နိုင်ဂျီးရီးယားသမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီ

 

 

နေပြည်တော် ဖေဖော်ဝါရီ ၂၂
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရက    မစ္စတာ အိုဗီကူရိုမာ အို ဂျေဘာ  အား ဗန်ကောက်မြို့အခြေစိုက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ  အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော  နိုင်ဂျီးရီးယားဖက်ဒရယ်သမ္မတနိုင်ငံ  သံအမတ်ကြီးအဖြစ်   ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သည်။
မစ္စတာ အိုဗီကူရိုမာ   အို ဂျေဘာ သည် ကဇာတ်ပညာဘာသာရပ်ဖြင့်    ဝိဇ္ဇာဘွဲ့ကို  နိုင်ဂျီးရီးယားနိုင်ငံ၊  ကာလာဘာတက္ကသိုလ်မှ လည်းကောင်း၊ အပြည်ပြည်ဆိုင်ရာဥပဒေနှင့် ဒီပလိုမေစီဘာသာရပ်ဖြင့် မဟာဘွဲ့ကို နိုင်ဂျီးရီးယားနိုင်ငံ၊  လေးဂို့စ်တက္ကသိုလ်မှ   လည်းကောင်း၊  ကမ္ဘာလုံးဆိုင်ရာ   စာနယ်ဇင်းပညာသာသာရပ်ဖြင့် မဟာဘွဲ့ကို ဆွီဒင်နိုင်ငံ၊ အော်ရီဘရိုတက္ကသိုလ်မှလည်းကောင်း    အသီးသီး  ရရှိခဲ့သည်။  ၎င်းသည် ၁၉၉၀ ပြည့်နှစ်မှ ၂၀၀၀ ပြည့်နှစ်အတွင်း နိုင်ဂျီးရီးယားနိုင်ငံ၏ အက်ကွာအီဘွန်ပြည်နယ် သတင်းစာကော်ပိုရေးရှင်း၌ လည်းကောင်း၊  ကလပ်စစ်မဂ္ဂဇင်း၌ သတင်းထောက်အဖြစ်လည်းကောင်း၊ နယူးစ်အန်န်တန်ပိုမဂ္ဂဇင်း၌      အကြီးတန်းသတင်းထောက်အဖြစ်  လည်းကောင်း၊     ဂါဒီယန် သတင်းစာ၌ စီးပွားရေး၊  နိုင်ငံရေးနှင့် ဖြစ်ပေါ်တိုးတက်မှုဆိုင်ရာ  သတင်းများရေးသားသည့် သတင်းထောက်အဖြစ်လည်းကောင်း လုပ်ကိုင်ခဲ့သည်။  ၂၀၀၀ ပြည့်နှစ်၊  ဒီဇင်ဘာလမှ ၂၀၀၇ ခုနှစ်၊  ဩဂုတ်လအထိ   သစ်စ် ဒေး သတင်းစာ၌ သတင်းတည်းဖြတ်သူနှင့်  တည်းဖြတ်သူများ  ဘုတ်အဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့သည်။  ၎င်းသည် ၂၀၀၇ ခုနှစ်၊ ဩဂုတ်လတွင် နိုင်ဂျီးရီးယား ဖက်ဒရယ်သမ္မတနိုင်ငံ၊   ဒယ်လ်တာပြည်နယ်  အစိုးရအဖွဲ့တွင် သတင်းအချက်အလက်ဆိုင်ရာ ဂုဏ်ထူးဆောင်ကော်မရှင်     အဖွဲ့ဝင်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်။  ၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ဒယ်လ်တာပြည်နယ် အုပ်ချုပ်ရေးမှူး၏ နိုင်ငံခြားဆက်ဆံရေးဆိုင်ရာ အဆင့်မြင့် အကြံပေးအဖြစ်   ဆောင်ရွက် ခဲ့ပြီး၊ ၂၀၁၅ ခုနှစ်၊ ဇွန်လတွင်  နယူးဒီပလိုမက်သတင်းစာ၏ တည်ထောင်သူနှင့် ဥက္ကဋ္ဌဖြစ်လာခဲ့သည်။  ၎င်း သည် ၂၀၂၁ ခုနှစ်၊ ဇွန်လမှစတင်၍ ထိုင်းနိုင်ငံဆိုင်ရာ   အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော နိုင်ဂျီးရီးယားဖက်ဒရယ်သမ္မတနိုင်ငံ သံအမတ် ကြီးအဖြစ် တာဝန်ထမ်းဆောင် လျက်ရှိသည်။ 
မစ္စတာ   အိုဗီကူရိုမာ  အို ဂျေဘာ   သည် အိမ်ထောင်ရှင်တစ်ဦးဖြစ်ပြီး၊  သားသမီး နှစ်ဦး ရှိသည်။