ဂျပန်နိုင်ငံ စနစ်တကျကိုင်တွယ်ဖြေရှင်းနေရသည့် ဖူကူရှီးမားဓာတ်ပေါင်းဖို အဏုမြူစွန့်ပစ်ပစ္စည်းအခက်အခဲ

Type
5

 

တက္ကသိုလ်မောင်ရူပ

 

ယမန်နေ့မှအဆက်


နိုင်ငံတကာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဆိုင်ရာ တက်ကြွလှုပ်ရှားတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်တဲ့ Greenpeace ကလည်း  ဂျပန်အစိုးရရဲ့ ဆုံးဖြတ်ချက်ဟာ ကုန်ကျစရိတ် သက်သာစေရေး ကိုသာကြည့်ရှုတဲ့ အစီအစဉ်ဖြစ်ပြီး သဘာဝပတ်ဝန်း ကျင် ထိခိုက်ပျက်စီးစေမယ့် အလားအလာတွေကို လျစ်လျူရှုထားကြောင်း ဝေဖန်ခဲ့ကာ  ဂျပန်အစိုးရ အနေနဲ့      ပြုပြင်ပြီးရေများ   သိုလှောင်နိုင်မယ့် လှောင်ကန်များ ထပ်မံဆောက်လုပ်ရေးကို စဉ်းစား သင့်ကြောင်း ပြောကြားခဲ့ပါတယ်။ 

 


ဂျပန်နိုင်ငံရဲ့  ဆုံးဖြတ်ချက်ကို   ရုရှားနိုင်ငံ၊ တရုတ်(တိုင်ပေ)တို့ကလည်း    ကန့်ကွက်ခဲ့ကြပါ တယ်။  အမေရိကန်နိုင်ငံကတော့   ဂျပန်နိုင်ငံရဲ့ ပြန်လည်ပြုပြင်သန့်စင်ပြီးတဲ့ ရေတွေကို  ပင်လယ် ပြင်ထဲကို      ပြန်လည်စွန့်ပစ်ဖို့      လုပ်ငန်းစဉ်ဟာ ပွင့်လင်းမြင်သာမှုရှိရှိ   ဆောင်ရွက်ခဲ့တာဖြစ်လို့  ကန့်ကွက်ရန်မရှိကြောင်း      ပြောကြားခဲ့သလို အပြည်ပြည်ဆိုင်ရာ    အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) ကလည်း ယခုလုပ်ငန်းစဉ်ဟာ နိုင်ငံတကာ လုပ်ငန်းစဉ်များနဲ့အညီ     ဆောင်ရွက်ခြင်းသာ ဖြစ်ကြောင်း၊ သို့သော်လည်း စွန့်ပစ်မယ့် ရေပမာဏ များပြားနေခြင်းဟာ ဒီလုပ်ငန်းစဉ်ရဲ့ ထူးခြားချက် ဖြစ်နေပြီး ရှုပ်ထွေးမှုကိုဖြစ်စေကြောင်း ပြောကြား ခဲ့ပါတယ်။

 


ဂျပန်အစိုးရရဲ့ အစီအစဉ်ကို ပြည်တွင်းမှာလည်း ကန့်ကွက်မှုတွေ    ကြုံတွေ့နေရပါတယ်။   ဂျပန် ငါးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ   Kishi   Hiroshi  က ဒီကိစ္စနဲ့ပတ်သက်ပြီး ယခင်ဝန်ကြီးချုပ်   Mr.Suga နဲ့ တွေ့ဆုံစဉ်က ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပြီး သတိထားဆုံးဖြတ်ရန် တောင်းဆိုခဲ့ပေမယ့် အစိုးရ က အစီအစဉ်ကို ဆက်လက်ပြုလုပ်ဖို့  ဆုံးဖြတ်ခဲ့မှု အပေါ် စိတ်ပျက်မိကြောင်းနဲ့ အစိုးရရဲ့ အစီအစဉ်ကို တစိုက်မတ်မတ်   ဆက်လက်ကန့်ကွက်သွားမှာ ဖြစ်ကြောင်း ကြေညာချက် တစ်စောင်ထုတ်ပြန်ခဲ့ ပါတယ်။ ၂၀၁၁ ခုနှစ် ဖူကူရှီးမား အဏုမြူဓာတ်အား ပေးစက်ရုံ   ထိခိုက်ပျက်စီးခဲ့ပြီး   ရေဒီယိုသတ္တိကြွ ပစ္စည်းတွေ ပင်လယ်ထဲ  စီးဝင်မှုဖြစ်ပေါ်ခဲ့ပြီးနောက် ပိုင်း နိုင်ငံပေါင်း  ၅၅  နိုင်ငံဟာ   ဂျပန်နိုင်ငံက စားသောက်ကုန်နဲ့  ရေထွက်ပစ္စည်းတင်သွင်းမှုကို ပိတ်ပင်ခဲ့တဲ့အတွက် ငါးလုပ်ငန်းကဏ္ဍဟာ အထိနာ ခဲ့ပါတယ်။ အခုအချိန်မှာတော့ ကန့်သတ်ပိတ်ပင် ထားတာကို နိုင်ငံ ၃၉ နိုင်ငံက ပြန်လည်ရုပ်သိမ်း ပေးခဲ့ပြီဖြစ်ပေမယ့်   တရုတ်၊    ဟောင်ကောင်နဲ့ တရုတ်(တိုင်ပေ) အပါအဝင် နိုင်ငံနဲ့ဒေသ ၁၅ ခုက တင်သွင်းခွင့်   ဆက်လက်  ပိတ်ပင်ထားဆဲဖြစ်ပါ တယ်။ အမေရိကန်နိုင်ငံကတော့   ၂၀၁၁   ခုနှစ် ဖူကူရှီးမားဖြစ်စဉ်  စဖြစ်ကတည်းက  အဲဒီဒေသက အစားအသောက်တွေ   တင်သွင်းခွင့်ပိတ်ပင်ထား တာကို တဖြည်းဖြည်း   ပြန်လည်ဖြေလျှော့ပေးခဲ့ ပါတယ်။ ၂၀၂၁ ခုနှစ် စက်တင်ဘာလအတွင်းမှာတော့ ပိတ်ပင်ထားရှိမှု ကျန်ရှိနေတဲ့ အစားအသောက်တွေ ဖြစ်တဲ့  ဆန်၊  မှို၊  အသီးအရွက်တွေအပါအဝင် အမျိုးအစားပေါင်း ၁၀၀ ကို ပြန်လည်တင်သွင်းခွင့် ပေးခဲ့ပါတယ်။ အလားတူ အီးယူအဖွဲ့ကြီးကလည်း ဖူကူရှီးမား ၊ ဂွန်းမား၊   မီယာဂီပြည်နယ်တွေက ထွက်ရှိတဲ့  မှိုနဲ့အသီးအရွက်တွေ  တင်သွင်းမှုမှာ အဏုမြူဓာတ်သတ္တိကြွပစ္စည်းများ    ပါဝင်မှု    မရှိ ကြောင်း   စစ်ဆေးပြီး   သက်သေခံလက်မှတ် (Inspection certificate for nuclear material) တင်ပြမှုမလိုအပ်တော့တဲ့    ဖြေလျှော့မှုတွေကို စက်တင်ဘာလအတွင်းမှာပဲ ပြန်လည်ပြုလုပ်ပေးခဲ့ ပါတယ်။ အီးယူရဲ့ဖြေလျှော့မှုအတိုင်း အိုက်စလန်နဲ့ နော်ဝေကလည်း   လိုက်ပါဆောင်ရွက်ဖို့   ရှိနေပါ တယ်။ အခုလိုအခြေအနေကောင်းတွေ ပြန်လည် ရရှိနေချိန်မှာ ဂျပန်အစိုးရက ဖူကူရှီးမား  အဏုမြူ ဓာတ်ပေါင်းဖိုက   ပြန်လည်ပြုပြင်သန့်စင်ပြီးတဲ့ ရေတွေ   ပင်လယ်ပြင်ထဲကို စွန့်ပစ်ဖို့ ဆုံးဖြတ်မှု ကြောင့် ပိတ်ပင်မှုအသစ်တွေ    ပြန်လည်ဖြစ်ပေါ် လာမှာကို ဂျပန်ရေထွက်ပစ္စည်းလုပ်ငန်းရှင်တွေနဲ့ တောင်သူတွေအနေနဲ့ အထူးစိုးရိမ်ပူပန်လျက်ရှိနေ တာ ဖြစ်ပါတယ်။  

 


အဏုမြူမတော်တဆမှု ဖြစ်စဉ်များ


သဘာဝဘေးအန္တရာယ်ကြောင့်    ဖူကူရှီးမား အဏုမြူဓာတ်ပေါင်းဖို ထိခိုက်ပျက်စီးခဲ့ရတာဟာ   ဂျပန်နိုင်ငံအတွက် ကံမကောင်းအကြောင်းမလှတဲ့ ဖြစ်စဉ်လို့ပြောနိုင်ပါတယ်။ အထူးသဖြင့်  ရေဒီယို သတ္တိကြွ အဏုမြူလောင်စာတွေရဲ့ သက်တမ်းဟာ ကြာရှည်တာရယ်၊ လူသားတွေရဲ့ ကျန်းမာရေး အတွက်  အထူးအန္တရာယ်ရှိတာကြောင့်  ပြင်ပနဲ့ ထိတွေ့လို့မရတဲ့အတွက်  နည်းပညာအထောက် အကူနဲ့        ဂရုစိုက်ကိုင်တွယ်ဆောင်ရွက်ရတဲ့  ဓာတ်ပစ္စည်းတွေ ဖြစ်ပါတယ်။ ဖြစ်စဉ် စတင်ဖြစ်ပွား ခဲ့တဲ့ ၂၀၁၁ ခုနှစ်ကနေ အခုအချိန်အထိ ဂျပန်နိုင်ငံ ဟာ ဒီကိစ္စအပေါ်  အထူးအလေးထား  ကိုင်တွယ် ဆောင်ရွက်ခဲ့တာကိုလည်း   တွေ့မြင်နိုင်ပါတယ်။ သို့သော်လည်း ဒီမတော်တဆမှု ဖြစ်စဉ်ကြီးဖြစ်ပွား ပြီး ၁၁ နှစ်ကျော်ကြာလာတဲ့အထိ ဂျပန်အစိုးရဟာ စိန်ခေါ်မှုတွေကို ရင်ဆိုင် ဖြေရှင်းနေရဆဲဖြစ်သလို ဒီစိန်ခေါ်မှုတွေဟာ  လာမယ့်  ဆယ်စုနှစ်များစွာ တိုင်အောင်  ဆက်လက်   ရင်ဆိုင်နေရဦးမှာဖြစ်ပါ တယ်။     လူ့လောကကြီး    အရှိန်အဟုန်မပျက် လည်ပတ်နေစေဖို့ မရှိမဖြစ်  လိုအပ်တဲ့  လျှပ်စစ် စွမ်းအင်လုံလောက်မှုရှိရေးမှာ အဏုမြူစွမ်းအင်ဟာ အရေးကြီးတဲ့ကဏ္ဍကနေ    ပါဝင်နေပါတယ်။ ဘယ်လောက်ပဲ    နည်းပညာအဆင့်မြင့်မားစွာနဲ့ ကိုင်တွယ်ဆောင်ရွက်ကြစေကာမူ  သဘာဝဘေး အန္တရာယ်တွေကြောင့်ဖြစ်စေ၊ လူ့အမှားကြောင့် ဖြစ်စေ   အဏုမြူဓာတ်ပေါင်းဖိုတွေဟာ မတော် တဆမှုတွေကို    ကြုံတွေ့ရလေ့ရှိပြီး    အဏုမြူ ယိုစိမ့်မှုတွေလည်း သမိုင်းကြောင်းမှာ ရှိခဲ့ပါတယ်။

 


ပထမတစ်ခုက ၁၉၇၉ ခုနှစ်   မတ်လ  ၂၈ ရက်နေ့က အမေရိကန်နိုင်ငံ၊ ပင်ဆယ်ဗေးနီးယား ပြည်နယ်မှာရှိတဲ့ Three Miles Island အဏုမြူ ဓာတ်ပေါင်းဖိုမှာ   မတော်တဆဖြစ်ပြီး   အဏုမြူ လောင်စာတွေ     တစ်စိတ်တစ်ပိုင်း       ပျော်ကျမှု (partial meltdown) ဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။
ဒီဖြစ်စဉ်မှာက      အဏုမြူဓာတ်ပေါင်းဖို  ထိန်းချုပ် ခန်းကို   လူနဲ့   ကွန်ပျူတာတွဲပြီး    ထိန်းချုပ်တဲ့ စနစ်မှာ      လူရဲ့မှားယွင်းတဲ့      ဆုံးဖြတ်ချက် ကြောင့်        အဏုမြူ လောင်စာအအေးပေးတဲ့ပိုင်းမှာ ပျက်စီးပြီး   အအေးခံပစ္စည်း   (coolants) နဲ့အတူ   အဏုမြူဓာတ်ပစ္စည်းတွေ     စိမ့်ထွက်လာခဲ့ခြင်းဖြစ် ပါတယ်။   ဒါကြောင့်   အရေးပေါ်အခြေအနေနဲ့ ဓာတ်ပေါင်းဖိုနဲ့ ငါးမိုင်ပတ်လည်မှာရှိတဲ့ နေအိမ် တွေက ပြည်သူတွေ မိမိအိမ်တွင်းမှာသာနေထိုင်ဖို့နဲ့ ကျောင်းတွေပိတ်ခဲ့ပါတယ်။ ဖြစ်စဉ်နဲ့နီးကပ်တဲ့ ဒေသက လူပေါင်း၁၄၀၀၀၀  ကျော်ကို   နေရာ ရွှေ့ပြောင်းကယ်ဆယ်ခဲ့ရပေမယ့်       ရက်သတ္တ  သုံးပတ်အတွင်း မူလနေရာမှာ  ပြန်လည်  နေရာ ချထားနိုင်ခဲ့ပါတယ်။      

 


ဒုတိယတစ်ခုက ၁၉၈၆ ခုနှစ် ဧပြီလ ၂၆ ရက် နေ့က   ယခင်ဆိုဗီယက်ပြည်ထောင်စု   (ယခု ယူကရိန်းနိုင်ငံ)  ချာနိုဘိုင်းလ်ဒေသရှိ   အဏုမြူ ဓာတ်ပေါင်းဖိုမှာ  မတော်တဆဖြစ်ခဲ့တာ   ဖြစ်ပါ တယ်။ ဒီဖြစ်စဉ်ကို ကုန်ကျစရိတ်ပမာဏအရရော၊ လူ့အသက်ဆုံးရှုံးမှုအရေအတွက်အရရော၊ သမိုင်း မှာ ဆိုးရွားလှတဲ့ အဏုမြူဓာတ်ပေါင်းဖို မတော် တဆမှုတစ်ခုအဖြစ် သတ်မှတ်ထားကြပါတယ်။ ချာနိုဘိုင်းလ်မှာ အဏုမြူဓာတ်ပေါင်းဖို   လေးခု အနက် စတုတ္ထမြောက်  အဏုမြူဓာတ်ပေါင်းဖိုမှာ  လုံခြုံစိတ်ချမှု  စစ်ဆေးချက်ပြုလုပ်ဖို့   အဏုမြူ ဓာတ်ပေါင်းဖိုရဲ့  စွမ်းအားကိုလျှော့ချစဉ်  လျှပ်စစ် ဓာတ်အား အနိမ့်ဆုံးအဆင့်အထိ  ကျဆင်းသွားပြီး ပြန်တက်မလာတဲ့အတွက်     ဓာတ်ပေါင်းဖိုကို   မတည်မငြိမ်ဖြစ်စေခဲ့ပါတယ်။     စက်ကိုထိန်းကျောင်း သူတွေအနေနဲ့  ဓာတ်ပေါင်းဖိုကို  ပိတ်ခဲ့ပေမယ့်   မတည် မငြိမ်ဖြစ်နေတဲ့အခြေအနေနဲ့     ဓာတ်ပေါင်း ဖိုရဲ့ ပုံစံအနေအထားကြောင့်   အဏုမြူလောင်စာမှာ ကွင်းဆက်တုံ့ပြန်မှု  (chain reaction) ဖြစ်ပေါ် လာပြီး   ပေါက်ကွဲမှုကို    ဖြစ်ပေါ်စေခဲ့ပါတယ်။ ဒီမတော်တဆမှုက ထွက်ပေါ်လာတဲ့ ရေဒီယိုသတ္တိ ကြွ  ဓာတ်ပစ္စည်းတွေဟာ   ယခင်   ဆိုဗီယက် ပြည်ထောင်စု နေရာအချို့အပြင် အနောက်ဥရောပ ဒေသအထိ ပျံ့လွင့်ခဲ့ပါတယ်။ 

 


ဒီဖြစ်စဉ်မှာ     ပိုပြီးဆိုးရွားစေတဲ့အချက်က အရှေ့အုပ်စုနဲ့ အနောက်အုပ်စုအကြား ပြိုင်ဆိုင်မှု ပြင်းထန်နေတဲ့    စစ်အေးကာလဖြစ်တဲ့အတွက် ဆိုဗီယက်ပြည်ထောင်စုဟာ ဖြစ်စဉ်ကို ပထမပိုင်း မှာ သတင်းထုတ်ပြန်ခြင်း မပြုလုပ်ခဲ့ဘဲ မိမိအစီ အစဉ်နဲ့ပဲ  ကြိတ်ပြီးဆောင်ရွက်ခဲ့ပါတယ်။   နိုင်ငံ အတွင်းမှာ   ရေဒီယိုသတ္တိကြွမှုတွေ  များပြားနေ ကြောင်း  အနောက်ဥရောပနိုင်ငံအချို့က   စတင် တွေ့ရှိပြီးနောက်မှသာ ချာနိုဘိုင်းလ်မှာ ဒီဖြစ်စဉ် ဖြစ်ပွားကြောင်း  ကမ္ဘာက  သိရှိခဲ့ကြတာ  ဖြစ်ပါ တယ်။  ချာနိုဘိုင်းလ်ဖြစ်စဉ်မှာ  ရေဒီယိုသတ္တိကြွ ဓာတ်ပစ္စည်းပမာဏအများအပြားဟာ ၁၀ ရက်ခန့် လေထုထဲကို  ပျံ့လွင့်ရောက်ရှိခဲ့ပါတယ်။  ဖြစ်စဉ် ဖြစ်ပွားပြီး               ချာနိုဘိုင်းလ်ဓာတ်ပေါင်းဖိုနဲ့           ခြောက်မိုင်ပတ်လည်မှာရှိတဲ့   နေအိမ်တွေက လူပေါင်း ၄၉၀၀၀ ကျော်ကို နေရာရွှေ့ပြောင်းပေးခဲ့ရ ပါတယ်။ ဓာတ်ပေါင်းဖိုပေါက်ကွဲမှုကြောင့် သေဆုံး သူဝန်ထမ်းတွေရှိသလို  အဏုမြူဓာတ်ရောင်ခြည် သင့်မှုကြောင့်    နောက်ပိုင်းရောဂါဝေဒနာတွေ ခံစားရပြီး အသက်ဆုံးရှုံးသူတွေလည်း ရှိခဲ့ပါတယ်။ ဒီဖြစ်စဉ်ကထွက်ပေါ်လာတဲ့    ကောင်းကျိုးတစ်ခု ကတော့ ဆိုဗီယက်ပြည်ထောင်စုဟာ နောက်ပိုင်း မှာ  နိုင်ငံတစ်ဝန်းမှာရှိတဲ့ အဏုမြူဓာတ်ပေါင်းဖို တွေ လုံခြုံစိတ်ချမှုရှိရေးအတွက် အားစိုက်ကြိုးပမ်း လာခဲ့ခြင်းပဲ ဖြစ်ပါတယ်။ 

 


သန့်စင်ပြီးရေများ ပြန်လည်စွန့်ပစ်မည့် နည်းလမ်း


ဖူကူရှီးမား    အဏုမြူဓာတ်ပေါင်းဖိုတွေကို တာဝန်ယူဆောင်ရွက်နေတဲ့  တိုကျိုလျှပ်စစ်ဓာတ် အားကုမ္ပဏီ (Tokyo Electric Power Company-TEPCO) ဟာ ဖူကူရှီးမား အဏုမြူဓာတ်ပေါင်းဖို ရှိတဲ့ ကမ်းခြေကနေ   ၁  ကီလိုမီတာအရှည်ရှိတဲ့ ပိုက်လိုင်းကို     ပင်လယ်ရေအောက်ကြမ်းပြင်မှာ တည်ဆောက်ပြီး  ပြုပြင်ပြီးရေတွေကို    စွန့်ပစ်ဖို့  ပထမပိုင်းမှာ စီစဉ်ခဲ့ပါတယ်။ သို့သော်လည်း ဒီအစီ အစဉ်ကို ပယ်ဖျက်ပြီး နောက်ပိုင်းမှာ TEPCO ဟာ ပင်လယ်ကြမ်းပြင်အောက် ၁၂  မီတာမှာ   အချင်း  ၂ ဒသမ ၅ မီတာရှိတဲ့ လိုဏ်ခေါင်းတူးပြီး ပြုပြင် ပြီးရေတွေကို  စွန့်ပစ်ဖို့  ပြောင်းလဲစီစဉ်ခဲ့ပါတယ်။ ဒီလို လိုဏ်ခေါင်းပြောင်းလဲတူးဖို့ စီစဉ်ခဲ့ရတာဟာ  ပင်လယ်ဒီရေအတက်အကျဒဏ်ကို လျှော့ချသွား နိုင်ဖို့ ဖြစ်ပါတယ်။ TEPCO အနေနဲ့ ဒီလိုဏ်ခေါင်းကို ၂၀၂၂ ခုနှစ် မတ်လမှာ  စတင်ဖောက်လုပ်သွားမှာ ဖြစ်ပြီး ၂၀၂၃ ခုနှစ်မှာအပြီးသတ်နိုင်ဖို့ မျှော်လင့်ထား ပါတယ်။ ဒီလိုစွန့်ပစ်ရာမှာ ဒေသခံ ငါးဖမ်းသူတွေ ပုံမှန်ငါးဖမ်းနေကြတဲ့ဧရိယာရဲ့ပြင်ပမှာ  စွန့်ပစ်မှာ ဖြစ်ပါတယ်။ စွန့်ပစ်မှုနဲ့ ပတ်သက်ပြီး  မလိုလား အပ်တဲ့ မမှန်သတင်းတွေထွက်လာမှာကို တားဆီး နိုင်ဖို့   သတင်းအချက်အလက်အသေးစိတ်တွေကို လည်း ထုတ်ပြန်ပေးသွားမှာဖြစ်ကြောင်း  TEPCO ကုမ္ပဏီက ပြောကြားထားပါတယ်။  

 
(ဆက်လက်ဖော်ပြပါမည်)