
နှင်းမိုးအိမ်
အမေရိကန် - ကနေဒါ နယ်စပ်ဂိတ်ကို ဖေဖော်ဝါရီ ၁၃ ရက်ညပိုင်းက ပြန်လည်ဖွင့်လှစ်ပေးလိုက်ပြီဖြစ်သည်။ ကနေဒါရဲများက ဆန္ဒပြ နေသည့် ထရပ်ကားမောင်းသမားများကို ရှင်းလင်းပြီးနောက် အရေးပါသည့် နယ်စပ်ဖြတ်သန်းရေးတံတားဖြစ်သော Ambassador တံတားကို ပြန်လည်ဖွင့်ပေးနိုင်ခဲ့ခြင်းဖြစ်သည်။
သန်းနှင့်ချီ၍ ဆုံးရှုံးနစ်နာ
ထရပ်ကားသမားများ၏ ဆန္ဒပြမှုကြောင့် ဝင်ဆာ၊ အွန်တေရီယို နှင့် ဒက်ထရွိုက်တို့ရှိ လမ်းများ ခြောက်ရက်ကြာ ပိတ်ထားရပြီး အမေရိကန်သို့ ကုန်ပစ္စည်းများ တင်ပို့ရာတွင် အနှောင့်အယှက် အဟန့်အတားများဖြစ်စေခဲ့သည့်အတွက် ကုန်သွယ်မှုတွင် သန်းနှင့် ချီ၍ ဆုံးရှုံးနစ်နာမှုများ ပေါ်ပေါက်ခဲ့ရသည်။
ပျံ့နှံ့လာ
ဆန္ဒပြနေသည့် ထရပ်ကားယာဉ်တန်းကို ဖယ်ရှားပေးနိုင်ခဲ့သည့် အတွက် အစိုးရအရာရှိများကို ကျေးဇူးတင်ကြောင်း ကုန်သွယ်ရေး ဝန်ကြီး အိုမာအယ်ဂါဘရာက တွစ်တာပေါ်တွင် ရေးသားခဲ့သည်။
နယ်စပ်ကုန်သွယ်ရေးတံတားကို အပြည့်အဝ ပြန်လည်ဖွင့်လှစ် နိုင်ပြီဖြစ်သည့်အတွက် အမေရိကန်နှင့် ကနေဒါနိုင်ငံတို့ကြား ကုန်စည်စီးဆင်းမှုကို လွတ်လွတ်လပ်လပ် ပြန်လည်လုပ်ဆောင်နိုင် ပြီဖြစ်သည်။
သို့သော်လည်း ကိုဗစ် -၁၉ ကန့်သတ်ချက်များကို ဆန္ဒပြမှုများ သည် ကနေဒါမှ နယူးဇီလန်နှင့် ဥရောပမြို့ကြီးများသို့ ပျံ့နှံ့လာသည်။
မတားဆီးနိုင်
ကာကွယ်ဆေးထိုးရမည့်အမိန့်နှင့်ပတ်သက်၍ မကျေနပ်ကြသည့် ထရပ်ကားမောင်းသူများသည် ကပ်ရောဂါမူဝါဒများကို ဆန့်ကျင်ရင်း ဆန္ဒပြမှုများ အစပျိုးလာခြင်းဖြစ်သည်။ ကိုဗစ် -၁၉ စည်းကမ်း ကန့်သတ်ချက်များနှင့်ပတ်သက်၍ အစိုးရအပေါ် မကျေနပ်မှုများ ဖြစ်ပေါ်လာရသည်။
နယူးဇီလန်နိုင်ငံမှစ၍ ပြင်သစ်နိုင်ငံအထိ ဆန္ဒပြသူများသည် ကနေဒါနိုင်ငံမှ ဆန္ဒပြသူများအတိုင်း တစ်ထပ်တည်း ကြွေးကြော်ကြ သည်။ အာဏာပိုင်များနှင့် ရဲများအတွက်လည်း စိန်ခေါ်မှုများ များပြား လာပြီး အပြစ်ပေးမည်ဟူသော ခြိမ်းခြောက်မှုမှာ ဆန္ဒပြသူများကို မတားဆီးနိုင်ချေ။
အရေးပေါ်အခြေအနေအဖြစ် ကြေညာ
အော့တဝါတွင်မူ ယာဉ်တန်းဆန္ဒပြသူများသည် ဒဏ်ငွေချမှတ် ခံရမည်။ ထောင်ချခံရမည်နှင့် လိုင်စင်ဆုံးရှုံးနိုင်သည်ဟူသော ခြိမ်းခြောက်မှုများကို မမှုတော့ဘဲ ဆက်လက်ဆန္ဒပြနေကြဆဲဖြစ် သည်။ ဒေသတွင်းနှင့် ပြည်နယ်အာဏာပိုင်များသည် အရေးပေါ်အခြေ အနေအဖြစ် ကြေညာခဲ့သည်။
အွန်တေရီယိုရှိ ပြည်နယ်အထူးတရားရုံးက ထရပ်ကားမောင်း သမားများက အဓိကဆန္ဒပြနေကြသည့် နယ်စပ်ဂိတ်တံတားကို အပြည့်အဝ ပြန်လည်ဖွင့်လှစ်နိုင်ရေး ကြိုးပမ်းခဲ့ကြခြင်းဖြစ်သည်။ Ambassador တံတားမှာ ကနေဒါနိုင်ငံရှိ ဝင်ဆာမြို့နှင့် အမေရိကန် ပြည်ထောင်စု မီချီဂန်ပြည်နယ် ဒက်ထရွိုက်မြို့တို့ကို ဆက်သွယ်ထား သည့်တံတားဖြစ်သည်။
အထူးအရေးပါသည့် နေရာ
ကနေဒါဝန်ကြီးချုပ် ဂျက်စတင်ထရူးဒိုကမူ တံတားပိတ်ထားရ သည့် အခြေအနေကို အဆုံးသတ်စေရမည်ဟု ကတိပြုပြောကြားခဲ့ သည်။ ဆန္ဒပြသည့် ဧရိယာအတွင်းရှိနေကြသူများ ဖမ်းဆီးခံရမည်ဟု ဝင်ဆာရဲများက တွစ်တာပေါ်တွင် သတိပေးပြောကြားခဲ့သည်။ အဆိုပါနေရာမှ ချက်ချင်းဖယ်ရှားကြရန်လည်း တိုက်တွန်းခဲ့ သည်။ Ambassador တံတားမှာ အမေရိကန်နှင့် ကနေဒါနှစ်နိုင်ငံ စလုံးအတွက် အရေးပါသည့်တံတားဖြစ်ပြီး နှစ်နိုင်ငံစလုံးမှ တင်ပို့ သည့်ကုန်ပစ္စည်း ၂၅ ရာခိုင်နှုန်းကျော်ကို ကုန်သွယ်ရာ အထူးအရေး ပါသည့် နေရာလည်းဖြစ်သည်။
စိတ်ဆိုးဒေါသထွက်ကြ
ဖေဖော်ဝါရီ ၁၂ ရက်တွင်မူ ဆန္ဒပြသည့် လူအုပ်သည် အော့တဝါ မြို့တွင် စုဝေးကြပြီး တတိယမြောက်သီတင်းပတ်အဖြစ် ဆန္ဒပြကြ သည်။ ရာနှင့်ချီသည့် လူအုပ်ကြီးတွင် အချို့မှာ ကနေဒါအလံများကို ကိုင်ဆောင်ထားကြပြီး မြို့တော်၏ အဓိကနေရာတွင် ဆန္ဒပြကြ သည်။
ယင်းသို့ ဆန္ဒပြမှုများကြောင့် မြို့အတွင်း လှုပ်ရှားသွားလာမှုများ ရပ်တန့်ခဲ့ရသည့်အတွက် ဒေသခံအများအပြားက စိတ်ဆိုးဒေါသထွက် ကြသည်။ အသက် ၃၈ နှစ်အရွယ် မာ့ခ်အန်ဒရာ မယ်လက်တီကမူ ဆန္ဒပြမှုများကို ထောက်ခံကြောင်း ပြောသည်။ ၎င်းမှာ ယခုအချိန်အထိ ကာကွယ်ဆေးမထိုးရသေးသော်လည်း အသက်ဆုံးရှုံးမှုမရှိသေးဟု ပြောကြားခဲ့သည်။
ဆန္ဒပြမှုများ ကျယ်ပြန့်လာ
၎င်းမှာ မြောင်းတူးဖော်ရေးလုပ်သားတစ်ဦးဖြစ်ပြီး အမေရိကန် နယ်စပ် အနီးရှိ စိန့်အာမန်မြို့တွင် နေထိုင်သူလည်းဖြစ်သည်။ ဂျွန် ပိချ်ကို ဆိုသူမှာလည်း တစ်ပတ်လျှင် သုံးကြိမ် ဆန္ဒပြပွဲအတွင်းသို့ ပါဝင်ကြောင်း ၎င်းနှင့်အတူ အသက် ၁၅ နှစ်အရွယ် သမီးဖြစ်သူကို လည်း ခေါ်ဆောင်လာလေ့ရှိကြောင်း ပြောသည်။
ထရပ်ကားမောင်းသမားများ၏ ဆန္ဒပြမှုများ ကျယ်ပြန့်လာသည့် အတွက် ဝမ်းသာမိကြောင်း ၎င်းကဆက်ပြောသည်။ ယင်းကဲ့သို့ ဆန္ဒပြလှုပ်ရှားမှုများမှာ ပြင်သစ်၊ နယ်သာလန်နှင့် နယူးဇီလန်နိုင်ငံတို့ အထိ ပျံ့နှံ့နေပြီဖြစ်သည်။
ဆန္ဒပြမှုများမှာ လွန်ခဲ့သည့်သီတင်းနှစ်ပတ်ကတည်းက စတင်ခဲ့ ခြင်းဖြစ်ပြီး အပြည်ပြည်ဆိုင်ရာနယ်စပ်ဂိတ်ကို ဖြတ်သန်းသည့်အခါ ကာကွယ်ဆေးထိုးရမည်ဟူသော လိုအပ်ချက်ကို အဆုံးသတ်ပေးရန် အော့တဝါမြို့အထိ ထရပ်ကားများ မောင်းနှင်ဆန္ဒပြကြရာမှ စတင်ခဲ့ ခြင်းဖြစ်သည်။
ထိုစမှ၍ တစ်စတစ်စ ပျံ့နှံ့လာခဲ့ပြီး အများစုမှာ ၎င်းတို့၏ လွတ်လပ်ခွင့်ကို ကာကွယ်ရန်လိုအပ်သည်ဟု ပြောဆိုကာ ဆန္ဒပြလာ ကြသည်။ ယခုအခါ ကာကွယ်ဆေးထိုးရမည့်အမိန့်ကို အဆုံးသတ် ပေးရန် တောင်းဆိုလာကြသည်။
ဝေဖန်မှုများနှင့်ရင်ဆိုင်နေရ
ကနေဒါဝန်ကြီးချုပ်မှာလည်း ပြင်းထန်သည့် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။ ဆန္ဒပြသူများကို ကိုင်တွယ်ရာတွင် နှေးကွေးလွန်း သည်ဟု အတိုက်အခံနိုင်ငံရေးသမားများက ဝေဖန်နေကြသည်။ ပြည်သူလူထု၏သဘောထားကို စစ်တမ်းကောက်ယူမှုများအရ ကနေဒါနိုင်ငံသား သုံးပုံ တစ်ပုံမှာ ဆန္ဒပြလှုပ်ရှားမှုကို ထောက်ခံကြ ပြီး ၄၄ ရာခိုင်နှုန်းကမူ ထရပ်ကားမောင်းသမားများ၏ ဒေါသထွက်မှုကို နားလည်ကြသည်ဟု ပြောသည်။
လှုပ်ရှားမှုစတင်သည့်အချိန်မှ စတင်ကာ ကနေဒါနိုင်ငံ၏ ပြည်နယ် အချို့တွင် ပါးစပ်၊ နှာခေါင်းစည်း တပ်ဆင်ရမည့်အမိန့်နှင့် ကာကွယ် ဆေးထိုးရမည့် လိုအပ်ချက်များကို လာမည့်သီတင်းပတ်များအတွင်း အဆုံးသတ်ရန် စီစဉ်ထားသည်ဟု ကြေညာခဲ့သည်။ သို့သော်လည်း လူဦးရေ အထူထပ်ဆုံးပြည်နယ်များဖြစ်ကြသည့် အွန်တေရီယိုနှင့် ကွီဘတ်ပြည်နယ်တို့တွင်မူ အလားတူကြေညာမှုမျိုး မရှိသေးချေ။
ဒဏ်ကြေးအမြောက်အမြား ပေးဆောင်ရမည်
ပါရီမြို့တွင်လည်း ဖေဖော်ဝါရီ ၁၂ ရက် ဆန္ဒပြသူများကို ရဲများက မျက်ရည်ယိုဗုံး အသုံးပြုကာ လူစုခွဲခိုင်းခြင်းမျိုး ပြုလုပ်ခဲ့ရသည်။ ထို့ပြင် ပြင်သစ်နိုင်ငံတစ်လွှား ကိုဗစ် -၁၉ ကန့်သတ်ချက်များနှင့် လူနေမှုစရိတ်ကြီးမြင့်လာမှုအပေါ် ဆန့်ကျင်ရန် မောင်းနှင်လာသည့် ယာဉ်တန်းများကိုလည်း ဖြိုခွင်းရန် ရည်ရွယ်၍ ဒဏ်ကြေးငွေ အမြောက်အမြားပေးဆောင်ရမည်ဟု အမိန့်ထုတ်ခဲ့ရသည်။ နယ်သာ လန်နိုင်ငံတွင်လည်း ကိုဗစ် -၁၉ ကန့်သတ်ချက်များအပေါ် ဆန့်ကျင် ဆန္ဒပြသည့် ယာဉ်တန်းမှာလည်း သည်ဟိတ်မြို့လယ်အထိ ရောက်ရှိ လာခဲ့သည်။ ။
ကိုးကား - အေအက်ဖ်ပီ