သံတောင်ကြီးမြို့နယ်၌ စိုက်ပျိုးမြေဧက ၁၀၀၀ ကျော် အကျိုးပြုမည့် ကုန်ထုတ်လမ်းဖောက်လုပ်မှု ရာနှုန်းပြည့်ပြီးစီး

 

သံတောင်ကြီး   ဖေဖော်ဝါရီ   ၂၀


ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်    ခြောက်လတာကာလတွင်   စိုက်ပျိုး မြေဧက ၁၀၀၀ ကျော်အကျိုးပြုမည့် ငှက်ပျောတော-ချီးသူစောကျေးရွာ   ကျေးလက်ကုန်ထုတ်လမ်းကို ကရင်ပြည်နယ်အစိုးရအဖွဲ့     ခွင့်ပြုရန်ပုံငွေကျပ် ၁၃၃ ဒသမ ၀၂ သန်းဖြင့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ပထမအပတ်မှ        စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ  ယခုအခါ  ရာနှုန်းပြည့်ဆောင်ရွက် ပြီးစီးနေပြီဖြစ်ကြောင်း     မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန    ဦးစီးမှူးထံမှ   သိရ သည်။

 


ကျေးလက်ဒေသ   ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့်     ယခုဘဏ္ဍာနှစ်    ခြောက်လတာတွင် သံတောင်ကြီးမြို့နယ်အတွင်းရှိ    ငှက်ပျောတော-ချီးသူစောကျေးရွာ ကျေးလက်ကုန်ထုတ်လမ်း အရှည် နှစ်မိုင်၊   အကျယ် ၁၂ ပေ၊   အမြင့်  ကိုးလက်မထု ကျောက်ရောမြေခင်းခြင်းလုပ်ငန်းကို ကရင်ပြည်နယ် အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ် ၁၃၃ ဒသမ ၀၂ သန်း ဖြင့် တင်ဒါအောင်မြင်သည့် Poo Nagar ကုမ္ပဏီနှင့် Golden Eagle ကုမ္ပဏီတို့မှ ဆောင်ရွက်ရာ ရာနှုန်း ပြည့်ပြီးစီးနေပြီဖြစ်ကြောင်း    မြို့နယ်ကျေးလက် ဒေသ  ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန  မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းက ပြောသည်။

 


အဆိုပါ       ငှက်ပျောတော - ချီးသူစောကျေးရွာ ကျေးလက်ကုန်ထုတ်လမ်း     ဆောင်ရွက်ပြီးပါက  ကျေးရွာသုံးရွာရှိ အိမ်ခြေ ၁၇၅ အိမ်၊ လူဦးရေ ၉၀၁ဦး တို့၏ စိုက်ပျိုးမြေဧက  ၁၀၅၀ ကျော်ကို   အကျိုးပြုနိုင် မည်ဖြစ်ပြီး အဆိုပါ စိုက်ပျိုးမြေဧကများမှ ထွက်ရှိ သော ထုတ်ကုန်၊  ထွက်ကုန်များကို  ဈေးကွက်အတွင်း သို့ ကုန်ကျစရိတ်သက်သာစွာ  အလွယ်တကူသယ်ယူ ပို့ဆောင်နိုင်မည်ဖြစ်ကြောင်း သိရသည်။

 

သန်းလွင်(မကွေး)