
မြန်မာနိုင်ငံက တင်သွင်းခဲ့သော ကနဦးကန့်ကွက်လွှာဆိုင်ရာ ကြားနာပွဲသို့ မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်
နေပြည်တော် ဖေဖော်ဝါရီ ၂၂
ဂမ်ဘီယာနိုင်ငံသည် မြန်မာနိုင်ငံကို အပြည်ပြည် ဆိုင်ရာတရားရုံး (ICJ) ၌ ၁၉၄၈ ခုနှစ် လူမျိုးသုဉ်းစေ မှုကို တားဆီးရန်နှင့် ပြစ်ဒဏ်ပေးရန် နိုင်ငံတကာ သဘောတူစာချုပ် (Convention on the Prevent-ion and Punishment of the Crime of Genocide) ကို ကျူးလွန်ဖောက်ဖျက်သည်ဟု စွပ်စွဲချက်ဖြင့် တရားစွဲ ဆိုထားခြင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံက တင်သွင်းခဲ့သော ကနဦးကန့်ကွက်လွှာနှင့် ပတ်သက် သည့် ကြားနာမှုကို နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့ တွင် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်မှ ၂၈ ရက်အထိ ပြုလုပ်လျက်ရှိသည်။ အဆိုပါ ကြားနာပွဲ သို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က ကိုယ်စားလှယ် (Agent) အဖြစ် လည်းကောင်း၊ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာသီတာဦးက အလှည့် ကျ ကိုယ်စားလှယ် (Alternate Agent) အဖြစ် လည်းကောင်း ဦးဆောင်သော မြန်မာကိုယ်စား လှယ်အဖွဲ့ တက်ရောက်လျက်ရှိပါ သည်။
အဖွင့်မိန့်ခွန်းပြောကြား
၂၁-၂-၂၀၂၂ ရက်နေ့က ပြုလုပ်ခဲ့သည့် ကနဦးကန့်ကွက် လွှာဆိုင်ရာ ကြားနာပွဲတွင် မြန်မာ နိုင်ငံ၏ ပထမအကြိမ် နှုတ်ဖြင့် လျှောက်လဲမှုတွင် ပထမဦးစွာ မြန်မာနိုင်ငံ ကိုယ်စားလှယ် (Agent) ဖြစ်သူ အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က အဖွင့်မိန့်ခွန်း ပြောကြားခဲ့ပါသည်။ အဆိုပါ အဖွင့်မိန့်ခွန်းတွင် ပြည်ထောင်စု ဝန်ကြီးက အဓိကအားဖြင့် မြန်မာနိုင်ငံအနေဖြင့် ယခုကဲ့သို့ တရားရုံးက ဤအမှုကို စီရင်ပိုင် ခွင့် မရှိကြောင်း (သို့မဟုတ်) လက်ခံကြားနာနိုင်မှု မရှိကြောင်း ကနဦးကန့်ကွက်လွှာ တင်သွင်း ခြင်းသည် တရားရုံး၏ တရားစီရင် မှု လုပ်ထုံးလုပ်နည်းများအပေါ် ဆင်ခြေပေးကန့်သတ်ရန်အတွက် မဟုတ်ဘဲ တရားမျှတမှုကို တော် တည့်မှန်ကန်စွာ ဖော်ဆောင် နိုင်ရေးအတွက် ရည်ရွယ်ခြင်း ဖြစ်ကြောင်း၊ နောင်ရက်များ အတွင်း ပြုလုပ်သွားမည့် ကြားနာ မှုများသည် အရေးပါပြီး ဤတရား ရုံး၏ အနာဂတ်တရားစီရင်ရေး လုပ်ငန်းစဉ်များအပေါ် ထူးခြား သည့် အကျိုးသက်ရောက်မှု များစွာ ရှိမည်သာမက နိုင်ငံများ အကြား အပြည်ပြည်ဆိုင်ရာ တရားရုံး (သို့မဟုတ်) ခုံရုံးများသို့ တင်သွင်းမည့် အမှုများအပေါ် လည်း အမှန်ပင် အကျိုး သက်ရောက်မှုများ ရှိလာမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအစိုးရ အနေဖြင့် အိန္ဒိယနှင့် မြန်မာ နိုင်ငံတို့အပေါ် ကိုလိုနီခေတ် အုပ်ချုပ်မှုမှ စတင်၍ အကြောင်း အကျိုးဆက်ကာ ဖြစ်ပေါ်လာခဲ့ သည့် ရှည်လျားရှုပ်ထွေးလှသော ဤပြဿနာအား စေ့စပ်ညှိနှိုင်း အဖြေရှာ၍ ငြိမ်းချမ်းစွာ ဖြေရှင်း နိုင်ရေးအတွက် ကြိုးစားလျက်ရှိ ကြောင်း၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးကိစ္စရပ်များနှင့် ပတ်သက်၍ မြန်မာ-တရုတ်-ဘင်္ဂလားဒေ့ရှ် သုံးနိုင်ငံအကြား သုံးပွင့်ဆိုင် သံတမန်ဆွေးနွေးပွဲ များ ကျင်းပ၍လည်းကောင်း၊ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ ၏ လုပ်ငန်းအဖွဲ့များအကြား နှစ်နိုင်ငံ သဘောတူညီချက်အရ မိမိဆန္ဒအလျောက် နေရပ်ပြန် လိုသည့် လူဦးရေစာရင်း ပြုစုမှုကို ပူးပေါင်းဆောင်ရွက်၍ လည်း ကောင်း ဖော်ဆောင်လျက်ရှိ ကြောင်း၊ ရခိုင်ပြည်နယ်ရှိ IDP စခန်းများတွင် နေထိုင်လျက်ရှိသူ များကို အခြားပြည်သူများနှင့် တန်းတူ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက် ရှိကြောင်း၊ ယင်း IDP စခန်းများကို ရုပ်သိမ်းနိုင်ရေးအတွက်လည်း စတင်ပြင်ဆင်ဆောင်ရွက်လျက် ရှိကြောင်း၊ ထိုဖြစ်ပေါ်တိုးတက်မှု များကို ကြည့်လျှင် မြန်မာနိုင်ငံ အစိုးရ၏ ထိရောက်ပြီး အပြု သဘောဆောင်သည့် အဖြေရှာမှု နည်းလမ်းများအပေါ် အလေး အနက်ထားသည့် ဆန္ဒမှန်ကို သိရှိ မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ အစိုးရအနေဖြင့် ယခုတရားစွဲဆိုမှု နှင့် ပတ်သက်သည့် မြန်မာနိုင်ငံ၏ ဆက်လက် လုပ်ဆောင်ရမည့် တာဝန်ဝတ္တရားများကို လိုက်နာ ဆောင်ရွက်လျက်ရှိကာ တရားရုံး မှ ချမှတ်ခဲ့သော ကြားဖြတ်စီမံဆောင်ရွက်ချက်အမိန့်အတိုင်း အလေးထား အကောင်အထည် ဖော်လျက်ရှိပြီး ပုံမှန်တင်သွင်း ရမည့် အစီရင်ခံစာများကိုလည်း ဆက်လက် တင်သွင်းလျက် ရှိကြောင်း ပြောကြားခဲ့ပါ သည်။
ထို့နောက် မြန်မာနိုင်ငံ ကိုယ်စားပြု နိုင်ငံတကာရှေ့နေ များဖြစ်ကြသော Dr. Christ-opher Staker က ဂမ်ဘီယာနိုင်ငံ သည် အိုအိုင်စီ၏ တာဝန်ပေးချက် အရ အိုအိုင်စီကိုယ်စား တရားစွဲ ပေးခြင်းဖြစ်၍ ယခုအမှုကို တရား ရုံးက လက်မခံသင့်ကြောင်း၊ အိုအိုင်စီသည် နိုင်ငံတကာ အဖွဲ့ အစည်းတစ်ခုဖြစ်၍ အပြည်ပြည် ဆိုင်ရာတရားရုံး၏ ဥပဒေအရ အငြင်းပွားမှု တင်သွင်းခွင့် မရှိ သဖြင့် ကန့်ကွက်ကြောင်း လျှောက်လဲချက်ကို လည်း ကောင်း၊ Professor Stefan Talmon က ဂမ်ဘီယာနိုင်ငံသည် နစ်နာသူနိုင်ငံမဟုတ်၍ တရားစွဲ ခွင့် မရှိကြောင်း၊ ၁၉၄၈ ခုနှစ် လူမျိုးသုဉ်းစေမှုကို တားဆီးရန် နှင့် ပြစ်ဒဏ်ပေးရန် နိုင်ငံတကာ သဘောတူစာချုပ်က အဖွဲ့ဝင် နိုင်ငံများအနေဖြင့် ၎င်းတို့အပေါ် ထိခိုက်မှု မရှိပါက တရားစွဲခွင့် ပေးမထားကြောင်း လျှောက်လဲ ချက်ကိုလည်းကောင်း၊ Professor Robert Kolb က မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် လူမျိုးသုဉ်းစေမှုကို တားဆီးရန်နှင့် ပြစ်ဒဏ်ပေးရန် နိုင်ငံတကာ သဘောတူစာချုပ်၏ အာတီကယ် (၈) ကို ခြွင်းချက် ပြုလုပ်ထား၍ မည်သည့်စာချုပ် ဝင်နိုင်ငံကမဆို ကုလသမဂ္ဂ၏ အဖွဲ့အစည်းများ (အပြည်ပြည် ဆိုင်ရာတရားရုံး အပါအဝင်) သို့ စာချုပ်ဝင်နိုင်ငံ တစ်နိုင်ငံအား အရေးယူဆောင်ရွက်ရန်တောင်း ဆိုမှုကို လိုက်နာရန် မလိုကြောင်း လျှောက်လဲချက်ကို လည်း ကောင်း၊ Dr. Christopher Staker က ၁၉၄၈ ခုနှစ် လူမျိုး သုဉ်းစေမှုကို တားဆီးရန်နှင့် ပြစ်ဒဏ်ပေးရန် နိုင်ငံတကာ သဘောတူစာချုပ်၏ အာတီကယ် (၉) အရ တရားရုံးသို့ အမှု တင်သွင်းရန် အဖွဲ့ဝင် နှစ်နိုင်ငံ အကြား ဥပဒေကြောင်းအရ အငြင်းပွားမှုရှိရန် လိုအပ်ကြောင်း၊ ဂမ်ဘီယာနိုင်ငံနှင့် မြန်မာနိုင်ငံ အကြား ဥပဒေကြောင်းအရ အငြင်းပွားမှု လုံးဝမရှိကြောင်း လျှောက်လဲချက်ကို လည်းကောင်း တရားရုံးသို့တင်သွင်းခဲ့ကြပါသည်။
တန်ပြန်လျှောက်လဲမှု ပြုလုပ်မည်
ဂမ်ဘီယာနိုင်ငံ၏ ပထမ အကြိမ် နှုတ်ဖြင့် လျှောက်လဲမှုကို ၂၃-၂-၂၀၂၂ ရက်နေ့တွင် ပြုလုပ် မည်ဖြစ်ကာ မြန်မာနိုင်ငံအနေဖြင့် ဂမ်ဘီယာနိုင်ငံ၏ လျှောက်လဲမှု များအပေါ် တန်ပြန်လျှောက်လဲမှု ကို ၂၅-၂-၂၀၂၂ ရက်နေ့တွင် ပြုလုပ်မည်ဖြစ်ကြောင်း သတင်း ရရှိပါသည်။ သတင်းစဉ်