လစ်ဗျားနိုင်ငံတွင် ရွေးကောက်ပွဲများအမြန်ဆုံးကျင်းပသွားမည်ဟု ဝန်ကြီးချုပ်ပြောကြား

ထရီပိုလီ    ဖေဖော်ဝါရီ   ၁၃


လစ်ဗျားနိုင်ငံတွင်        လက်ရှိဖြစ်ပွားနေသော  ပဋိပက္ခများအဆုံးသတ်ရေးအတွက် ကြိုးပမ်းသည့် အနေဖြင့်  ရွေးကောက်ပွဲများ ဆောလျင်စွာ ကျင်းပ နိုင်ရေး အမြန်ဆုံးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် အပ်ဒဲ ဟာမစ်ဒီဘီဘာက ယမန်နေ့တွင် ပြောကြားသည်။


လစ်ဗျားနိုင်ငံအတွင်း ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးတို့ ဖြစ်လာစေရေးအတွက်  ရွေးကောက်ပွဲများကို      အလျင်အမြန်ကျင်းပရန် လိုအပ်ကြောင်း ဝန်ကြီးချုပ်ဒီဘီဘာက  ရက်ဒါလန် မြို့တွင်ကျင်းပသော အမျိုးသားပြန်လည်ရင်ကြား စေ့ရေး ထိပ်သီးဆွေးနွေးပွဲတွင် ပြောကြားသည်။
 မိမိအနေဖြင့် လက်ရှိအချိန်တွင် ရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ရေးအတွက်      သက်ဆိုင်ရာ နိုင်ငံရေးပါတီများနှင့် ညှိနှိုင်းမှုများဆောင်ရွက်လျက် ရှိကြောင်း ၎င်းကပြောကြားသည်။ 


လက်ရှိဖြစ်ပွားနေသော     ပဋိပက္ခများအတွက် ပါလီမန်တွင်တာဝန်ရှိကြောင်း ဒီဘီဘာက ပြောကြား ခဲ့သည်။ ဝန်ကြီးချုပ်ဒီဘီဘာက  လာမည့်ရွေးကောက် ပွဲတွင် အနိုင်ရရှိသည့်နိုင်ငံရေးပါတီအား နိုင်ငံ့တာဝန် လွှဲပြောင်းမှုမပြုလုပ်မီအထိ       ၎င်းဦးဆောင်သော အစိုးရက     နိုင်ငံ့တာဝန်ထမ်းဆောင်သွားမည်ဟု ပြောကြားခဲ့သည်။ 


နိုင်ငံအတွင်းရွေးကောက်ပွဲများအား ယမန်နှစ် ဒီဇင်ဘာ ၂၄ ရက်က ကျင်းပရန်စီစဉ်ခဲ့သော်လည်း နည်းပညာပိုင်းဆိုင်ရာနှင့်    ဥပဒေကြောင်းဆိုင်ရာ ကိစ္စရပ်များကြောင့် ရွှေ့ဆိုင်းခဲ့ရကြောင်း    လစ်ဗျား ရွေးကောက်ပွဲကော်မရှင်က ပြောကြားသည်။      

             
ကိုးကား- ဆင်ဟွာ၊ ဘာသာပြန်- စိုးသူရ