
နေပြည်တော် ဖေဖော်ဝါရီ ၂၀
ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ မင်းစုရပ်ကွက်၊ မင်းကျောင်း ပရိယတ္တိစာသင်တိုက်၏ ဦးစီးပဓာနနာယက၊ နိုင်ငံတော်ဩဝါဒါစရိယ ဘဒ္ဒန္တသေဋ္ဌိလာဘိဝံသ (အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာ ပဏ္ဍိတ၊ မဟာသဒ္ဓမ္မဇောတိကဓဇ)မဟာထေရ်မြတ်သည် သက်တော်(၉၂)နှစ်၊ သိက္ခာတော်(၇၂)ဝါ အရ ၁၃၈၃ ခုနှစ် တပို့တွဲလပြည့်ကျော် ၅ ရက်၊ (၂၀-၂-၂၀၂၂)၊ တနင်္ဂနွေနေ့၊ မွန်းလွဲ (၁၂:၂၀)နာရီတွင် ဘဝနတ်ထံ ပျံလွန်တော်မူကြောင်း သာသနာရေးဦးစီးဌာနမှ သတင်းရရှိသည်။
သတင်းစဉ်
နိုင်ငံတော်ဩဝါဒါစရိယ
ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ မင်းစုရပ်ကွက်၊ မင်းကျောင်းပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယက
ဆရာတော် ဘဒ္ဒန္တသေဋ္ဌိလာဘိဝံသ (အဘိဓဇမဟာရဋ္ဌဂုရု၊ မဟာသဒ္ဓမ္မဇောတိကဓဇ)၏ ထေရုပ္ပတ္တိအကျဉ်း
--------------------------------------------------------------------------------------------------------------------------
ဖွားမြင်တော်မူခြင်း
ဆရာတော် လောင်းလျာသည် ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့ စိန်ပန်းရပ်ကွက် ခမည်းတော် ဦးမောင်လှ- မယ်တော် ဒေါ်နှင်းရွှေတို့က ၁၂၉၁ ခုနှစ်၊ နတ်တော်လဆန်း ၁၃ ရက် သောကြာ နေ့တွင် ဖွားမြင်တော်မူသော သားရတနာဖြစ်ပါသည်။
ရှင်ရဟန်းပြုတော်မူခြင်း
ဆရာတော်လောင်းလျာသည် ၁၃၀၃ ခုနှစ်၊ တပို့တွဲလပြည့် နေ့တွင် ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့ ရွှေဘုံသာကျောင်း ဆရာတော် ဘဒ္ဒန္တနန္ဒမာလာကို ဥပဇ္ဈာယ်ပြု၍ မိဘနှစ်ပါးတို့၏ ပစ္စယာနုဂ္ဂဟကို ခံယူကာ ရှင်သာမဏေအဖြစ်သို့ ရောက်ရှိတော်မူ ခဲ့ပါသည်။ ၁၃၁၁ ခုနှစ် တန်ခူးလပြည့်ကျော် ၁၀ ရက်တွင် မြန်အောင်မြို့ ရွှေဘုံသာကျောင်းတိုက် ခဏ္ဍသိမ်၌ မြန်အောင် မြို့နယ် ကျောက်ကုန်းရွာ တောင်ပေါ်ကျောင်းဆရာတော် ဘဒ္ဒန္တအာဒိစ္စကို ဥပဇ္ဈာယ်ပြု၍ မြန်အောင်မြို့ ဦးသာအေး- ဒေါ်ကြီးတန်တို့၏ ပစ္စယာနုဂ္ဂဟကို ခံယူကာ မြင့်မြတ်သောရဟန်း အဖြစ်သို့ ရောက်ရှိတော်မူခဲ့သည်။
ပရိယတ္တိစာပေသင်ယူ ဆည်းပူးတော်မူခြင်း
ဆရာတော်သည် မြန်အောင်မြို့ ရွှေဘုံသာကျောင်းတိုက် ဆရာတော်၊ သင်္ဂဇာကျောင်းတိုက်ဆရာတော်များ၊ ပေါင်းတည်မြို့ နန်းဦးကျောင်းတိုက်ဆရာတော်၊ ရန်ကုန်မြို့ ပုဇွန်တောင် ဆုတောင်း ပြည့်ကျောင်းတိုက်ဆရာတော်၊ ဗဟန်းမြို့နယ် မဟာအောင်မြေဘုံစံ ကျောင်းတိုက် ဆရာတော်၊ မန္တလေးမြို့ မစိုးရိမ် ကျောင်းတိုက်ဆရာတော် စသောဆရာတော်များထံမှ ပရိယတ္တိစာပေများကို သင်ယူဆည်းပူးခဲ့ပြီး သာသနဓဇဓမ္မာစရိယဘွဲ့၊ စေတိယင်္ဂဏဓမ္မာစရိယဘွဲ့တို့ကို ရရှိတော်မူ ခဲ့သည်။
သာသနာရေးအားပေး ဆောင်ရွက်တော်မူခြင်း
ဆရာတော်သည် လွိုင်ကော်မြို့ မင်းကျောင်းပရိယတ္တိစာသင် တိုက်၌ စာသင်သားရဟန်း/သာမဏေများအား စာပေကျမ်းဂန်များ သင်ကြားပို့ချ၊ ရေးသားပြုစုတော်မူခဲ့ခြင်း၊ သာသနိကအဆောက်အအုံ များ တည်ဆောက်ပြုပြင်မွမ်းမံခဲ့ခြင်း၊ သံဃာ့အဖွဲ့အစည်း အဆင့်ဆင့် တွင် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖြစ် လည်းကောင်း၊ နိုင်ငံတော် ဝိနည်းဓိုရ်အဖြစ်လည်းကောင်း၊ ၂၀၁၈ ခုနှစ်မှစ၍ ယနေ့အထိ နိုင်ငံတော်ဩဝါဒါစရိယဆရာတော်အဖြစ် လည်းကောင်း သာသနာ့ တာဝန်များကို ဆောင်ရွက်တော်မူခဲ့သည်။
ဘွဲ့တံဆိပ်တော်အလှူခံ
ဤသို့ ဗုဒ္ဓသာသနာအကျိုးကို ထက်သန်သော ဝီရိယဖြင့် သယ်ပိုး ရရှိတော်မူခြင်း ဆောင်ရွက်တော် မူခဲ့ သော သာသန ဓုရာဝဟ ဂုဏ်၊ ပရဟိတာဝဟ ဂုဏ်၊ သာသနဟိတဓရ ဂုဏ်၊ ခမာဇာဂရိယဂုဏ်၊ ပိဋကတ္တယဆေကဂုဏ်၊ အဂ္ဂမဟာပဏ္ဍိတ လဒ္ဓလဉ္ဆနဂုဏ်၊ ရတ္တညူမဟာနာယကဂုဏ်၊ လဇ္ဇီပေသလ သိက္ခာ ကာမဂုဏ် စသည်တို့နှင့် ပြည့်စုံတော်မူခြင်းတို့ကြောင့် နိုင်ငံတော် အစိုးရက ဆရာတော်ကြီးအား ၁၉၉၄ ခုနှစ်တွင် မဟာသဒ္ဓမ္မဇောတိက ဓဇဘွဲ့၊ ၂၀၀၀ ပြည့်နှစ်တွင် အဂ္ဂမဟာပဏ္ဍိတဘွဲ့နှင့် ၂၀၂၂ ခုနှစ်တွင် အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်မြတ်တို့ကို ဆက်ကပ်လှူဒါန်း ခဲ့ပါသည်။
ဘဝနတ်ထံပျံလွန်တော်မူခြင်း
ဆရာတော်ကြီးသည် သာသနာတော်အကျိုးကို သယ်ပိုး ဆောင်ရွက်တော်မူရင်း သက်တော်(၉၂)နှစ်၊ သိက္ခာတော်(၇၂)ဝါ အရ ၁၃၈၃ ခုနှစ် တပို့တွဲလပြည့်ကျော်(၅)ရက် (၂၀-၂-၂၀၂၂)၊ တနင်္ဂနွေနေ့၊ မွန်းလွဲ(၁၂:၂၀)နာရီတွင် ဘဝနတ်ထံပျံလွန်တော် မူကြောင်း သာသနာရေးဦးစီးဌာနမှ သတင်းရရှိသည်။
သတင်းစဉ်