
ပြည် ဖေဖော်ဝါရီ ၂၀
ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇပြောင်း အိုမီခရွန်ရောဂါကူးစက် ပြန့်ပွားမှုမရှိစေရေးအတွက် ဌာနဆိုင်ရာများပူးပေါင်း ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း များကို အရှိန်အဟုန်မြှင့် ကွင်းဆင်းဆောင်ရွက် လျက်ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။
ယင်းသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနအပါအဝင် မြို့နယ်အဆင့်ဌာန ပေါင်းစုံမှတာဝန်ရှိသူများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် များ၊ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များက အဖွဲ့ ၁၁ ဖွဲ့ခွဲ၍ မြို့ပေါ်ရပ်ကွက်ကြီး ၁၀ ခုနှင့် ပေါင်းတလည်မြို့တို့ရှိ စည်ပင်သာယာ ဈေးများနှင့် ဈေးဆိုင်များ၊ လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များ အပါအဝင် လူစည်ကားရာ နေရာများနှင့် လမ်းမများ၌ ပြင်ပထွက်ခွာသွားလာ သူတိုင်း ပါးစပ်နှာခေါင်းစည်း စနစ်တကျတပ်ဆင် ရေး၊ ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ပြုမူ နေထိုင်သွားလာရေး၊ ပါးစပ်နှာခေါင်းစည်း မတပ်ဆင် သူများအား ဒဏ်ကြေးငွေကျပ် ၅၀၀ ဖြင့် ပါးစပ် နှာခေါင်းစည်း သုံးခုပေး၍ အပြင်ထွက်တိုင်း တပ်ဆင်ရန်မမေ့စေရေး စသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးလုပ်ငန်း များကို ဖေဖော်ဝါရီလ ဒုတိယပတ်မှစတင်၍ အရှိန် အဟုန်မြှင့် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။
ပြည်မြို့နယ်တွင် ယခုရက်ပိုင်းအတွင်း ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာ စစ်ဆေးတွေ့ရှိနေပြီး ဖေဖော်ဝါရီ ၁၉ ရက်က ကိုဗစ်-၁၉ရောဂါ စစ်ဆေး သူ စုစုပေါင်း ၂၇၁ ဦးအနက် ရောဂါပိုး စစ်ဆေးတွေ့ရှိ အတည်ပြုလူနာ ၁၈ ဦး တွေ့ရှိခဲ့ကြောင်းနှင့် ၎င်းတို့ ကို ပြည်မြို့ခုတင် (၅၀၀) ပြည်သူ့ဆေးရုံကြီးနှင့် သက်ဆိုင်ရာ ပြည်သူ့ဆေးရုံအသီးသီး၌ ဆေးဝါးကုသ မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။
ကိုဆက်(ပြန်/ဆက်)