနေနဲ့  သူတို့ရဲ့ စုံစမ်းစစ်ဆေးမှုတွေကို ဓမ္မဓိဋ္ဌာန်ကျကျ၊ ပွင့်လင်း မြင်သာမှုရှိရှိ   လူတိုင်းယုံကြည်လက်ခံနိုင်တဲ့ နည်းလမ်းတွေနဲ့  သိပ္ပံနည်းကျ  ဆောင်ရွက်သွား မှာဖြစ်ကြောင်း၊ IAEA ရဲ့  စစ်ဆေးရေးအစီအစဉ် တွေဟာ   အဏုမြူဓာတ်သတ္တိကြွပစ္စည်းတွေ ပြန်လည်သန့်စင်ထားတဲ့      ပြုပြင်ပြီးရေတွေ ပင်လယ်ပြင်ထဲ   ပြန်လည်စွန့်ပစ်ရေးလုပ်ငန်းစဉ် ဟာ နိုင်ငံတကာစံနှုန်းစံထားတွေနဲ့  ကိုက်ညီပြီး ပြည်သူလူထုရဲ့ကျန်းမာရေးနဲ့ သဘာဝပတ်ဝန်း ကျင်အပေါ် ထိခိုက်မှုမရှိစေရေး ကူညီအားဖြည့် ပေးသွားဖို့ဖြစ်ကြောင်း၊     ဂျပန်အစိုးရအနေနဲ့ ဒီလုပ်ငန်းစဉ်ကို ကိုင်တွယ်ဆောင်ရွက်ရာမှာ လုံခြုံ စိတ်ချမှုရှိရေးနဲ့   ရေရှည်  စနစ်တကျဆောင်ရွက် သွားနိုင်ရေးအတွက် အကောင်းဆုံးနည်းလမ်းတွေ ကို  ရှာဖွေဆောင်ရွက်သွားဖို့    လိုအပ်ကြောင်း၊ ဂျပန်အစိုးရရဲ့ ကြိုးပမ်းအားထုတ်မှုတွေဟာ ဒီကိစ္စ အပေါ် နိုင်ငံတကာရဲ့နားလည်မှု ပိုမိုမြှင့်တင်သွား နိုင်ဖို့  အခရာကျကြောင်း  ပြောကြားခဲ့ပါတယ်။     

 


IAEA  ကိုယ်စားလှယ်အဖွဲ့ဟာ    ဂျပန်နိုင်ငံက တာဝန်ရှိသူတွေနဲ့အတူ     ဖူကူရှီးမားအဏုမြူ ဓာတ်ပေါင်းဖိုဆီ     သွားရောက်လေ့လာမှာဖြစ်ပြီး သူတို့ရဲ့တွေ့ရှိချက်တွေကို ကြားဖြတ်အစီရင်ခံစာ အဖြစ် ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းမှာ ထုတ်ပြန်သွားမှာ ဖြစ်ပါတယ်။  IAEA ရဲ့ အစီရင်ခံစာမှာ ဂျပန်နိုင်ငံရဲ့  ကြိုးပမ်းအားထုတ်မှုတွေဟာ     နိုင်ငံတကာစံနှုန်း တွေနဲ့ ညီညွတ်မှုရှိပါတယ်ဆိုတဲ့ ထောက်ခံဖော်ပြ ချက်ဟာ   ဂျပန်နိုင်ငံ   ဆက်လက်ဆောင်ရွက်ရ မယ့် လုပ်ငန်းစဉ်တွေအတွက်  များစွာအရေးပါ မယ်ဆိုတာ တွေ့မြင်နိုင်ပါတယ်။

 


တကယ်ဆိုရင် ဖူကူရှီးမား အဏုမြူဓာတ်ပေါင်း ဖို မတော်တဆမှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး  သန့်စင် ပြီးရေတွေ  ပင်လယ်ထဲပြန်လည်စွန့်ပစ်ရေးဟာ ဂျပန်နိုင်ငံ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေ၊  အခက် အခဲတွေအနက် တစ်စိတ်တစ်ပိုင်းမျှသာ ဖြစ်တယ် လို့ ပြောလို့ရပါတယ်။  ဖူကူရှီးမားမှာ   အဏုမြူ ဓာတ်ပေါင်းဖို ခြောက်လုံးရှိတဲ့အနက် ၂၀၁၁ ခုနှစ် မြေငလျင်နဲ့ နောက်ဆက်တွဲဆူနာမီ ရေလှိုင်းတွေ ကြောင့်  ဓာတ်ပေါင်းဖို  သုံးလုံးမှာရှိတဲ့   အဏုမြူ လောင်စာတောင့်တွေဟာ     အပူချိန်     မတရား လွန်ကဲပြီး အရည်ပျော်ကုန်တာဖြစ်ပါတယ်။ အဲဒီ အရည်ပျော်နေတဲ့    လောင်စာတောင့်တွေကို အေးသွားအောင် ရေပမာဏအများအပြားအသုံးပြု အအေးခံရာကနေ အဏုမြူဓာတ်သတ္တိကြွရေတွေ ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။ ဒီရေတွေကို သိပ္ပံ နည်းကျ   ပြန်လည်သန့်စင်ပြီး   ပင်လယ်ပြင်ထဲ ပြန်လည်စွန့်ပစ်ရေးကိုတောင်   မတော်တဆမှု ဖြစ်ပြီး ၁၁ နှစ်ကြာလာတဲ့အထိ ဆောင်ရွက်နိုင် ခြင်း  မရှိသေးတာကို တွေ့ရပါတယ်။

 


တကယ်ဆိုရင်   ဖြေရှင်းဖို့   ကျန်ရှိနေသေးတဲ့ စိန်ခေါ်မှုတွေက သူ့ထက်အဆများစွာ ပိုပါတယ်။ အဲဒါကတော့ အဏုမြူဓာတ်ပေါင်းဖို သုံးလုံးထဲမှာ ရှိနေသေးတဲ့    ချော်ရည်လို    အရည်ပျော်နေတဲ့ အဏုမြူလောင်စာတောင့်တွေ   ဖြစ်ပါတယ်။ စုစုပေါင်းတန်ချိန် ၉၀၀ လောက်ရှိနေတဲ့ ဒီလောင်စာ တောင့်တွေ   ဓာတ်ပေါင်းဖိုထဲမှာ   ဘယ်လိုပုံစံ ဖြစ်နေတယ်၊ ဘယ်လိုသန့်ရှင်းရေး ပြုလုပ်ရမလဲ ဆိုတာက အဓိကပြဿနာဖြစ်ပါတယ်။ အပူချိန် လွန်ကဲမှု၊ အနုမြူဓာတ်သတ္တိကြွပြင်းအားများပြားမှုတို့ကြောင့် လူတွေအနားကပ်လို့မရတဲ့  နေရာ လည်း ဖြစ်ပါတယ်။ ဂျပန်နိုင်ငံကတော့ လက်ရှိမှာ အဝေးကနေ ထိန်းချုပ်မောင်းနှင်နိုင်တဲ့ အဆင့်မြင့် စက်ရုပ်တွေအသုံးပြုပြီး  အဏုမြူဓာတ်ပေါင်းဖို အတွင်းပိုင်းနေရာတွေကို လေ့လာနိုင်ဖို့ ကြိုးပမ်းနေ ပါတယ်။ ဒီလောင်စာတောင့်တွေ ရှင်းလင်းသန့်ရှင်း ရေးပြုလုပ်နိုင်ဖို့ကိစ္စကို   အပြုသဘောအမြင်နဲ့ စဉ်းစားရင်တောင် နှစ်ပေါင်း ၃၀ ကနေ ၄၀ အထိ ကြာမြင့်နိုင်ပြီး ကုန်ကျစရိတ်ကလည်း အမေရိ ကန်ဒေါ်လာ ၂၀၀ ဘီလီယံအထိ  ကုန်ကျမယ်လို့ တွက်ချက်ထားကြတဲ့အတွက် အခက်အခဲရဲ့ပမာဏ ကို ခန့်မှန်းကြည့်နိုင်ပါတယ်။

 


အကျဉ်းချုပ်ရရင်   ဂျပန်နိုင်ငံ   ဖူကူရှီးမား ဓာတ်ပေါင်းဖို မတော်တဆဖြစ်စဉ်ကြောင့် အဏုမြူ စွမ်းအင်ဟာ လူသားတွေအတွက် ကောင်းကျိုးပြု တာတွေရှိသလို  ရေရှည်ဘေးထွက်ဆိုးကျိုးတွေ လည်း အများကြီးပေးနိုင်တယ်ဆိုတာ လက်တွေ့ ပြသခဲ့တာဖြစ်ပါတယ်။         ဒီမတော်တဆမှုတွေ ကြောင့် ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲပြဿနာတွေ ဟာလည်း တစ်နှစ် နှစ်နှစ်နဲ့ ဖြေရှင်းလို့မရနိုင်ဘဲ ဆယ်စုနှစ်ပေါင်းများစွာတိုင်အောင်     ကိုင်တွယ် ဖြေရှင်းရတယ်ဆိုတာလည်း     မြင်တွေ့ကြရမှာ ဖြစ်ပါတယ်။  ဖူကူရှီးမား   အဏုမြူဓာတ်ပေါင်းဖို မတော်တဆမှုဖြစ်စဉ်ကို     ကိုင်တွယ်ဖြေရှင်းဖို့ အတွက် ဂျပန်နိုင်ငံဟာ တာဝန်ယူမှု၊  တာဝန်ခံမှု အပြည့်နဲ့ ဆောင်ရွက်နေတာကိုလည်း တစ်ကမ္ဘာ လုံးက အသိအမှတ်ပြုကြတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဖြစ်ပေါ်လာတဲ့  အကျိုးဆက်တွေကို  ကိုင်တွယ် ဖြေရှင်းဖို့  ဂျပန်နိုင်ငံဟာ  ငွေကြေးအရင်းအမြစ် အမြောက်အမြား ကျခံသုံးစွဲနိုင်တယ်၊ သုံးလည်း သုံးစွဲခဲ့တယ်။ လိုအပ်တဲ့ ကျွမ်းကျင်လုပ်သားတွေနဲ့ လူ့စွမ်းအားအရင်းအမြစ်လည်း အပြည့်အဝရှိတယ်။ ဆောင်ရွက်မှုတွေတိုင်းအတွက် တိုးတက်မှုတွေကို  တိုကျိုမြို့မှာရှိတဲ့    နိုင်ငံတကာသံတမန်တွေကို ဖိတ်ခေါ်ရှင်းလင်းပြောကြားမှုတွေ ပုံမှန်ပြုလုပ်လေ့ ရှိပြီး နိုင်ငံတကာကို ပွင့်လင်းမြင်သာစွာချပြလျက် ရှိတဲ့နိုင်ငံဖြစ်ပါတယ်။   လက်တွေ့မှာ   အဏုမြူ စွမ်းအင်ဟာ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာသာမက ဖွံ့ဖြိုးဆဲ နိုင်ငံအချို့မှာလည်း  အသုံးပြုနေကြတာ  ဖြစ်ပါ တယ်။  အခုလို  အဘက်ဘက်က    ပြည့်ပြည့်စုံစုံ ကိုင်တွယ်ဖြေရှင်းနေတဲ့ ဂျပန်နိုင်ငံအတွက်တောင်မှ အခက်အခဲကြီး၊ စိန်ခေါ်မှုကြီးအဖြစ်  ရင်ဆိုင်နေ ရတယ်ဆိုရင် အဏုမြူဓာတ်ပေါင်းဖိုတွေ လည်ပတ် သုံးစွဲနေတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံမှာများ အလား တူ  ဖြစ်စဉ်မျိုး ဖြစ်ပေါ်လာခဲ့မယ်ဆိုရင်  ကြုံတွေ့ လာရမယ့် အခက်အခဲတွေဟာ ကာယကံရှင်နိုင်ငံ အပြင်  အဆိုပါနိုင်ငံရဲ့ နယ်နိမိတ်ပြင်ပအထိတောင် ဘယ်လောက်ကျယ်ကျယ်ပြန့်ပြန့်    ဘေးထွက် ဆိုးကျိုးတွေ       သက်ရောက်လာနိုင်မယ်ဆိုတာ တွေးဝံ့စရာပင်   မရှိပါကြောင်း      တင်ပြလိုက်ရပါ တယ်။    ။  

 

ရည်ညွှန်း
-    The Fukushima Disaster by Wise World Information Service on Energy
-    Chernobyl Accident 1986 by World Nuclear Association
-    Nuclear Energy in Developing Countries by Jose Goldemberg
-    Japan’s news resources (Japan Times, Japan News, Nikkei Asia, Kyodo News, Japan Today)