
(၃၁) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်နေမှုများနှင့် ပတ်သက်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးဌေးအောင်အား တွေ့ဆုံမေးမြန်းခြင်း
သတင်းအဖွဲ့
ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ ၁၂-၅-၂၀၂၂ ရက်မှ ၂၃-၅-၂၀၂၂ ရက်အထိ ကျင်းပမည့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် ပတ်သက်၍ မြန်မာနိုင်ငံက အားကစားနည်းမည်မျှ ပါဝင်ယှဉ်ပြိုင်မည်၊ မည်သို့ ကြိုတင်ပြင်ဆင်လေ့ကျင့် ဆောင်ရွက်လျက်ရှိသည်၊ အားကစားသမား မည်မျှဝင်ရောက်ယှဉ်ပြိုင်ကြမည်၊ ဆုတံဆိပ်မျှော်မှန်းထားရှိမှုအခြေအနေ စသည်တို့နှင့်ပတ်သက်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးဌေးအောင်အား တွေ့ဆုံမေးမြန်းထားပါသည်။
မေး။ ။ (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ အချိန်
နီးကပ်လာနေပြီ ဖြစ်ပါတယ်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီး ဌာနအနေနဲ့ ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုကို သိလိုပါတယ်။
ဖြေ။ ။ ပြိုင်ပွဲကို ဗီယက်နမ်နိုင်ငံမှာ ၁၂-၅-၂၀၂၂ ရက်ကနေ ၂၃-၅-၂၀၂၂ ရက်အထိ ဟနွိုင်းမြို့အပါအဝင် အခြားနေရာ
၁၂ နေရာမှာ ကျင်းပသွားဖို့ ဗီယက်နမ်နိုင်ငံ အိုလံပစ်ကော်မတီရဲ့ နောက်ဆုံးထုတ်ပြန်ချက်အရ အတည်ပြုချက်ရရှိထားပြီး ဖြစ်ပါ တယ်။ ပြိုင်ပွဲမှာ အားကစားနည်း ၄၀ ထည့်သွင်းကျင်းပသွားမှာဖြစ်ပြီး စုစုပေါင်း ရွှေတံဆိပ် ၅၂၆ ခု ချီးမြှင့်မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ အနေနဲ့ကတော့ အားကစားနည်း ၁၈ နည်း ဝင်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ ဝင်ရောက်ယှဉ်ပြိုင်မယ့် အားကစားနည်း ၁၈ နည်း အတွက် ရွှေတံဆိပ် ၂၇၉ ခု ချီးမြှင့်မှာ ဖြစ်ပါတယ်။
ပြိုင်ပွဲအောင်မြင်မှု ရရှိရေးအတွက် ဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက် အရ နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်းမှာ အားကစားနည်း ၁၂ နည်းကို ၁-၂-၂၀၂၁ ရက်ကစပြီး စခန်းသွင်းလေ့ကျင့်လျက် ရှိပါတယ်။ မြားပစ်၊ ပြေးခုန်ပစ်၊ ဘိလိယက်/စနူကာ၊ လက်ဝှေ့၊ ဂျူဒို၊ ပီတန်း၊ ပိုက်ကျော်ခြင်း၊ တိုက်ကွမ်ဒို၊ ဘော်လီဘော၊ ဗိုဗီနမ်၊ အလေးမ၊ ဝူရှူး အားကစားနည်းတွေ ဖြစ်ပါတယ်။ စခန်းသွင်းထားတဲ့ အင်အား ကတော့ အားကစားသမား အမျိုးသား ၈၃ ဦး၊ အမျိုးသမီး ၅၉ ဦး စုစုပေါင်း ၁၄၂ ဦး ဖြစ်ပြီး အုပ်ချုပ်/နည်းပြ ၃၉ ဦး အပါအဝင် ၁၈၁ ဦး စခန်းသွင်းလေ့ကျင့်လျက်ရှိပါတယ်။
ရန်ကုန်မြို့မှာတော့ အားကစားနည်း လေးနည်းဖြစ်တဲ့ ဘိလိ ယက်/စနူကာ၊ ကာယဗလနဲ့ ကာယကြံ့ခိုင်မှု၊ လှေလှော်၊ သေနတ်ပစ် အားကစားနည်းတွေကို ၁-၂-၂၀၂၁ ရက်ကစပြီး စခန်းသွင်းလေ့ကျင့် စေလျက်ရှိပါတယ်။ စခန်းသွင်းထားတဲ့အင်အားကတော့ အားကစား သမား အမျိုးသား ၁၂၁ ဦး၊ အမျိုးသမီး ၈၃ ဦး စုစုပေါင်း ၂၀၄ ဦးဖြစ်ပြီး အုပ်ချုပ်/နည်းပြ ၅၈ ဦး အပါအဝင် ၂၆၂ ဦး စခန်းသွင်းလေ့ကျင့်လျက် ရှိပါတယ်။ ကျန်အားကစားနည်း နှစ်နည်းဖြစ်တဲ့ ဂေါက်သီးနဲ့ စစ်တုရင်အားကစားနည်းတွေကတော့ မိမိတို့အဖွဲ့ချုပ်အစီအစဉ်နဲ့ လေ့ကျင့်နေကြတာ ဖြစ်ပါတယ်။
ဒါ့အပြင် ပြိုင်ပွဲမှာ အောင်မြင်မှုရရှိစေဖို့အတွက်လည်း အားကစား နည်း ခြောက်နည်းကို နိုင်ငံတကာကို Joint Training စေလွှတ်ထား ပါတယ်။ စေလွှတ်ထားတဲ့ အားကစားနည်းတွေကတော့ ပြေးခုန်ပစ် ၃၀၊ လက်ဝှေ့ ၁၀ ဦး၊ ဘော်လီဘော ၁၅ ဦး၊ အလေးမ ၁၆ ဦး၊ ဝူရှူး ရှစ်ဦး၊ လှေလှော် (ကနူး/ကယက်) ၂၀ ရှိပါတယ်။
မေး။ ။ ပြိုင်ပွဲကို အားကစားနည်းအလိုက် သွားရောက်ယှဉ်ပြိုင်ဖို့ ခန့်မှန်းလျာထားတဲ့ အုပ်ချုပ်/ နည်းပြ၊ အားကစားသမား
အရေအတွက် ခန့်မှန်းစာရင်း သိချင်ပါတယ်။
ဖြေ။ ။ လက်ရှိအနေအထားအရတော့ အုပ်ချုပ်/နည်းပြ၊ အားကစား သမားများ အပါအဝင် အားကစားနည်း ၁၈ နည်းအတွက်
အင်အား ၄၀၀ ခန့် ဝင်ရောက်ယှဉ်ပြိုင်ဖို့ စီစဉ်ထားပါတယ်။ အုပ်ချုပ်/ နည်းပြ၊ အားကစားသမား အရေအတွက်က အနည်းငယ် အပြောင်း အလဲရှိနိုင်ပေမယ့် အမှန်တကယ်သွားရောက်ယှဉ်ပြိုင်တဲ့အခါ အုပ်ချုပ် မှုအဖွဲ့၊ ဆေးအဖွဲ့၊ မီဒီယာအဖွဲ့တွေနဲ့ ဖိတ်ကြားခံပုဂ္ဂိုလ်များ ပါရှိလာ မှာဖြစ်တဲ့အတွက် အင်အား ၄၅၀ နဲ့ ၅၀၀ ကြား သွားရောက်ကြမှာ ဖြစ်ပါတယ်။
မေး။ ။ ကြိုတင်ပြင်ဆင်လေ့ကျင့်ထားမှု အခြေအနေအရ လေ့ကျင့် ချိန် တစ်နှစ်ကျော်လာပြီဖြစ်တဲ့အတွက် အားကစားနည်း
အလိုက် ဆုတံဆိပ်ဘယ်လောက်ရမယ်လို့ ခန့်မှန်းထားပါသလဲ။
ဖြေ။ ။ ဝင်ရောက်ယှဉ်ပြိုင်မယ့် အားကစားနည်းတွေအနက် မြားပစ်၊ ဘိလိယက်/စနူကာ၊ ကာယဗလနဲ့ ကာယကြံ့ခိုင်မှု၊
ဗိုဗီနမ်၊ ပိုက်ကျော်ခြင်း၊ ဂျူဒို၊ ဝူရှူး၊ လှေလှော်၊ တိုက်ကွမ်ဒို အား ကစားနည်း ကိုးခုက ရွှေ၊ ငွေ၊ ကြေး တံဆိပ်များ မျှော်မှန်းထားပါတယ်။ အများဆုံး ရွှေတံဆိပ် ၁၂ ခု၊ ငွေတံဆိပ် ၁၈ ခုနဲ့ ကြေးတံဆိပ် ၃၀ စုစုပေါင်း ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ် ၆၀ မျှော်မှန်းထားပါတယ်။ ပြိုင်ပွဲ အနေအထားအရ အတိုးအလျှော့လည်း ရှိနိုင်ပါတယ်။ အားကစား သမားတွေ အနေနဲ့လည်း ပြိုင်ပွဲဝင်စိတ်ဓာတ်အပြည့်နဲ့ ဆုတံဆိပ်ရရှိ ရေး အစွမ်းကုန်ကြိုးစားယှဉ်ပြိုင်သွားကြမှာ ဖြစ်ပါတယ်။
မေး။ ။ အားကစားသမားတွေကို ကြိုတင်ပြင်ဆင် စခန်းသွင်း ထားတဲ့အခါ ပြည်တွင်း နည်းပြတွေနဲ့ပဲ လေ့ကျင့်တာလား။
နိုင်ငံခြားအဆင့်မြင့်နည်းပြတွေ ငှားရမ်းလေ့ကျင့်တာရော ရှိ/မရှိ သိလိုပါတယ်။
ဖြေ။ ။ အားကစားနည်း လေးနည်းဖြစ်တဲ့ မြားပစ်အားကစားနည်း ကိုတော့ ကိုရီးယားနည်းပြ မစ္စတာ ဘွန်ဆန်ယွန်း (Mr.
Byung San Youn) ကို ၃-၆-၂၀၂၁ ရက်ကနေ ၂-၆-၂၀၂၂ ရက်အထိ ငှားရမ်းလေ့ကျင့်လျက်ရှိပြီး မြန်မာ့လက်ရွေးစင်နည်းပြများနဲ့ ပူးတွဲ လေ့ကျင့်ပေးလျက်ရှိပါတယ်။
တိုက်ကွမ်ဒိုအားကစားနည်းကိုလည်း ကိုရီးယားနည်းပြဖြစ်တဲ့ မစ္စတာ ယူအင်ချို (Mr. Yu Ung Cho) ကို ၁-၁၀-၂၀၂၁ ရက်မှ ၃၀-၄-၂၀၂၂ ရက်အထိ ငှားရမ်းလေ့ကျင့်လျက်ရှိပြီး မြန်မာ့လက်ရွေး စင် နည်းပြများနဲ့ ပူးတွဲလေ့ကျင့်ပေးလျက်ရှိပါတယ်။
ပီတန်းအားကစားနည်းကိုတော့ ထိုင်းလူမျိုးနည်းပြ မစ္စတာ စမတ်သွန်းဂေါရက် (Mr. Smart Thongorathed) ကို ၃-၁၂-၂၀၂၁ ရက်ကနေ ၂-၇-၂၀၂၂ ရက်အထိ ငှားရမ်းလေ့ကျင့်လျက်ရှိပါတယ်။
အားကစားနည်းအားလုံးအတွက် အားကစားသမားတွေ ကျန်းမာ သန်စွမ်းစေဖို့ GYM လေ့ကျင့်ခန်းတွေ ဝင်ရောက်လေ့ကျင့်တဲ့အခါ စနစ်ကျတဲ့ လေ့ကျင့်မှုတွေ ပြုလုပ်နိုင်စေဖို့ ဂျပန်နည်းပြ မစ္စတာ မစ်ဇူဂူအင်နူး (Mr. Mitsuru Inoue) ကို ၁-၁၀-၂၀၂၁ ရက်မှ ၃၀-၉-၂၀၂၂ ရက်အထိ ငှားရမ်းလေ့ကျင့်လျက်ရှိပါတယ်။
မေး။ ။ အားကစားနည်းအလိုက် အားကစားသမားတွေကို စိစစ် ရွေးချယ်တဲ့အခါ စံချိန်စံညွှန်းအပေါ်မှာ မူတည်ပြီး ရွေးချယ်
တာလား။ ဒါမှမဟုတ် စံချိန်စံညွှန်းမရှိတဲ့ အားကစားနည်းတွေ အတွက်ရော ဘယ်လိုစိစစ်ရွေးချယ်တယ်ဆိုတာ သိပါရစေ။
ဖြေ။ ။ စံချိန်စံညွှန်းနဲ့ ရွေးချယ်ရတဲ့ မြားပစ်၊ ပြေးခုန်ပစ်၊ လှေလှော်၊ သေနတ်ပစ်၊ အလေးမ စတဲ့စံချိန်ရှိ အားကစားနည်းများကို
တော့ ယခင် SEA Games ပြိုင်ပွဲစံချိန်များနဲ့ နှိုင်းယှဉ်ရွေးချယ် ဆောင်ရွက်တာ ဖြစ်ပါတယ်။
စံချိန်စံညွှန်းမရှိတဲ့ ကျန်အားကစားနည်းတွေအတွက်ကတော့ အားကစားနည်းအလိုက် သက်ဆိုင်ရာ နည်းပြအဖွဲ့က နည်းစနစ် ကိုယ်စားလှယ်တွေ၊ အားကစားနှင့်ကာယပညာဦးစီးဌာနက တာဝန် ပေးအပ်သူတွေနဲ့ စနစ်တကျ အမှတ်ပေးရွေးချယ်တာ ဖြစ်ပါတယ်။
မေး။ ။ ပြိုင်ပွဲကြီးအတွက် စခန်းဝင်ရောက်နေတဲ့ အားကစားသမား တွေကို နိုင်ငံတော်အနေနဲ့ ဘယ်လိုကျွေးမွေးထောက်ပံ့ပေး
နေပါသလဲ ။
ဖြေ။ ။ စခန်းဝင်လေ့ကျင့်နေတဲ့ အုပ်ချုပ်/နည်းပြကစားသမားတွေ ကို စားစရိတ်အဖြစ် တစ်ဦးလျှင် တစ်ရက် ငွေကျပ် ၅၀၀၀
နှုန်းနဲ့ ကျွေးမွေးဆောင်ရွက်လျက်ရှိပါတယ်။ ထောက်ပံ့ကြေးအနေနဲ့ ကတော့ အုပ်ချုပ်/နည်းပြများနှင့် ကစားသမားတွေကို A အဆင့်ဆိုရင် ကျပ်နှစ်သိန်း ၊ B အဆင့်ဆိုရင် တစ်သိန်းခွဲ၊ C အဆင့်ဆိုရင် တစ်သိန်း ထောက်ပံ့ချီးမြှင့်ပေးထားပါတယ်။ ကစားသမားတွေအနေနဲ့ကတော့ ယခင် SEA Games ပြိုင်ပွဲမှာ ရွှေတံဆိပ်ရထားဖူးတဲ့ ကစားသမား ဆိုရင် A အဆင့် သတ်မှတ်ပြီး ငွေ/ကြေး ဆုတံဆိပ် တစ်ခုခုရဖူးရင် B အဆင့်၊ ဆုတံဆိပ်မရဖူးပေမယ့် စွမ်းဆောင်မှု ကောင်းမွန်ပြီး အလား အလာရှိတဲ့သူဆိုရင် C အဆင့် သတ်မှတ်ပြီး ချီးမြှင့်ပေးထားတာ ဖြစ်ပါတယ်။
ဒါ့အပြင် စခန်းဝင်ရောက်နေတဲ့ အားကစားနည်းအလိုက် အုပ်ချုပ်/နည်းပြ အားကစားသမားများအားလုံးကို T-Shirt, Sport Shirt, Walking Shoes, Track Suit နဲ့ လေ့ကျင့်ရေးသုံးနဲ့ ပြိုင်ပွဲသုံး ပစ္စည်းတွေ၊ အားကစားနည်းအလိုက် လိုအပ်တဲ့ အထောက်အကူ ပြုပစ္စည်းတွေအားလုံးကို ဌာနက ပြည့်ပြည့်စုံစုံ ဖြည့်ဆည်းပေး ထားပါတယ်။ စခန်းဝင် အုပ်ချုပ်/နည်းပြအားလုံးကို နေ့စဉ် (နံနက်၊ နေ့လယ်၊ ည) သုံးကြိမ် အားဆေးတိုက်ကျွေးလျက်ရှိပါတယ်။
ဒါ့အပြင် အုပ်ချုပ်/နည်းပြနဲ့ စခန်းဝင်အားကစားသမားအားလုံးကိုလည်း အားကစား အဖွဲ့လိုက်ဖြစ်စေ၊ လိုအပ်ရင် တစ်ဦးချင်းဖြစ်စေ စိတ်ပညာပါမောက္ခက Mental Training အဖြစ် စိတ်ဓာတ်မြင့်မား စေမယ့် Motivation တွေ လုပ်ဆောင်ပေးလျက်ရှိပါတယ်။
မေး။ ။ ပြိုင်ပွဲကြီး ပြီးတဲ့အခါ နိုင်ငံ့ဂုဏ်ဆောင်ပြီး ဆုတံဆိပ်ရရှိခဲ့တဲ့ အားကစားသမားတွေကို နိုင်ငံတော်က ချီးမြှင့်ထောက်ပံ့ပေး
မယ့် အခြေအနေကရော ဘယ်လိုရှိပါသလဲ။
ဖြေ။ ။ အကြိမ် (၃၀) မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ မှာ အောင်မြင်မှု ဆုတံဆိပ်ရယူပေးနိုင်ခဲ့တဲ့ အားကစား
သမားတွေကို နိုင်ငံတော်အနေနဲ့ အားကစားသမားတစ်ဦးချင်း အတွက် ရွှေတံဆိပ် ငွေကျပ်သိန်း သုံးရာ၊ ငွေတံဆိပ် ငွေကျပ် သိန်း တစ်ရာ၊ ကြေးတံဆိပ် ငွေကျပ်သိန်း ငါးဆယ် ၊ အသင်းလိုက်ပြိုင်ပွဲ အတွက် ရွှေတံဆိပ် ငွေကျပ်သိန်း တစ်ရာ၊ ငွေတံဆိပ် ငွေကျပ် သိန်း ငါးဆယ်၊ ကြေးတံဆိပ် ငွေကျပ် သိန်းသုံးဆယ်နဲ့ နည်းပြနဲ့ အုပ်ချုပ်မှု အဖွဲ့အတွက်လည်း ရွှေတံဆိပ် ငွေကျပ် သိန်းတစ်ရာ၊ ငွေတံဆိပ် ငွေကျပ် သိန်းငါးဆယ် ၊ ကြေးတံဆိပ် ငွေကျပ် သိန်း သုံးဆယ် ချီးမြှင့် ပေးခဲ့ပါတယ်။ ယခုလာမယ့် (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက်လည်း ထိုက်သင့်တဲ့ ချီးမြှင့်ငွေများ ထောက်ပံ့ ပေးနိုင်ဖို့ စီစဉ်ဆောင်ရွက်ထားပါတယ်။
မေး။ ။ ပြိုင်ပွဲနဲ့ပတ်သက်ပြီး သီးခြားပြောလိုတာရှိရင်လည်း ပြောပြ ပေးပါဦး။
ဖြေ။ ။ ကြိုတင်ပြင်ဆင်ချိန်ကာလ တစ်နှစ်လောက် ရခဲ့ပါတယ်။ ရတဲ့အချိန်အတွင်း ကျွန်တော်တို့ ဝန်ကြီးဌာနက ပြည်ထောင်စု
ဝန်ကြီး၊ ဒုတိယဝန်ကြီးနဲ့ တာဝန်ရှိသူတွေ၊ အားကစားအဖွဲ့ချုပ်က တာဝန်ရှိသူတွေအနေနဲ့ အားကစားသမားတွေရဲ့ လေ့ကျင့်ပြင်ဆင် ဆောင်ရွက်မှုတွေကို မပြတ်ကြည့်ရှုစစ်ဆေးခြင်း၊ လိုအပ်ချက်မှန်သမျှ ပံ့ပိုးဖြည့်ဆည်းပေးခြင်း၊ မကြာခဏဆိုသလို အားပေးစကားပြောကြား ခြင်း၊ ကိုဗစ်-၁၉ စည်းကမ်းချက်များနဲ့အညီ ပြုမူနေထိုင်စေရေး ကြပ်မတ်ခြင်း၊ ကျန်းမာရေးကို အထူးဂရုပြုပြီး ပြိုင်ပွဲမှာ အားကစား နည်းအလိုက်အောင်မြင်မှုရအောင် ကြိုးပမ်းဆောင်ရွက်ရေး စတဲ့ စိတ်ဓာတ်မြှင့်တင်ရေး အသိပညာပေးဆွေးနွေးမှုတွေကိုလည်း မပြတ်ဆောင်ရွက်ပေးလျက်ရှိပါတယ်။
ကစားသမားတွေရဲ့ စိတ်ဓာတ်ရေးရာ အခြေအနေအရရော၊ လေ့ကျင့်မှုအခြေအနေအရရော၊ စည်းကမ်းကောင်းမွန်စွာ ပြုမူ ဆောင်ရွက်မှု အခြေအနေအရရော ခြုံငုံကြည့်ရင် အတိုင်းအတာ တစ်ခုအထိ အောင်မြင်မှုရအောင် စွမ်းဆောင်ပေးနိုင်မယ်လို့ ယုံကြည် ပါတယ်။ ပြည်သူတွေအနေနဲ့လည်း ပြိုင်ပွဲဝင်မယ့် အားကစားသမား တွေကို စိတ်ဓာတ်ရေးရာအရ အားပေးကြဖို့လည်း မေတ္တာရပ်ခံ လိုပါတယ်။ ။