ဒီလို အခမ်းအနားကြီး ပြုလုပ်ပေးတဲ့အတွက် အတိုင်းမသိ ၀မ်းသာမိပါတယ်။ ကိုယ့်တိုင်းရင်းသား အစားအစာတွေကို ရောင်းချပေးတဲ့အခါ စားသုံးသူတွေရဲ့  မှတ်ချက်ပေးမှုလေးတွေကြောင့် ၀မ်းသာမိပါတယ်

 

 

နေပြည်တော် ဖေဖော်ဝါရီ ၁၅
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနား‌တွင်   ပါ၀င်ဂုဏ်ပြုခဲ့သည့် တိုင်းဒေသကြီးနှင့်  ပြည်နယ်အသီးသီးမှ ဂုဏ်ပြုယာဉ်များနှင့်   ရိုးရာယဉ်ကျေးမှု အလိုက် ကပြဖျော်ဖြေမှုများကို   ပြည်သူ များ လာရောက်လေ့လာ ကြည့်ရှုနိုင်ရန်နှင့် တိုင်းရင်းသားရိုးရာ အစားအစာများကို တစ်နေရာတည်းတွင်   ၀ယ်ယူစားသုံး နိုင်ရန်   ယနေ့  (တတိယနေ့)   တွင်လည်း   နေပြည်တော်   ဥပ္ပါတသန္တိစေတီတော် မြတ်ကြီးရှေ့  တပေါင်းကွင်း၌ ရောင်းချ ပေးလျက်ရှိသည်။ 
တိုင်းဒေသကြီးနှင့်        ပြည်နယ် အသီးသီးရှိ   ဂုဏ်ပြုယာဉ်များနှင့်အတူ ရိုးရာယဉ်ကျေးမှုအလိုက် ကပြဖျော်ဖြေမှု များ၊   တိုင်းရင်းသာရိုးရာ   အစားအစာ ရောင်းချသူများနှင့်   လာရောက်လေ့လာ ကြည့်ရှုကြသူများအား   မေးမြန်းထား သည်များကို ဖော်ပြလိုက်ပါသည်။
နော်သိန်းတင် 
(ကရင်အစားအစာ ရောင်းချသူ)
(၇၅)နှစ်‌မြောက် စိန်ရတုပြည်ထောင်စု နေ့အခမ်းအနားမှာ   ပါ၀င်ပြသခဲ့တဲ့ ဂုဏ်ပြုယာဉ်တွေနဲ့         ရိုးရာယဉ်ကျေးမှု အကအဖွဲ့တွေကို   တစ်နေရာတည်းမှာ လေ့လာလို့ရအောင် တပေါင်းကွင်းထဲမှာ စီစဉ်ပေးမှုကြောင့် ကျွန်မတို့အနေနဲ့လည်း တိုင်းရင်းသားရိုးရာ အစားအစာတွေထဲက   ကရင်အစားအစာ‌တွေကို          ဈေးနှုန်း သက်သာစွာဖြင့် ရောင်းချခွင့်ရခဲ့ပါတယ်။
လာရောက်လေ့လာ        ကြည့်ရှုကြတဲ့ တိုင်းရင်းသား    ညီအစ်ကိုမောင်နှမတွေ အားလုံး ကရင်အစားအစာတွေကို မစား ဖူးတဲ့ သူလည်း စားဖူးအောင်၊   ကြိုက်နှစ် သက်တဲ့သူတွေလည်း  ၀ယ်ယူအားပေး လို့ရအောင်စီစဉ်ပေးထားပါတယ်။ ကရင် ရိုးစားအစားအစာတွေထဲမှာ  ကရင်ရိုးရာ ကြက်သားသုပ်၊   ကရင်ရိုးရာတာလပေါ၊ ကရင်ရိုးရာဒါဟဲဖိုးအပြင်   တောထမင်း တောဟင်းတွေ   ရောင်းချပေးပါတယ်။ ဒီအစားအစာတွေထဲမှာ       တာလပေါကို အများဆုံး  အားပေးတာတွေ့ရပါတယ်။ ပြပွဲ    တတိယနေ့မှာဆိုရင်    မနက်ပိုင်း ၁၁နာရီကတည်းက အားလုံးကုန်သွားတဲ့ အတွက် ညနေပိုင်းရောင်းချပေးဖို့အတွက် ပြန်လည်  ချက်ပြုတ်နေရပါတယ်။   ဒီလို အခမ်းအနားကြီး ပြုလုပ်ပေးတဲ့အတွက် အတိုင်းမသိ   ၀မ်းသာမိပါတယ်။  ကိုယ့် တိုင်းရင်းသား         အစားအစာတွေကို ရောင်းချပေးရတဲ့အခါ        စားသုံးသူတွေ အနေနဲ့လည်း အဆင်ပြေစွာစားသုံးနိုင်ခဲ့တယ်ဆိုတဲ့          မှတ်ချက်ပေးမှုလေးတွေ ကြောင့် ၀မ်းသာမိပါတယ်။ 
မကေသီ၀င်းထွဋ် (လာရောက်လေ့လာသူ
တပ်ကုန်းမြို့)
ဖေဖော်ဝါရီ ၁၂ ရက် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်း အနားကြီး မြန်မာ့အသံနှင့်ရုပ်မြင်သံကြား က   တိုက်ရိုက်ထုတ်လွှင့်    ပြသတာကို ကြည့်ရှုလိုက်ရပါတယ်။   အဲ့ဒါကြည့်ပြီး ဂုဏ်ပြုယာဉ်တွေကို   အပြင်မှာမြင်ဖူးချင် တာနဲ့    အခုလို   တပေါင်းကွင်းကြီးမှာ  စိန်ရတုပြည်ထောင်စုနေ့မှာ  ဂုဏ်ပြုတဲ့ ဂုဏ်ပြုယာဉ်‌တွေ    ခင်းကျင်းပြသထား တာကို      လာရောက်ကြည့်ရှုဖြစ်တာပါ။ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးက ကိုယ်စားပြု   ဂုဏ်ပြုယာဉ်ကြီးတွေရဲ့ ခမ်းနားမှုနဲ့   ပြည့်စုံလှတဲ့   ပြကွက်တွေ လာရောက်          ကြည့်ရှုသူတွေအတွက် ဗဟုသုတများစွာ   ရရှိပါတယ်။  ချင်း ပြည်နယ်ဂုဏ်ပြုယာဉ်ပေါ်က  ဘုံတလာ ရေတံခွန်ဆိုရင်  ရေတွေစီးကျနေတာက တကယ့်ရေတွေနဲ့သရုပ်ဖော်ပြသထားမှုတွေကြောင့် အမှတ်တရဓာတ်ပုံရိုက်ဖို့ အတွက်လည်း        အတော်လေးကောင်းပါ တယ်။  လာရောက်လေ့လာခွင့်ရတာကို ကျေနပ်ပီတိဖြစ်မိပါတယ်။ 
မခင်သီတာအောင်
လာရောက်လေ့လာသူ (အေလာ)
တီဗွီကကြည့်ရတဲ့အချိန်မှာ  တိုင်း ဒေသကြီးနဲ့  ပြည်နယ်က  အထိမ်းအမှတ် တွေရှိတဲ့အတွက်ကြောင့်   လာရောက် လေ့လာဖြစ် တာပါ။ ဒီနေ့နောက်ဆုံးနေ့ဆို တော့  အရင်ရက်တွေကထက်စည်လည်း  စည်တယ်။  ကျွန်မတို့    ဒီကိုလာတာ မိသားစုအလိုက်ပါ။ အားလုံးငါးယောက် ပါ။ ညတုန်းကလည်း တိုင်းရင်းသားရိုးရာ အကတွေနဲ့ ဖျော်‌ဖြေတာ တီဗွီမှာကြည့် လိုက်ရတယ်။ အခုဒီနေ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်က  အထင်ကရတွေ   အထိမ်း အမှတ်တွေနဲ့  တိုင်းရင်းသားရိုးရာအလိုက် ကပြဖျော်ဖြေ     တင်ဆက်မှုတွေကို   ကြည့်ရှုလို့ပြီးရင်          တိုင်းရင်းသားတွေရဲ့  နာမည်ကြီးအစားအစာတွေ    အားပေးပြီး မှ ပြန်မှာပါ။   ပြည်ထောင်စုနေ့    အထိမ်း အမှတ်အခမ်းအနားကို အခုလိုစည်စည်ကားကားကျင်းပပေးတဲ့အတွက် တာဝန်ရှိ သူတွေကိုလည်း    ကျေးဇူးတင်ပါတယ်။ နောက်နှစ်တွေမှာလည်း ဒီနှစ်လိုစည်စည် ကားကားကျင်းပပေးစေချင်ပါတယ်။
မအိမ့်မြတ်ခြယ်၊ မလဝန်းအိမ်
(အလက၊ မင်္ဂလာဇေယျုံ)
(၇၅)နှစ်ပြည့် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ်   တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေရဲ့        အထင်ကရတွေကို ယာဉ်တွေနဲ့အတူ    တိုင်းရင်းသားရိုးရာ အကတွေ ဖျော်ဖြေတင်ဆက်တာ‌တွေကို သတင်းစာတွေဖတ်၊             တီဗွီတွေမှာ ကြည့်လိုက်ရတဲ့အတွက်           သမီးတို့ ကျောင်းက         သူငယ်ချင်းတွေစုပြီး လာရောက်လေ့လာတာပါ။     ကျောင်း သင်ခန်းစာမှာသင်ခဲ့ရတဲ့   မင်း‌ကွန်း ခေါင်းလောင်းကြီးနဲ့ ပင်လုံကျောက်တိုင် တွေကို     ကြည့်ရှုလေ့လာခဲ့ပါတယ်။  ယာဉ်တွေအပေါ်      တက်ပြီးလေ့လာတဲ့ အခါမှာ   မကွေးတိုင်းဒေသကြီးက  ဆီဆုံ ကြီးကို  သမီးတို့   ပိုပြီးစိတ်ဝင်စားကြပါ တယ်။   ဒီလိုမျိုး      တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာရှိတဲ့  အထင်ကရအထိမ်း အမှတ်အားလုံးကို  တစ်နေရာတည်းမှာ လေ့လာခွင့်ရလို့ စီစဉ်ပေးသူတွေကိုလည်း ကျေးဇူးတင်ပါတယ်။
ကိုဟိန်းစစ်ပိုင် (မင်းသား၊
စစ်ကိုင်းတိုင်းဒေသကြီးကိုယ်စားပြု)
ကျွန်တော့်အနေနဲ့ မင်းသားအကနဲ့ စစ်ကိုင်းတိုင်းဒေသကြီး  ကိုယ်စားပြုပြီး (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ကို ဂုဏ်ပြုခွင့်ရတာ အတိုင်းမသိ၀မ်းသာပါ တယ်။ ဂုဏ်ပြုပြီးတဲ့နောက် ဒီတပေါင်း ကွင်းထဲမှာ   ပြည်သူတွေကို   ဖျော်ဖြေမှု ပေးရတဲ့အခါ   ထင်မှတ်မထားလောက် အောင် မင်းသားအကကို  ချစ်မြတ်နိုးကြ တာတွေ့ရပါတယ်။    လာရောက်လေ့လာ ကြတဲ့ပြည်သူတွေက ချစ်ခင်မှုတွေ အသိ အမှတ်ပြုမှုတွေကိုနဲ့ မင်းသား၀တ်စုံ၀တ် ထားတဲ့   ကျွန်တော်အပါအ၀င် ဂုဏ်ပြု ယာဉ်ကြီးနဲ့    အမှတ်တရဓာတ်ပုံတွေ  ရိုက်ကြတယ်။  ဂုဏ်ပြုယာဉ်ကြီးတွေပေါ် မှာ  ပြသထားတဲ့ ကိုယ်စားပြုပြကွက်တွေ ကို အသေးစိတ်လေ့လာမှတ်သားကြတာ တွေ့ရပါတယ်။  ဒီဂုဏ်ပြုယာဉ်တွေပြသထားတဲ့ပြပွဲမှာ   လေ့လာကြည့်ရှုသူတွေ က ‌   လူထောင်ချီရှိပါတယ်။   ဒီနေ့က နောက်ဆုံးပြသတဲ့နေ့ဆိုတော့ အရင်ရက် တွေထက်ကို      ပိုပြီးများပြားပါတယ်။ လာမယ့်နှစ်မှာလည်း ပြည်ထောင်စုနေ့ကို အခုလိုပဲစည်စည်ကားကားနဲ့ ဂုဏ်ပြုခွင့် ရချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။
ဦးမျိုးဦး
(ရှမ်းအစားအစာရောင်းချသူ)
ကျွန်တော်က   အရင်ကတည်းက  ရှမ်းအစားအစာရောင်းတာဆိုတော့  အခု စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အခမ်းအနားမှာ ရှမ်းအစားအစာရောင်းချ ပေးပါဆိုလို့   ရောင်းချရခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ဆိုင်မှာ   ရှမ်းခေါက်ဆွဲ၊ တို့ဟူးနွေး၊ မြီးရှည်၊ အမဲအူသုပ်၊ အသုပ်စုံ အပြင်   ရှမ်းရိုးရာဆန်အရက်လည်း ရောင်းချပါတယ်။ လာရောက်လေ့လာကြ သူတွေထဲက       အများဆုံးအားပေးတာ ကတော့  ရှမ်းခေါက်ဆွဲနဲ့  တို့ဟူးနွေးပါ။ တစ်ရက်တစ်ရက်ကို  လေးသိန်းလောက် ရောင်းရပါတယ်။  အပြင်မှာ  ရောင်းချတဲ့ ဈေးနှုန်းနဲ့ မကွာစေဘဲ ဈေးသက်သက် သာသာနဲ့  ဝယ်ယူအားပေးနိုင်ဖို့လည်း စီစဉ်ရောင်းချခဲ့ပါတယ်။
ဦးမောင်မောင်ချို 
(ရှမ်းပြည်နယ်ဂုဏ်ပြုယာဉ်တာ၀န်ခံ)
ရှမ်းပြည်နယ်  ကိုယ်စားပြုအနေနဲ့ အခုစိန်ရတုပြည်ထောင်စုနေ့     အထိမ်း အမှတ်ပွဲမှာ ဂုဏ်ပြုယာဉ်သုံးစီးနဲ့လာရောက် ပြသတဲ့နေရာမှာ        တိုင်းဒေသကြီးနဲ့ ပြည်နယ်ရဲ့   အထင်ကရနေရာတွေကို မသွားရောက်နိုင်တဲ့  ပြည်သူတွေအနေနဲ့ လည်း ယဉ်ကျေးမှုတွေ၊ ဓလေ့စရိုက်တွေနဲ့ နာမည်ကြီးနေရာတွေကို  ပြည့်ပြည့်စုံစုံသိရှိလေ့လာလို့ရတဲ့အတွက် အများကြီး လာရောက်လေ့လာကြပါတယ်။        ရှမ်း ပြည်နယ်ရဲ့အထင်ကရတွေ၊ ဒေသထွက် ကုန်တွေကို သိမြင်ရတဲ့အတွက်  ပြည်သူ တွေအတွက်အများကြီး ဗဟုသုတရရှိစေ မှာဖြစ်ပါတယ်။   ရှမ်းပြည်နယ်အနေနဲ့ ရိုးရာအကအလှတွေနဲ့ ဖျော်ဖြေပေးခဲ့တာ ကိုလည်း  တစ်ခဲနက်လာရောက်  အားပေး ကြပါတယ်။
နိုင်ဟိန်းထက်၊ ဓာတ်ပုံ-ဇော်ဘီ