လှအိုးကွဲနှင့် ချစ်သောကမ္ဘာမြေ

Type
rr

 

 

သိန်းထွန်း (IR)

 

အခုတလော အလုပ်တစ်ခုရနေပါတယ်။ မနက်မိုးလင်းလို့  အိပ်ရာကထတာနဲ့ အိမ်ရှေ့ ဘုရားစင်ပြတင်းပေါက်ကနေ ငှက်ကလေးတစ်ကောင်  ရောက် မရောက် ကြည့်ရတာပါပဲ။ အဲဒီငှက်ကလေးက ဘာငှက်မှန်းတော့ မသိပါဘူး။ အရွယ်က စာကလေးထက် နည်းနည်းပိုကြီးတယ်။ ဆက်ရက်လောက်လည်း မကြီးဘူး။ သူ့အမြီး နောက်နားမှာ နှစ်ခွနဲ့။ ခေါင်းပေါ်မှာ အနက်ရောင် အမောက်လေးလည်း ပါသေးတယ်။ သူ့အရောင်က အနက်ရောင်လို့ ပြောရမယ်။ ဒါပေမယ့် လုံးဝအနက်ရောင်တော့ မဟုတ်ဘူးဗျ။
အဲဒီလို  ငှက်ကလေးတွေ အိမ်ဘေး နားက  အပင်တွေမှာ  အတော်များများ ရှိကြပါတယ်။   အရင်ကလည်း  အဲဒီငှက် တွေကို နေ့တိုင်းတွေ့နေကျပါ။ ဒါပေမယ့် အခု ငှက်ကလေးကတော့  အခြား သူ့လို ငှက်တွေနဲ့ မတူဘူး။ အဲဒီငှက်ကလေးကို စတွေ့တာက   ကျွန်တော့်အမျိုးသမီးပါ။ သူက မနက်အိမ်ရာက  နိုးတာနဲ့  ဘုရား ခန်းဝင်ပြီး တံခါးဖွင့်  သန့်ရှင်းရေးလုပ် တာ။  ဘုရားခန်းတံခါး   ဖွင့်လိုက်ရင် အိမ်ရှေ့ကို မြင်နေရတယ်။ နေ့တိုင်း အဲဒီ လို တံခါးဖွင့်ရင်းနဲ့  ခုနကပြောတဲ့  ငှက် ကလေးကို   တွေ့တာ။  ကျွန်တော့်အမျိုး သမီးက အဲဒီငှက်ကလေးကိုတွေ့ပြီးတော့ ငှက်ကလေးကို နာမည်ပေးထားတယ်။ ငှက်ကို နာမည်ပေးထားတာ ကြည့်ပါဦး။ လှအိုးကွဲတဲ့။   ကြံကြံဖန်ဖန်  ငှက်ကို လှအိုးကွဲလို့ ပေးရတယ်လို့။ လှအိုးကွဲလို့ နာမည်ပေးရတာက   အခြားကြောင့် မဟုတ်ဘူး။ အဲဒီငှက်ကလေးက နေ့တိုင်း ကားနောက်ကြည့်မှန်ဆီလာပြီး သူ့ကိုယ် သူ အမြဲကြည့်နေတာမို့ အလှကြိုက်လို့ လှအိုးကွဲတဲ့။  ငှက်ကလေးလည်း    လူ စကားနားလည်ရင် လှအိုးကွဲဆိုတဲ့  သူ့ နာမည်ကို သဘောကျမယ်ထင်ပါတယ်။ သူက အလှကြိုက်တာကိုး။
လှအိုးကွဲ
မှန်လည်း မှန်တယ်။ အဲဒီငှက်ကလေး က  မနက်မိုးလင်းတာနဲ့  မှန်ဆီရောက် နေပြီ။ တစာစာနဲ့  အော်လိုက်၊   မှန်ထဲ ကြည့်လိုက်နဲ့။ ကျွန်တော့်အမျိုးသမီးက လှအိုးကွဲကို တွေ့နေတာကြာပြီ။ တစ်ရက် တော့ ကျွန်တော့်ကို ခေါ်ပြတယ်။ ဖေကြီး လာကြည့်လှည့်ဆိုပြီး  ဘုရားခန်းတံခါး ပေါက်ကနေ ခေါ်ပြတော့မှ ဟုတ်ပါ့ဗျာ ... ငှက်ကလေးက  ကားနောက်ကြည့် မှန်အပေါ်   ပေါင်ပေါ်ကနေ    မှန်ထဲကို ငုံ့ကြည့်လိုက် အော်လိုက်၊ တစ်ခါနောက် ကြည့်မှန်     အောက်ပေါင်အနားပေါ် ကပ်တွယ်ပြီး   မှန်ထဲမှာ    သူ့ကိုယ်သူ ကြည့်လိုက်၊ နှုတ်သီးနဲ့ မှန်ကိုခေါက်လိုက် နဲ့    လုပ်နေတာ။     လှအိုးကွဲကြည့်ရတာ အတော်ပျော်နေပုံပဲ။   မှန်ထဲကြည့်ပြီး နှုတ်သီးနဲ့ခေါက်နေတာ  ရန်လိုတဲ့  ပုံစံ မဟုတ်ဘူး။ မှန်ကြည့်ပြီး ပျော်နေတဲ့ပုံ။ မှန်ကြည့်တာများ    ဘယ်ပြန်ညာပြန်နဲ့ သူ့ကိုယ်သူကြည့်နေတာ။ လှအိုးကွဲကို ကြည့်ရင်း ကျွန်တော် အတော်သဘောကျ သွားတယ်။ အဲဒီလိုငှက်  တစ်ခါမှလည်း မတွေ့ဖူးဘူး။   ကျွန်တော့်  အမျိုးသမီး ပေးထားတဲ့   နာမည်နဲ့  လိုက်မှလိုက်ပဲ။ ငှက်ကလေးကို    အထီးမှန်း  အမမှန်း မသိပါဘူး။  ဒါပေမယ့်   ငှက်ကလေးရဲ့ အမူအရာနဲ့  နာမည်နဲ့တော့   အတော် လိုက်သားဗျ။
လှအိုးကွဲကို တွေ့ပြီးတဲ့ နောက်ရက် ကစလို့ ကျွန်တော့်မှာ အဲဒီအလုပ်တစ်ခု ရသွားတော့တာ။ အားရင် ဘုရားခန်းတံခါး ကနေ  လှအိုးကွဲကို   သွားချောင်းကြည့် ရတာ။  လှအိုးကွဲကတော့   ကျွန်တော် ချောင်းကြည့်နေတာ မတွေ့ဘူး။  သူ့စိတ် ကူးနဲ့သူ    ပျော်နေလေရဲ့။   လှအိုးကွဲ ဘာလို့လုပ်နေတာလဲ  သေချာကြည့်တော့ သူက တကယ်ပဲ မှန်ကို ကြိုက်နေတာဗျ။ မှန်ကြည့်ပြီး အသံမျိုးစုံနဲ့  တစာစာအော် နေလိုက်တာ။ သီချင်းဆိုသလား အောက် မေ့ရတယ်။     တစ်ခါတလေများဆို နောက်ကြည့်မှန်ကို   တစ်ဖက်တည်း ကြည့်ရတာ  အားမရဘူးထင်ပါတယ်။   နောက်တစ်ဖက်ကို ကူးပြီးတောင် ကြည့် လိုက်သေးတာ။  သူ့ကို   ကြည့်ရင်းနဲ့ ကျွန်တော့်ကိုပါ   အပျော်တွေ   ကူးလာ တယ်ဗျ။
လှအိုးကွဲ ရောက်နေပြီ
မနက်မိုးလင်းလာပြီဆို လှအိုးကွဲက နောက်ကြည့်မှန်ဆီ ရောက်နေပြီ။ အသံ မျိုးစုံနဲ့လည်း အော်နေပြီ။ မှန်ကြည့်တဲ့ အချိန်မှာ လှအိုးကွဲရဲ့အသံက အခြားငှက် တွေ   အော်သံနဲ့မတူတော့ သူ့အသံကြား တာနဲ့   လှအိုးကွဲ   ရောက်နေပြီဆိုတာ သိပြီ။ သူ့လို   အခြားငှက်တွေ  ပတ်ဝန်း ကျင်မှာရှိတာပဲ၊ အခြား အကောင်တွေ ကတော့     မလာကြဘူး။    လှအိုးကွဲ တစ်ကောင်ပဲ  ထူးထူးခြားခြား  လာနေ တာ။ နောက်ပြီး   လှအိုးကွဲက  အိမ်မှာ မွေးထားတဲ့ ငှက်လည်းမဟုတ်ဘူး။ သင် ပေးထားတာလည်းမရှိဘူး။ အစာစားရလို့ လာနေတာလည်း မဟုတ်ဘူး။ မှန်ကြည့်ဖို့ သက်သက် လာနေတာ။ သဘာဝအတိုင်း နေတဲ့ ငှက်ပဲ။ လှအိုးကွဲ မှန်ကြိုက်ပုံများ တော့   အပင်တွေဆီ    ပြန်သွားလည်း သိပ်မကြာဘူး၊ မှန်ဆီပဲ  ပြန်လာရော။ ဒီငှက်ကလေး အစာရှာ မသွားဘဲနဲ့ ဘယ့် နှယ်    မှန်ကြည့်ဖို့ပဲ    လာနေမှန်းမသိ ဘူး။   မော်ဒယ်သေလို့   ဝင်စားသလား အောက်မေ့ရတယ်။ ငှက်မော်ဒယ်လည်း ဖြစ်ချင်ဖြစ်မှာပေါ့။
အရင်တုန်းကတော့   ကားနောက် ကြည့်မှန်ကို  ခေါက်ထားတာ၊  နောက် တော့ နောက်ကြည့်မှန်ကို မခေါက်တော့ ဘူး၊ လှအိုးကွဲ မှန်လာကြည့်လို့ရအောင် မခေါက်ဘဲ ထားလိုက်တယ်။ သူကြိုက် တာလေး    လွတ်လွတ်လပ်လပ်  လုပ်ပါ စေ။ သူပျော်ရင်    ကိုယ်လည်းပျော်တာ ပေါ့။ တစ်ရက်ကဆို  လှအိုးကွဲ တစ်ရက် လုံး  မလာဘူး။  ကျွန်တော်တို့မှာ စိတ်ပူရ တာလေ၊ လှအိုးကွဲလေး  ဘာများဖြစ်လို့ ပါလိမ့်လို့။   နောက်ရက်ကျ   လှအိုးကွဲ ပြန်ရောက်လာတယ်။    တော်သေးတာ ပေါ့။
အလှတရားတွေကို  ဖန်တီး
လှအိုးကွဲကို   ကြည့်ပြီး  သတ္တဝါလေး တွေရဲ့ ချစ်စရာအပြုအမူတွေကို သတိ ထားမိသလို သဘာဝတရားကြီးက အလှ တရားတွေကို  ဖန်တီးပေးထားပါလား၊ ချစ်စရာလေးတွေ ဖန်တီးပေးထားပါလား လို့ စဉ်းစားမိတယ်။ သဘာဝတရားကြီးက ကျွန်တော်တို့အတွက်    စားစရာတွေ၊ နေစရာတွေအပြင် အလှတရားတွေပါ ဖန်တီးပေးထားတယ်။ သဘာဝတရား ကြီးရဲ့ ဖန်တီးထားချက်တွေက   အံ့ဩ မကုန်ပါပဲ။ တကယ်တော့ ကျွန်တော်တို့ နေထိုင်တဲ့ ကမ္ဘာကြီးထဲမှာမှ  ထူးဆန်း အံ့ဩဖွယ်ရှိတာတော့   မဟုတ်ပါဘူး။ စကြဝဠာတစ်ခုလုံးမှာလည်း အံ့ဩစရာ တွေချည်းပါပဲ။ ဒီလို အံ့ဩမကုန်နိုင်တဲ့ လောကကြီးကို ဘယ်လိုများ ဖန်တီးခဲ့၊ တည်ဆောက်ခဲ့လဲဆိုတာ စဉ်းစားမရနိုင် အောင်ပါ။   တိုးတက်လှပါတယ်ဆိုတဲ့ ဒီကနေ့     သိပ္ပံခေတ်ကြီးမှာတောင် လူသားတွေ   မသိသေးတဲ့   အရာတွေ၊ အဖြေရှာမရသေးတဲ့အရာတွေ၊   စူးစမ်း လေ့လာနေရဆဲတွေ အများကြီး ကျန်နေ ပါသေးတယ်။
လူသားတွေ ကမ္ဘာကြီးအပြင်ထွက် ပြီး စကြဝဠာထဲအထိ ခြေဆန့်လေ့လာ နေတာကြာပါပြီ။   ကမ္ဘာနဲ့အနီးစပ်ဆုံး လကမ္ဘာဆီကို   လူတွေရောက်ပြီးပြီ။ နေဂြိုဟ်ကြီးဆီကိုလည်း စေလွှတ်ခဲ့ပြီး ပြီ။ အခုဆို အင်္ဂါဂြိုဟ်ပေါ်ကို  စက်ရုပ် ယာဉ်တွေပို့ပြီး လေ့လာနေကြပါသေး တယ်။ စကြဝဠာထဲ လေ့လာနေသလို ကမ္ဘာဂြိုဟ်ပေါ်က    မြေပြင်ပေါ်မှာရှိတဲ့ သက်ရှိ၊ သက်မဲ့တွေ၊ ရေအောက်မှာရှိတဲ့ သက်ရှိသက်မဲ့တွေနဲ့ ကမ္ဘာဂြိုဟ်အတွင်း ပိုင်းတွေအထိ စူးစမ်းလေ့လာဖော်ထုတ် နေပေမယ့် ရှာဖွေလေ တွေ့ရှိလေဆိုတာ လို သဘာဝတရားကြီးရဲ့  လျှို့ဝှက်ချက် တွေက တွေ့နေတုန်းပါပဲ။
သဘာဝတရားကြီးရဲ့လျှို့ဝှက်ချက်
တစ်ဖက်မှာ  သဘာဝတရားကြီးရဲ့လျှို့ဝှက်ချက်တွေကို ဖော်ထုတ်အသုံးချ နေသလို   တစ်ဖက်မှာလည်း   လူတွေ ကြောင့် သဘာဝတရားကြီးဟာ ပျက်စီး နေတာ  တွေ့ရပါတယ်။ သဘာဝတရား ကြီးမှာ အသစ်ပြန်လည် ပြည့်လာနိုင်တာ တွေရှိပေမယ့်    အချို့ကြတော့  အသစ် ပြန်လည်  မရနိုင်တာတွေ  ရှိနေပါတယ်။ ပျက်စီးသွားပြီဆို တစ်ခါတည်း ပျောက် သွားမှာ။ ဥပမာ  သစ်ပင်တွေကို  ခုတ် လိုက်ပြီး ပြန်စိုက်ရင် ရနိုင်တယ်။ သစ်ပင် တွေ   စိုက်လို့ရပေမယ့်   သစ်ပင်တွေကို အလွန်အကျွံခုတ်လိုက်တယ်၊   ပြန်ပြီး မစိုက်ဘူးဆိုရင်  သဘာဝတရားကြီးရဲ့ ဟန်ချက်ပျက်သွားတယ်။ သဘာဝတရား ကြီးရဲ့  ဟန်ချက်ဟာ   လူတွေကြောင့် ပျက်သွားတာပေါ့။ FAO ရဲ့ 2020 The state of The World’s Forest အစီရင် ခံစာမှာ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ အခြေခံ သစ်တောဧရိယာဟာ  ၁၉၉၀  ပြည့်နှစ် ကနေ ဒီနေ့အထိ  ဟက်တာ သန်း ၈၀ ကျော်  လျော့နည်းလာခဲ့ကြောင်း၊   သစ် တောပြုန်းတီးမှုနဲ့   သစ်တောအရည် အသွေးကျဆင်းမှုတွေဟာ စိုးရိမ်ဖွယ် ရာနှုန်းနဲ့   ဆက်ဖြစ်နေပြီး   အဲဒါတွေ ကြောင့်   ဇီဝမျိုးစုံမျိုးကွဲတွေ   ထပ်ပြီး ဆုံးရှုံးသွားစေနိုင်ကြောင်း ဖော်ပြထား တာကို တွေ့ရပါတယ်။ တစ်ခုပျက်တာနဲ့ အခြားတစ်ခုကိုပါ ဆိုးကျိုးသက်ရောက် လာတဲ့ သဘောပေါ့။
နောက်ထပ်  အကျိုးဆက်ကတော့ မိုးခေါင်တာတွေ၊ ရေကြီးတာတွေ၊ အပူ လွန်ကဲတာတွေ၊ အအေးလွန်ကဲတာတွေ၊ ပင်လယ်ပြင်ရဲ့ ဂေဟစနစ်တွေ ပျက်စီး ကုန်တယ်။ ဆိုတော့ဖြစ်လာတဲ့ နောက် ဆက်တွဲဆိုးကျိုးတွေက  အများကြီးပဲ။ အရိပ်နေနေ အခက်ချိုးချိုးဆိုတဲ့ မြန်မာ စကားရှိပါတယ်။ ကိုယ်နေတဲ့အိမ် ဖျက် ပြီး    မီးဆိုက်နေရင်    နောက်ဆုံးဒုက္ခ ရောက်မှာက ကိုယ်တိုင်ပဲဖြစ်ကြမှာ။
ဟန်ချက်မျှအောင်  ဖန်တီးထား
ပြီးခဲ့တဲ့ တစ်ရက်က   ဝါရှင်တန်ပိုစ့် သတင်းတစ်ပုဒ်မှာ  ဖတ်လိုက်ရတယ်။ လာအိုနိုင်ငံက    နောက်ဆုံးလက်ကျန် ဧရာဝတီလင်းပိုင်အမျိုးအစား တစ်ကောင် ငါးဖမ်းပိုက်ကွန်နဲ့  ငြိပြီး သေသွားပြီလို့ wildlife အရာရှိတွေက ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ပြောတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။ လာအိုနိုင်ငံမှာ ဧရာ ဝတီလင်းပိုင်မျိုးစိတ်  မရှိတော့ဘူးဆိုတဲ့ အဓိပ္ပာယ်ပဲပေါ့။ မြန်မာနိုင်ငံမှာဆိုလည်း    ဧရာဝတီလင်းပိုင်အကောင်ရေ ရာဂဏန်း တောင်     မရှိတော့ဘူး။    ကမ္ဘာမှာ လည်း   မျိုးသုဉ်းမယ့်   အန္တရာယ်ရှိနေတဲ့ တိရစ္ဆာန်မျိုးစိတ်တွေ   အများအပြား ရှိနေပါတယ်။    သဘာဝတရားကြီးရဲ့ အချက်ပေးခေါင်းလောင်းသံက   ပိုပိုပြီး  ကျယ်လာတယ်လို့ထင်ပါတယ်။ အထက် မှာဆိုခဲ့သလို   သဘာဝတရားကြီးက  တစ်ခုနဲ့တစ်ခုအကြား ဟန်ချက်မျှအောင်  ဖန်တီးထားတာဆိုတော့  တစ်ခုခု    ဟန် ချက်ပျက်တာနဲ့  အခြားတစ်ဖက်ကိုပါ ထိခိုက်လာတော့မှာပဲလေ။
လူသားအားလုံးနဲ့ဆိုင်တဲ့ကိစ္စ
ဒါကြောင့်   သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတွေ၊ ဂေဟစနစ်ထိန်းသိမ်း ရေးတွေ တစာစာအော်ပြီး တိုက်တွန်းနေ ကြတာ။  ဒါပေမယ့်  သတိပေးသူတွေက သတိပေးနေပေမယ့်   အသိတရားမဲ့သူ တွေကတော့ အဆင်အခြင်မဲ့  လုပ်နေတာ တွေ ရှိနေတုန်းပဲ။ လူသားအားလုံးနဲ့ဆိုင် တဲ့ကိစ္စဆိုတော့    တစ်ဦးချင်းကစလို့ နိုင်ငံအလိုက်၊ တစ်ကမ္ဘာလုံးအထိ သက် ဆိုင်နေပါတယ်။ တစ်ခါတလေ စဉ်းစား မိတယ်။  သစ်ပင်တစ်ပင်   ခုတ်မယ်ဆို ကိုယ်တိုင်ကရော သစ်ပင်ဘယ်နှပင် စိုက်ပြီးပြီလဲ   ဆိုတာမျိုးပေါ့။   သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းနေကြတဲ့  လူ တွေ၊ အဖွဲ့အစည်းတွေက အသိပညာပေး တာတွေ၊  ထိန်းသိမ်းစောင့်ရှောက်တာ တွေလည်း ရှိကြပေမယ့် ထိန်းသိမ်းတာနဲ့ ပျက်စီးတာက မမျှဘူး။ ဒါကြောင့်လည်း ကမ္ဘာမှာ    အရင်ကမကြုံဖူးသေးတဲ့ သဘာဝဘေးအန္တရာယ်တွေ ကြုံနေကြ ရပြီ။ ကာကွယ်ခြင်းဟာ  ကုသခြင်းထက် ပိုကောင်းတယ်ဆိုတဲ့     စကားလိုပဲ ကြိုတင်ကာကွယ်ကြဖို့ထက် ဖြစ်လာမှ ကုစားကြမယ်ဆိုရင် အချို့အရာတွေက အရင်းအနှီးများများ   ပေးဆပ်ကြရမှာ။ အချို့အရာတွေဆို   ပြန်တောင်မရနိုင် တော့ ဘူး။ တစ်နေ့တခြား   ကမ္ဘာကြီးရဲ့ သဘာဝအရင်းမြစ်တွေ  ပျက်စီးကုန်ပြီ ပေါ့။
ပြည့်စုံမှုထက်ပိုတဲ့ ကမ္ဘာကြီး
ကမ္ဘာကြီးကို       ဂြိုဟ်တုကနေ ရိုက်ထားတဲ့  ဓာတ်ပုံတွေကို   ကြည့်ရင် ကျွန်တော်တို့  ကမ္ဘာကြီးဟာ   အလွန်ပဲ လှပပါတယ်။  ကမ္ဘာကြီးဟာ  အဝေးက ကြည့်မှ လှတာမဟုတ်ပါဘူး။ မြေပြင်မှာ လည်း လှပလွန်းပါတယ်။ အခုအင်္ဂါဂြိုဟ် ပေါ်က  curiosity  နဲ့   perseverance စက်ရုပ်ယာဉ်တွေ ရိုက်ပို့လိုက်တဲ့ ပုံတွေ မှာဆို   အင်္ဂါဂြိုဟ်ဟာ   ကမ္ဘာမြေကြီးလို မပြည့်စုံသလို ကျွန်တော်တို့ ကမ္ဘာမြေလို လည်း  မလှပါဘူး။  အဲဒီလိုပဲ  လကမ္ဘာ ဟာလည်း    ကမ္ဘာမြေလို   မလှပါဘူး။ ကမ္ဘာမြေကြီးဟာ   ပြည့်စုံပြီး  လှရုံတင် မကပါဘူး၊   လှအိုးကွဲလို   သဘာဝရဲ့ ချစ်စရာဖန်တီးချက်တွေလည်း  ရှိနေပါ တယ်။ ပြည့်စုံမှုထက်ပိုတဲ့ ကမ္ဘာကြီးပါ။ ဒီကနေ့အထိ သိပ္ပံပညာရှင်တွေ  စကြ ဝဠာထဲ ခြေဆန့်ပြီး ရှာဖွေပြီးသလောက် အထိ သက်ရှိတွေရှိတဲ့ ဂြိုဟ်မတွေ့ရသေး ပါဘူး။ ကမ္ဘာ ကြီး ဟာ သက်ရှိတွေနေထိုင် တဲ့ တစ်ခုတည်းသော ဂြိုဟ်ပါ။   ဒါဟာ ဂုဏ်ယူဖွယ်၊ တန်ဖိုးထားဖွယ်လို့ မြင်မိပါ တယ်။
မမြင်သာတဲ့အန္တရာယ်
ဒီလို    ကမ္ဘာကြီးပေါ်မှာ   ဖြစ်နေတဲ့ သဘာဝဘေးအန္တရာယ်၊ လူလုပ်ဘေး အန္တရာယ်တွေထဲမှာ     လူလုပ်ဘေး အန္တရာယ်က  တစ်နေ့ထက်တစ်နေ့ များ လာလို့  သဘာဝတရားကို  ပျက်စီးစေ လျက်ရှိပါတယ်။  လူလုပ်ဘေးအန္တရာယ် ဆိုလို့ စစ်ပွဲကြီးတွေလို  သိသာမြင်သာ တွေအပြင်   မသိသာ   မမြင်သာတဲ့ အန္တရာယ်တွေကလည်း   များလှပါတယ်။   လာအိုနိုင်ငံက   ဧရာဝတီလင်းပိုင်လို  လူတစ်ဦး  တစ်ယောက်ကြောင့် သေဆုံး သွားတာကတော့   လင်းပိုင်တစ်ကောင်ထဲ ပါ။ ဒါပေမယ့်   ဖြစ်လာတဲ့   အကျိုးဆက် က    လာအိုနိုင်ငံမှာ  ဧရာဝတီလင်းပိုင် မျိုးသုဉ်းသွားခြင်းပါပဲ။   နောင်လာနောက် သားတွေ  ကြည့်ဖို့တောင်  မရှိတော့ပါဘူး။ ဝမ်းနည်းစရာပါ။
သဘာဝရဲ့ လက်ဆောင်မွန်တွေ
ကျွန်တော်တို့ လူသားတွေနဲ့ သက်ရှိ သတ္တဝါတွေ    အသက်ရှင်နေထိုင်ဖို့ သဘာဝတရားကြီးနဲ့   ကမ္ဘာမြေကြီးက ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေ အပြည့် အဝ    ဖန်တီးပေးထားပြီးဖြစ်သလို သဘာဝရဲ့အလှအပတွေ၊ အံ့ဩဖွယ်ရာ တွေ၊  သက်ရှိသတ္တဝါတွေရဲ့   ထူးခြားတဲ့ စွမ်းရည်တွေဟာလည်း    လူသားတွေ အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ သဘာဝရဲ့ လက်ဆောင်မွန်တွေပါပဲ။    ဒါတွေဟာ သုံးမကုန် ဖြုန်းမကုန်တွေတော့ မဟုတ် ပါဘူး။ နေပူထဲရောက်မှ အရိပ်ရဲ့တန်ဖိုး ကို ပိုပြီး သိလာတတ်ကြတဲ့သဘောကို သတိပြုကြရမှာပါ။  သဘာဝတရားကြီး အပေါ်   လူသားတွေအနေနဲ့   ချစ်တတ်၊ လေးစားတတ်၊ တန်ဖိုးထားတတ်ကြမယ် ဆိုရင် သဘာဝတရားကြီးဆိုတာ ပဒေ သာပင်ကြီးပဲ မဟုတ်ပါလား။        ။