ကျူးကျော်စစ်ပွဲများမှ အတိတ်သမိုင်း သင်ခန်းစာများ (၄)  အကြမ်းဖက်ကို တိုက်ထုတ်ပြီးမှ အကြမ်းဖက်ထံသာ အာဏာပြန်အပ်ခဲ့ရတဲ့ အမေရိကန်တို့ရဲ့ သင်ခန်းစာ

Type
444

 

 

မြင့်မြတ်

 

အပြောင်းအလဲတစ်ခု ဖော်ဆောင်တော့မယ်ဆိုရင်   အတိတ်ရဲ့အကျဉ်းထောင်ထဲမှာ ပိတ်မိမနေဖို့  လိုပါတယ်။ အတိတ်ဆိုတာ သင်ခန်းစာ ယူရမှာဖြစ်ပြီး မကောင်းမှန်းသိနေတဲ့ ဖြစ်ရပ်တွေကို အနာဂတ်ဘ၀သစ်ဆီ သယ်ယူမသွားဖို့ လိုပါတယ်။ 
အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေကို မှန်မှန်ကန်ကန်ချမှတ်နိုင်ဖို့  တစ်ခါတစ်ရံ အခက်အခဲဖြစ်ရခြင်းဟာ အတိတ်ကသမိုင်းသင်ခန်းစာကို မယူတတ်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ ကိုယ်တိုင်ပြုလုပ်လိုက်တဲ့ အမှားတစ်ခုကနေ  သင်ခန်းစာယူတတ်ဖို့လိုသလို  သူတစ်ပါးအမှား ကနေလည်း သင်ခန်းစာဖော်ထုတ်တတ်ခြင်းဟာ မိမိအတွက် အခွင့် အရေးကောင်းတစ်ခု ဖြစ်နိုင်ပါတယ်။ အတိတ်ကသမိုင်းကို သင်ခန်း စာအဖြစ် မယူတတ်ရင် မကောင်းတဲ့သမိုင်းဟာ သံသရာလည်တတ် ပါတယ်။ 
အာဖဂန်မှာ ဘာ့ကြောင့် ဒီမိုကရေစီအုတ်မြစ် ပြိုလဲခဲ့ရပါသလဲ 
အာဖဂန်နစ္စတန်ကို အနှစ် ၂၀ ကြာ ဝင်ရောက်ကျူးကျော်သိမ်းပိုက် ထားတဲ့  အမေရိကန်တို့ဟာ လွန်ခဲ့တဲ့ ခြောက်လကစပြီး အာဖဂန်က အပြီးအပိုင် ဆုတ်ခွာသွားခဲ့ရတာ အားလုံးသိပြီးဖြစ်ပါတယ်။ ထူးခြား တာက  အကြမ်းဖက်ခေါင်းစဉ်နဲ့  အကြမ်းဖက်တို့ထံက  အာဏာ ရယူခဲ့တဲ့ အမေရိကန်တွေဟာ သူတို့ထူထောင်ချင်တဲ့ ဒီမိုကရေစီစနစ် ကို အာဖဂန်မှာ ခိုင်ခိုင်မာမာ မချနိုင်ခဲ့ဘဲ ဆုံးရှုံးမှုကြီးမားစွာနဲ့ အာဏာ ကို အကြမ်းဖက်သမား တာလီဘန်တွေထံမှာပဲ ပြန်အပ်ခဲ့ရလို့ပါပဲ။ ဒီမိုကရေစီရင့်သန်  အားကောင်းပါတယ်ဆိုတဲ့  အမေရိကန်အနေနဲ့ အာဖဂန်မှာ နှစ်ပေါင်း ၂၀ အချိန်ရတာတောင် ဘာ့ကြောင့် ဒီမိုကရေစီ အုတ်မြစ်ကို  အောင်အောင်မြင်မြင်   မချနိုင်ခဲ့ရပါသလဲ၊  သင်ခန်းစာ ယူစရာတွေရှိနိုင်ပါတယ်။ 
ပြည်ပအားကိုးချင်သူများအတွက် သင်ခန်းစာတစ်ရပ် 
လူ့အခွင့်အရေး၊  အကြမ်းဖက်အကြောင်းပြချက်တွေနဲ့အတူ အာဖဂန်အရေးမှာ ဝင်ရောက်စွက်ဖက်ခဲ့ပြီး  အယ်ခိုင်ဒါခေါင်းဆောင် အိုစမာဘင်လာဒင်ကို ဖမ်းဆီးနိုင်ဖို့နဲ့ တာလီဘန်တို့ကို  အပြစ်ပေးဖို့ ဆိုပြီး  အမေရိကန်ဟာ  အာဖဂန်နစ္စတန်နိုင်ငံကို  ၂၀၀၁  ခုနှစ် အောက်တိုဘာလမှာ   ဝင်ရောက်သိမ်းပိုက်ခဲ့ပါတယ်။   ဝင်ရောက် သိမ်းပိုက်ပြီး   ဘင်လာဒင်ကို   အမေရိကန်တပ်ဖွဲ့က   ပါကစ္စတန်မှာ အသေဖမ်းဆီးရခဲ့ပေမယ့် အမေရိကန်ဟာ  အာဖဂန်က  ပြန်လည် မဆုတ်ခွာဘဲ ဆက်လက်သိမ်းပိုက်ထားခဲ့ပါတယ်။ ကာလတစ်ခုရောက် လို့ အာဖဂန်နိုင်ငံဟာ အမေရိကန်တို့အတွက် အရေးမကြီးတော့တဲ့ အခြေအနေတစ်ရပ်မှာတော့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ဂရု မစိုက်နိုင်ဘဲ ဘေးချိတ်ခဲ့ရပါတယ်၊၊ 
အမေရိကန်အစိုးရအနေနဲ့ အာဖဂန်အစိုးရနဲ့ တာလီဘန်တို့ကြား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အောင်မြင်စွာ မလုပ်နိုင်ခဲ့တဲ့အပြင် သူ့ကို ထောက်ခံခဲ့တဲ့ အာဖဂန်ပြည်သူလူထုအပေါ်မှာ တစ်စက်ကလေးမှ ငဲ့ညှာထောက်ထားခြင်းမရှိဘဲ အကြမ်းဖက်တာလီဘန်တို့ လက်ထဲမှာ အလွယ်တကူထားရစ်ခဲ့ကြတာဟာ  ကျွန်တော်တို့အားလုံး  အထူး သဖြင့် ပြည်တွင်းအားထက် ပြည်ပအားကိုသာ မှီခိုချင်သူတွေအတွက် သင်ခန်းစာယူစရာဖြစ်ပါတယ်။ ဒီအခြေအနေကနေ ကျွန်တော်တို့ အားလုံး သင်ခန်းစာယူကြရအောင်ပါ။ အမေရိကန်  မူဝါဒချမှတ်သူ တွေရော  Congress  အနေနဲ့ပါ သင်ခန်းစာတွေ ဖော်ထုတ်နေကြမှာပါပဲ။ ကျွန်တော်တို့အနေနဲ့တော့   အင်အားကြီး   ဒီမိုကရေစီနိုင်ငံတွေက နိုင်ငံငယ်တွေရဲ့ ပြည်တွင်းရေး ကိစ္စတွေ၊ ပဋိပက္ခတွေမှာ ဝင်ရောက် စွက်ဖက်တိုင်း အဲဒီနိုင်ငံမှာ  ဒီမိုကရေစီရပြီး  ငြိမ်းချမ်းသွားတယ်၊ တိုးတက်သွားတယ်ဆိုတဲ့  ရလဒ်ထက်  ထိုနိုင်ငံနဲ့  ပြည်သူတွေမှာ ဒုက္ခမျိုးစုံနဲ့   အကျိုးယုတ်ပျက်စီးသွားတယ်ဆိုတဲ့    ဆိုးကျိုးတွေ တသီတတန်းကြီးသာ    ရလိုက်တယ်ဆိုတဲ့   သင်ခန်းစာများကို ဖော်ထုတ်နိုင်ရမှာဖြစ်ပါတယ်။ 
အာဖဂန်နစ္စတန်မှာ ဖြစ်ပျက်နေတဲ့ အဆိုးအကောင်းအကျိုးအပြစ် မှန်သမျှ  သိမ်းပိုက်သူ အမေရိကန်မှာသာ တာဝန်ရှိတယ်လို့ ယူဆပါ တယ်။ အမေရိကန် တာဝန်ရှိသူတွေအနေနဲ့ အနှစ် ၂၀  ကြာတဲ့ စစ်ပွဲတစ်ခုကနေ ဒေတာအမှန်တွေ၊ သတင်းအချက်အလက်အမှန်တွေ ရယူဖို့ ဘာကြောင့် ပျက်ကွက်ခဲ့ကြပါသလဲ။  ထောက်ပြဝေဖန်သူတွေရဲ့ သုံးသပ်ချက်အရ ဒီမိုကရေစီအစိုးရတစ်ရပ်ဖြစ်ခဲ့တဲ့ အာဖဂန်အုပ်ချုပ် သူတွေရဲ့ ပျက်စီးယိုယွင်းနေတဲ့ စီမံအုပ်ချုပ်မှုစွမ်းရည်နဲ့ အကျင့်ပျက် ခြစားမှု အတိုင်းအတာပမာဏကို  ပြန်လည်ပြုပြင်ဖို့   ဘာကြောင့် လျစ်လျူရှုခဲ့ကြပါသလဲဆိုတာ  မေးခွန်းထုတ်စရာဖြစ်ပါတယ်။   အမှန် တကယ် အမေရိကန်ကိုယ်တိုင်ရော ရိုးသားပါရဲ့လား။  သိသိကြီးနဲ့ ဂရုမစိုက်နေခဲ့တာလား စသဖြင့်.. မေးခွန်းများကို ကာယကံရှင်တွေ ကိုယ်တိုင်ပဲ ဖြေနိုင်ပါလိမ့်မယ်။     
ဘယ်ဘက်ကကြည့်ကြည့် ကောင်းကျိုးမရှိတဲ့ ကျူးကျော်ပြည်တွင်းစစ်  
ပြည်တွင်းစစ်တစ်ခုရဲ့ ထုံးစံအတိုင်းပါပဲ။ ကြားထဲက လက်နက်မဲ့ ပြည်သူတွေသာလျှင်   ခံဘက်ကချည်းဖြစ်ခဲ့တာ   တွေ့ရပါတယ်။ နှစ်ဖက်တပ်ဖွဲ့တွေ အပြန်အလှန် ပစ်ခတ်မှုတွေကြား၊ ဖြစ်ကတတ် ဆန်းလုပ်ထားတဲ့ ပေါက်ကွဲစေတတ်တဲ့ဗုံးတွေကြောင့် သော်လည်း ကောင်း၊ လုပ်ကြံသတ်ဖြတ်မှုတွေ၊ ဗုံးပေါက်ကွဲမှုတွေ၊ မြေမြှုပ်မိုင်းတွေ၊ မသင်္ကာတဲ့ သောင်းကျန်းသူနေအိမ်တွေကို အမေရိကန် ဦးဆောင်တဲ့ အစိုးရတပ်ဖွဲ့တွေ   ဝင်ရောက်စီးနင်းမှုတွေကြောင့်လည်းကောင်း  ထိခိုက်သေဆုံး မြေစာပင်ဖြစ်ခဲ့ရတဲ့ အရပ်သားမြောက်မြားစွာ ရှိခဲ့ပါ တယ်။ အိုဘားမားရော၊ ထရန့်ရော အုပ်ချုပ်တဲ့ သက်တမ်းကာလ တွေအတွင်းမှာ အမေရိကန် လေတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် အရပ်သား သေဆုံးမှုဟာ ၃၃၀ ရာခိုင်နှုန်းအထိ မြင့်တက်သွားခဲ့တယ်လို့ သိရပါတယ်။ 
တကယ်တော့   အာဖဂန်နိုင်ငံဟာ   နိုင်ငံတကာ အစ္စလာမ္မစ် အကြမ်းဖက်များစွာ ခိုအောင်းရာ၊  ခြေရှုပ်ရာ ဗဟိုချက်မတစ်ခုလည်း ဖြစ်ပါတယ်။ အာဖဂန်အစွန်းရောက် အစ္စလာမ္မစ် စစ်သွေးကြွတွေကို တိုက်ခိုက်ဖို့ဆိုပြီး အမေရိကန်ကို ထောက်ခံတဲ့ အာဖဂန် စစ်သွေးကြွ တွေဟာ CIA  က တပ်ဆင်ပေးတဲ့လက်နက်တွေနဲ့ အရပ်သားတွေအပေါ် ဥပဒေပ သတ်ဖြတ်မှုတွေ၊ ဆိုးဆိုးရွားရွားလူ့အခွင့်အရေး ချိုးဖောက် မှုတွေ ကျူးလွန်ခဲ့ကြတဲ့သတင်းများလည်း ရှိခဲ့ပါတယ်။ 
ပြည်တွင်းစစ်ဒဏ်ရာဒဏ်ချက်ဟာ လူတွေရဲ့ ရုပ်ပိုင်းတစ်ခုတည်း သာမက၊ စိတ်ပိုင်းဆိုင်ရာအပေါ်မှာလည်း အကြီးအကျယ်သက်ရောက် မှုပေးပါတယ်။ အာဖဂန်ပြည်သူ  သုံးပုံနှစ်ပုံခန့်ဟာ  စိတ်ဖိစီးခြင်း၊  စိတ်ဓာတ်ကျခြင်း၊ ကြောက်ရွံ့ခြင်း စတဲ့ မမြင်နိုင်တဲ့ စိတ်ဒဏ်ရာတွေ ကို သနားစဖွယ် ခံစားခဲ့ကြရပါတယ်။   ဒါတင်မက   ပြည်သူ့ကျန်းမာရေး ပြဿနာတွေကိုလည်း တစ်ပုံတစ်ပင် ရင်ဆိုင်ခဲ့ရပါတယ်။ သက်တမ်း မစေ့ဘဲ သေဆုံးကြရတာတွေ၊ ဆင်းရဲလို့  အာဟာရမပြည့်ဝ ချို့ချို့ တဲ့တဲ့ နေထိုင်စားသောက်ရတာတွေ၊ သောက်ရေသုံးရေမသန့်လို့ ကူးစက်ရောဂါခံစားရတာတွေ၊ သဘာဝပတ်ဝန်းကျင် ဆိုင်ရာပြဿနာ တွေ၊ ကျန်းမာရေးဌာနတွေထံ  လက်လှမ်းမမီလို့  မသေဆုံးသင့်ဘဲ သေဆုံးကြရတာတွေ များစွာကြုံတွေ့ခဲ့ကြရပါတယ်။ အထူးသဖြင့် ထိခိုက်လွယ်တဲ့ အုပ်စုတွေဖြစ်တဲ့ အမျိုးသမီးနဲ့ ကလေးသူငယ်တွေ၊ မသန်စွမ်းဒုက္ခိတနဲ့ အသက်ကြီးသူတွေမှာ ပြဿနာပိုကြီးပြီး ပိုခံစား ကြရပါတယ်။ 
စစ်ပွဲကာလ နှစ်၂၀ အတွင်းမှာ လူပေါင်း ၂၄၁၀၀၀ ခန့်သေဆုံးခဲ့ကြ ရပြီး အရပ်သားသေဆုံးမှုဟာ  ၇၁၀၀၀  ခန့်အထိရှိခဲ့ပါတယ်။   စစ် လက်နက်ပစ္စည်း ထောက်ပံ့ဖို့နဲ့ နိုင်ငံဖွံ့ဖြိုးဖို့ဆိုပြီး အမေရိကန်ဒေါ်လာ  ၂ ဘီလီယံလောက်သုံးစွဲခဲ့ပေမယ့် စစ်ပွဲများမှာ အမေရိကန် စစ်သည် ပေါင်း  ၂၅၀၀  လောက်အထိ   သေဆုံးခဲ့ကြတာကိုကြည့်ရင်   ရင်းနှီး မြှုပ်နှံမှုနဲ့ရလာတဲ့ ရလဒ်အတိုင်းအတာဟာ မမျှတဘူးလို့ ဆိုရပါလိမ့် မယ်။ 
ကျူးကျော်စစ်မှန်သမျှ အရှုံးနဲ့သာ တွေ့စေတဲ့ 
ထူးခြားတဲ့ ပထဝီအနေအထား 
စစ်ပွဲတစ်ခုမှာ ပထဝီ အနေအထားအားသာချက်က အရှုံးအနိုင်ကို ဖန်တီးပေးပါတယ်။  တောင်အာရှနဲ့  ဗဟိုအာရှအကြားတည်ရှိတဲ့ အာဖဂန်နစ္စတန်ရဲ့ ပထဝီအနေအထားက  လုံးဝကုန်းတွင်းပိတ်ပါ။ အာဖဂန်နိုင်ငံကို အလွယ်တကူဝင်တဲ့လမ်းကြောင်းက လေကြောင်း တစ်ခုပဲရှိပါတယ်။   ဟင်ဒူကပ်ရှ်တောင်တန်းတွေဟာ   အာဖဂန်မှာ အင်မတန်  ထူထပ်ပြီး   မြေဧရိယာအားလုံးရဲ့  ၇၅ ရာခိုင်နှုန်းကို လွှမ်းမိုးထားတဲ့အတွက်    ပြည်ပကျူးကျော်စစ်ကို  ဟန့်တားနိုင်တဲ့ နိုင်ငံရဲ့ ပထဝီအနေအထား အားသာချက်တစ်ခု ဖြစ်နေပါတယ်။
အမေရိကန်ကျူးကျော်မှုမတိုင်ခင် ယခင်ဆိုဗီယက်နိုင်ငံကလည်း ၁၉၇၉ ကနေ ၁၉၈၉ ခုနှစ်အထိ သိမ်းပိုက်ခဲ့ဖူးသလို ဗြိတိသျှတို့က လည်း ၁၈၃၉ ကနေ ၁၉၁၉ ခုနှစ်အထိ စစ်ပွဲသုံးကြိမ်တိုင်ဆင်နွှဲပြီး တိုက်ခိုက်သိမ်းပိုက်ဖူးပါတယ်။ ထိုနိုင်ငံကြီးတွေအားလုံး အရှုံးရလဒ်နဲ့ သာ ဆုတ်ခွာခဲ့ရသည်ချည်းဖြစ်ပါတယ်။  ဒါကြောင့်လည်း   အာဖဂန် နိုင်ငံကို  အင်ပါယာတို့၏  သင်္ချိုင်းအဖြစ်   တင်စားခေါ်ဝေါ်ခဲ့ကြခြင်း ဖြစ်ပါတယ်။  ပထဝီအနေအထားအရရော  ကွဲပြားခြားနားလွန်းတဲ့ လူမျိုးကွဲအစွဲကြီးတဲ့ လူမျိုးစုတွေရဲ့  ယဉ်ကျေးမှုအရ၊   ဘာသာရေးအရ  သမိုင်းအစဉ်အဆက် ပဋိပက္ခအလွန်ထူပြောတဲ့ နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ပါတယ်။ ဒါကလည်း နိုင်ငံကိုအုပ်စိုးခဲ့ဖူးတဲ့ နယ်ချဲ့ဗြိတိသျှတို့ရဲ့ စိတ်ကူးပေါက်ရာရေးဆွဲပြီး  နယ်ပယ်တွေကို  လိုအပ်သည်ထက်ချဲ့ထွင် ထားခဲ့တဲ့ မြေပုံအရ  အစဉ်အဆက်ဖြစ်တည်လာခဲ့တဲ့   ပထဝီအနေ အထားတွေကြောင့် ဖြစ်ပါတယ်။ 
ဒီမိုကရေစီစနစ်ထူထောင်ရန် ခက်ခဲလှတဲ့ အာဖဂန် 
ရှေးရိုးစွဲအာဖဂန်တွေ     လူမျိုးစုတွေဟာ    သူ့နယ်ပယ်နဲ့သူ တောင်တန်းဒေသအလိုက် သူ့ခေါင်းဆောင်နဲ့သူ၊ သူ့ဝါဒနဲ့သူ၊  နယ်စား ပယ်စား  စစ်ဘုရင်ပုံစံနဲ့ ရှေးအစဉ်အဆက်  အုပ်ချုပ်လာခဲ့ကြတဲ့ပုံစံ ကြောင့် ဗဟိုအစိုးရရဲ့အာဏာစက်ဟာ ကဘူးလ်အပြင်ဘက်ရှိ ဝေးလံ တဲ့ တောင်တန်းဒေသတွေထိတိုင်အောင် မရောက်နိုင်ပါဘူး။ ဆိုလို တာက အမေရိကန်ပုံစံ ဒီမိုကရက်တစ်အာဖဂန်အစိုးရရဲ့ ဒီမိုကရေစီ အုပ်ချုပ်ပုံစံ စံနှုန်းအကျင့်တွေကို အဝေးက စစ်ဘုရင်တွေထံ ရောက်ရှိ ပျံ့နှံ့ဖို့ဆိုတာ  အာဖဂန်လူမျိုးတွေအတွက်  စိတ်ကူးအိပ်မက်တစ်ခုသာလျှင်ဖြစ်နေတယ်ဆိုတာ တွက်ဆလို့ရပါတယ်။ 
ဒီမိုကရက်တစ်   အင်စတီကျူးရှင်းတွေကို   ပြည်မမှာတောင် ခက်ခက်ခဲခဲထူထောင်နေရတဲ့အခြေအနေမှာ   တောင်တန်းဒေသ လူမျိုးစုတွေအထိရောက်ဖို့ဆိုတာ    ဘယ်လိုမှ   မဖြစ်နိုင်ခဲ့ပါဘူး။ (ဥပမာ- ရွေးကောက်ပွဲမှာ မဲပေးဖို့ အာဖဂန်လူမျိုးတွေဟာ အသက် စွန့်ပြီး   အန္တရာယ်အသွယ်သွယ်ကြားမှာ   စွန့်စားမဲပေးရတာမျိုး။) ရွေးကောက်ပွဲအားလုံးလိုလိုဟာလည်း    လွတ်လပ်တရားမျှတမှုနဲ့ ကင်းကွာပြီး မဲမသမာမှု မဲဖောင်းပွမှုများစွာနဲ့ ဆူပူဆန္ဒပြမှုတွေကြောင့် အမတ်တွေအပါအဝင် သေဆုံးဒဏ်ရာရမှုတွေရှိတယ်လို့ အာဖဂန် လူမျိုးတွေကိုယ်တိုင်နဲ့ စောင့်ကြည့်သူတွေကိုယ်တိုင်က မှတ်ချက် ပြုကြပါတယ်။ မဲပေးခွင့်၊ အရွေးခံခွင့်၊ လွတ်လပ်စွာဖော်ထုတ်ခွင့်၊ ပါတီတွေမှာပါဝင်ခွင့်စတဲ့  ဒီမိုကရေစီရဲ့  အငွေ့အသက်ခံစားခွင့် နည်းပါးလွန်းတဲ့နိုင်ငံမှာ   ဒီမိုကရေစီစနစ်ခိုင်မာဖို့ခက်ခဲမှာ   သေချာ ပါတယ်။ 
ဒီမိုကရေစီစနစ် ခိုင်ခိုင်မာမာ 
မတည်ဆောက်နိုင်ခြင်းသင်ခန်းစာတစ်ခု 
အာဖဂန်လူမျိုးတွေ   ကိုယ်တိုင်လည်း   ဒီမိုကရေစီအရေးမှာ လေးလံထိုင်းမှိုင်းပြီး  တက်တက်ကြွကြွ  မရှိခဲ့ကြပါဘူး။  အစိုးရရဲ့ အားနည်းမှုတွေလည်းပါတာပေါ့။ ဒီမိုကရေစီစနစ် တည်ဆောက်နိုင်ဖို့ အစိုးရတစ်ရပ်ဟာ   တည်ငြိမ်ဖို့လိုပါတယ်။   အကျင့်ပျက်ခြစား လာဘ်စားမှုများနေတဲ့ အစိုးရတစ်ရပ်အနေနဲ့ အပြစ်အနာအဆာတွေနဲ့ ပြည့်နေတဲ့   ဒီမိုကရေစီကိုသာ   ပိုင်ဆိုင်ခွင့်ရတာ  မဆန်းလှပါဘူး။ အာဖဂန်ဒီမိုကရေစီဟာ ညံ့ဖျင်းလွန်းတဲ့ စီမံခန့်ခွဲမှုအောက်မှာ အတု အပတွေ၊ ဟန်ဆောင်မှုတွေနဲ့ပြည့်နေတဲ့    ဒီမိုကရေစီလို့   သမုတ်ကြ ပါတယ်။ 
အာဖဂန်နစ္စတန်ကို     သိမ်းပိုက်ခဲ့တဲ့    အမေရိကန်အစိုးရ အဆက်ဆက်အနေနဲ့လည်း    အာဖဂန်ပြန်လည်ထူထောင်ရေးကို အားထည့်ခဲ့ပုံရှိမရှိ  မသိရပေမယ့် ထိရောက်မှုမရှိတာကတော့ သေချာ ပါတယ်။  ပြန်လည်တည်ဆောက်ရေးစီမံကိန်းတွေ တစ်ပုံတစ်ပင်နဲ့ ဘာအကဲဖြတ်မှုမှမရှိ၊ ဘယ်လိုဆန်းစစ်မှုမှလည်းမရှိ၊ သုံးသပ်မှုနတ္ထိနဲ့ ရလာတဲ့ရလဒ်ဟာ ဆုံးရှုံးမှုနဲ့သာ ထိုက်တန်တယ်လို့ ဆိုရပါမယ်။ 
အမေရိကန်တွေ    သိမ်းပိုက်မှုအောက်မှာ    နေ့စဉ်အကြမ်းဖက် သတ်ဖြတ်မှုတွေ၊  ဆင်းရဲချမ်းသာကွာဟမှု၊  ၇၅   ရာခိုင်နှုန်းသော ပြည်သူတွေရဲ့ ဆိုးဆိုးရွားရွားဆင်းရဲမွဲတေမှုနဲ့ အကျင့်ပျက်ခြစားမှု၊ ၃၈ ရာခိုင်နှုန်းသော အလုပ်လက်မဲ့ အခြေအနေတွေ၊ ၃ ဒသမ ၅  ရာခိုင်နှုန်းသော ပညာသင်ကြားခွင့်မရတဲ့ ကလေးတွေရဲ့အခြေအနေ တွေ   စတဲ့အချက်တွေဟာ    နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို  များစွာ နှောင့်နှေးစေပြီး ဒီမိုကရေစီနဲ့လည်း အလှမ်းဝေးသွားတယ်ဆိုတာ သတိပြုမိပါတယ်။   အမေရိကန်တို့   သိမ်းပိုက်ထားတဲ့ကာလ တစ်လျှောက် အာဖဂန်အစိုးရအဆက်ဆက်ဟာ နိုင်ငံရဲ့ကျန်းမာရေး၊  ပညာရေး၊  စီးပွားရေး၊  လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးစတဲ့ ဘယ်လို ကဏ္ဍကိုမှ တည်ငြိမ်တိုးတက်အောင် မစွမ်းဆောင်နိုင်ခဲ့ကြပါဘူး။ ချမ်းသာတဲ့   အမေရိကန်လက်အောက်မှာ   နေထိုင်ရင်းနဲ့ပဲ  ကမ္ဘာ့ အဆင်းရဲဆုံး အာဖဂန်ပြည်သူအများစုဟာ ပိုပြီးကောင်းတဲ့အပြောင်း အလဲကို ဆာလောင်မွတ်သိပ်နေကြတယ်ဆိုရင် ထူးခြားနေမလားပဲ။ တကယ်ပဲ    ပြည်သူတွေဟာ   ကိုယ်ကျိုးကြည့်အတ္တများတဲ့   သူတို့ရဲ့ ခေါင်းဆောင်တွေအပေါ်မှာ သည်းမခံနိုင်ကြတော့တာ၊ မယုံကြည်ကြ တော့တာကို သိလာရပါတယ်။ အဆုံးမှာ သူတို့လိုချင်တာက ဒီမိုကရေစီ အရေးဆိုတာထက်   သူတို့ရဲ့ဘဝ    လုံခြုံမှုနဲ့တည်ငြိမ်မှုသာလျှင် ဖြစ်ပါတော့တယ်။ 
တကယ်တော့ပြန်ကြည့်ရင် အာဖဂန်မှာ အမေရိကန်ကျရှုံးရတာ ဟာ  သူ့စေတနာနဲ့သူ အကျိုးပေးတာပဲ  ဖြစ်ပါတယ်။ အနောက်ကမ္ဘာ လုံခြုံရေးနဲ့   ဒီမိုကရေစီရေးအတွက်  အာဖဂန်ကို  ဝင်တိုက်ခဲ့ပေမယ့် လည်း  ထိုနိုင်ငံမှာ ဒီမိုကရေစီမရခဲ့ပါဘူး။  လူ့အခွင့်အရေးအကြောင်း ပြခဲ့ပေမယ့်လည်း အာဖဂန်ပြည်သူတွေ  လူ့အခွင့်အရေး    အပြည့်အဝ မရခဲ့ပါဘူး။ ဖိနှိပ်ခံရတဲ့သူတွေအတွက်ဆိုပေမယ့် ဖိနှိပ်ခံရတဲ့ အာဖဂန် ပြည်သူတွေပဲ အသက်တွေဆုံးရှုံးခဲ့ကြရပါတယ်။ အကြမ်းဖက်နှိမ်နင်း ရေး ယိုးမယ်ဖွဲ့ခဲ့ပေမယ့်လည်း အဆုံးမှာ အကြမ်းဖက်တာလီဘန် တွေကိုပဲ အာဏာပြန်ပေးခဲ့ရတာပါပဲ။ သင်ခန်းစာယူသင့်ပါတယ်။ 
ဘာကြောင့်လဲဆိုရင် အမေရိကန်တွေဟာ သူ့အကျိုးစီးပွားအတွက်ပဲ သူလုပ်သွားခဲ့လို့ ဖြစ်ပါတယ်။ ဘာဒီမိုကရေစီရေး၊ ဘာလူ့အခွင့်အရေး အတွက်မှမဟုတ်ပါဘူး။ အဖိနှိပ်ခံတွေအတွက် တကယ်စေတနာပါပါနဲ့ တကယ်လုပ်ခဲ့ရင် တာလီဘန်တွေ ပြန်အာဏာရစရာ ဘာအကြောင်းမှ မရှိပါဘူး။ ဒီမိုကရေစီအတွက် သူတို့တကယ်မလုပ်ခဲ့လို့သာ အာဖဂန် မှာ ဒီမိုကရေစီကျဆုံးရခြင်း  ဖြစ်ပါတယ်။  ရှေးရိုးစွဲနိုင်ငံ တစ်နိုင်ငံ၊ ဒီမိုကရေစီကို လက်မခံ ဒီမိုကရေစီနဲ့ မထိုက်တန်တဲ့ နိုင်ငံတစ်ခုမှာ လစ်ဘရယ်ဒီမိုကရေစီမျိုးကို    အတင်းအဓမ္မသွတ်သွင်းလို့   မရဘူး ဆိုတာ သင်ခန်းစာရလောက်ပါတယ်။ 
ဒီမိုကရေစီဆိုတာ သူ့တန်ဖိုးနဲ့သူ သူ့ဇာတ်နဲ့သူသာ အသုံးတည့် တယ်ဆိုတာ အာဖဂန်ဖြစ်စဉ်က ပြသခဲ့ပါပြီ။ အဖိနှိပ်ခံအာဖဂန်ပြည်သူ တွေရဲ့အကျိုးကိုမကြည့်ဘဲ အမှန်တကယ် တန်ဖိုးမထားခဲ့ကြလို့သာ ဒီမိုကရေစီ ကျရှုံးရခြင်းဖြစ်ပါကြောင်း။        ။