
နေပြည်တော် ဖေဖော်ဝါရီ ၂၂
မကောင်းမှုဟူသည် ဆိတ်ကွယ်ရာမရှိ၊ ရာဇဝတ်ဘေးပြေးမလွတ်ဟူသည့်အတိုင်း အကြမ်းဖက်သမားများအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန်နှင့် အပြစ်မဲ့ပြည်သူလူထုအား သေကျေထိခိုက်စေရန် ရည်ရွယ်ချက်ရှိရှိ မည်သို့ပင် လုပ်ဆောင်လျက်ရှိသော်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တည်ငြိမ်အေးချမ်းမှုကို လိုလားသည့် ပြည်သူလူထုတို့ ညီညီညွတ်ညွတ်ဖြင့် ဝိုင်းဝန်းပူးပေါင်း၍ ပြစ်မှုကျူးလွန် သူမှန်သမျှကို ဖော်ထုတ်ဖမ်းဆီး အရေးယူလျက်ရှိသည်။
ထိုသို့ ဖော်ထုတ်ဖမ်းဆီးအရေးယူလျက်ရှိရာ ၂၀၂၁ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့ နံနက် ၁ နာရီ မိနစ် ၅၀ ခန့်တွင် လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ ညောင်တုန်းလမ်းနှင့် ဦးပုညလမ်းထောင့် ၌ ဒလန်ဟုစွပ်စွဲပြီး ကြိုးတုပ်၊ တာယာကွင်းစွပ်၍ သတ်ဖြတ်ခံခဲ့ရသည့် ရာအိမ်မှူးဖြစ်သူ ဦးသန်းဦးနှင့် ဦးစွန်ရဲ(ခ) ဦးမြသန်းတို့ နှစ်ဦးအား သတ်ဖြတ်ခဲ့သည့် လူသတ်တရားခံများအား သက်ဆိုင်ရာ အာဏာပိုင် များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပြည်သူများပူးပေါင်း ဖော်ထုတ်မှုအရ သတ်ဖြတ်မှုကျူးလွန်ရာတွင် ပါဝင်ခဲ့သည့် ခိုင်ကြီး(ဘ)ဦးဝင်းနိုင်၊ စည်သူဝင်း(ဘ) ဦးဝင်းနိုင်၊ ကျော်မြင့်(ဘ) ဦးတိုးတိုး၊ အရိုး(ဘ)ဦးစိုးလွင်၊ အရိုး(ဘ) ဦးကြည်လွင်နှင့် ဝင်းသီတာမြင့် (ဘ) ဦးသောင်း မြင့် အပါအဝင် အမျိုးသား ငါးဦး၊ အမျိုးသမီး တစ်ဦး စုစုပေါင်း ခြောက်ဦးတို့ အား ၂၀၂၁ ခုနှစ်၊ ဧပြီ ၂၃ ရက်နေ့ တွင်ဖမ်းဆီးရမိခဲ့သည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူများနှင့် ပူးပေါင်း၍ ကွင်းဆက်တရားခံများအား ဆက်လက်ကြိုးပမ်း ဖော်ထုတ်ခဲ့ရာ ဦးသန်းဦးနှင့် ဦးစွန်ရဲ(ခ)ဦးမြသန်းတို့ နှစ်ဦးအား သတ်ဖြတ်မှုကျူးလွန် စဉ် ကြိုးတုပ်ပေးခဲ့သည့် ဇော်ထွန်း(ဘ) ဦးလှထွန်းနှင့် ၎င်း၏ညီဖြစ်သူ ဇော်ဇော်လွင် တို့ညီအစ်ကိုနှစ်ဦးအား ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက် ည ၁၁ နာရီခွဲခန့်တွင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၈) ရပ်ကွက်၊ ပဒေသာ(၄)လမ်းရှိ ၎င်းတို့၏နေအိမ်၌ ထပ်မံ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရှိရသည်။
ဖမ်းဆီးရမိသော ရက်ရက်စက်စက် လူမဆန်စွာ သတ်ဖြတ်မှု ကျူးလွန်ခဲ့သည့် လူသတ်တရားခံများအား တရားဥပဒေနှင့်အညီ ထိုက်တန်သည့် ပြစ်ဒဏ်ကျခံစေရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာမှ သတင်းရရှိသည်။
သတင်းစဉ်