
မြေပေါ်မြေအောက်သယံဇာတများနှင့် လူသားအရင်းအမြစ်များကို အကျိုးရှိစွာအသုံးချမည်ဆိုပါက နိုင်ငံဖွံ့ဖြိုးတိုးတက်မည်
နေပြည်တော် ဖေဖော်ဝါရီ ၁၃
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် တိုင်း ဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအား နေပြည်တော်ရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံ အမှာစကား ပြောကြားသည်။
တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊ မန်းငြိမ်းမောင်၊ ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ၊ ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ စောဒန်နီယယ်၊ ဒေါက်တာဗညားအောင်မိုး၊ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ ဦးရွှေကြိမ်း၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေး၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ကြီးကျယ်ခမ်းနားစွာ ကျင်းပနိုင်ခဲ့
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ယခုအခါသမယသည် မင်္ဂလာရှိသည့် ကာလတစ်ခုဖြစ်ပြီး စိန်ရတု ပြည်ထောင်စုနေ့အခမ်းအနားကို သိုက်သိုက် ဝန်းဝန်းဖြင့် ကြီးကျယ်ခမ်းနားစွာ ကျင်းပ ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ အခမ်းအနားသို့ ဧည့်ပရိ သတ်များမပါ ကျောင်းသား ကျောင်းသူများနှင့် ဝန်ထမ်းစုစုပေါင်း ၁၀၄၀၀ ကျော်က အခမ်းအနား တက်ရောက်ခဲ့ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် များအနေဖြင့်လည်း အခက်အခဲများကြားမှပင် မိမိတို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ ဒေသ အလိုက် ဖြစ်ပေါ်တိုးတက်မှုအခြေအနေများနှင့် ဖွံ့ဖြိုး တိုးတက်မှုများကို ထုတ်ဖော်ပြသနိုင်ခဲ့သဖြင့် သက်ဆိုင်ရာဝန်ကြီးချုပ်များကို ကျေးဇူးတင်ရှိပါ ကြောင်း၊ အလားတူ ဝန်ကြီးဌာနများအနေဖြင့်လည်း အင်တိုက်အားတိုက် ကြိုးပမ်းဆောင်ရွက်ခဲ့မှုများ ကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊ အခမ်းအနား တွင် ဝန်ကြီးဌာနများအလိုက် နိုင်ငံ့ဝန်ထမ်းများ အားလုံး တက်ကြွပျော်ရွှင်စွာ စည်းစည်းလုံးလုံးဖြင့် အပင်ပန်းခံ၍ အလေးထားဆောင်ရွက်ခဲ့ကြသည် ကိုတွေ့ရှိရကြောင်း၊ စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားကြီးကို အားလုံးက ညီညွတ်စွာစုစည်း၍ စနစ်တကျဖြင့် ခမ်းခမ်းနားနား ဆောင်ရွက်နိုင်ခဲ့ သဖြင့် သမိုင်းတွင်မှတ်ကျောက်တစ်ခုအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ကြောင်း၊ ကြိုတင်ပြင်ဆင်ချိန် နည်းပါးခဲ့သော်လည်း အားလုံး၏ ညီညွတ်စွာဖြင့် စုပေါင်းလုပ်ဆောင်မှုများကြောင့် ခမ်းခမ်းနားနား ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ ညီညွတ် သည့်စုပေါင်းစွမ်းအားဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အတွက်လည်း ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပြီး ညီညွတ်စွာဖြင့် စုပေါင်းတိုင်ပင် လုပ်ဆောင်မည် ဆိုပါက နိုင်ငံဖွံ့ဖြိုးတိုးတက်မည်ဖြစ်ကြောင်း။
မိမိတို့အစိုးရ၏ နိုင်ငံရေးလုပ်ငန်းစဉ်များမှာ ပထမအချက်အနေဖြင့် တိုင်းပြည်သာယာဝပြောမှု ရှိရန်၊ စားရေရိက္ခာပေါများရန်ဖြစ်ကြောင်း၊ အူမ တောင့်မှ သီလစောင့်နိုင်မည်ဆိုသည့်အတိုင်း စားသောက်ရေးအဆင်ပြေမှသာ ကျန်းမာပြီး အလုပ် လုပ်နိုင်မည်ဖြစ်သဖြင့် နိုင်ငံ၏လုပ်ငန်းစဉ်အဖြစ် ဦးစားပေးဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ဒုတိယ အချက်အနေဖြင့် ပါတီစုံဒီမိုကရေစီစနစ်ကို ခိုင်ခိုင် မာမာဖြစ်အောင် တည်ဆောက်ရန်၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုစနစ် ကို တည်ဆောက်ရန်ဖြစ်ကြောင်း၊ တတိယအချက် အနေဖြင့် နိုင်ငံ၏ဓနအင်အား တိုးတက်လာချိန်၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာချိန်၊ နိုင်ငံရေးအရလည်း တည်ငြိမ်မှုရှိလာသည့်အချိန်တွင် နိုင်ငံ၏ လုံခြုံရေး ကို အပြည့်အဝအကာအကွယ်ပေးနိုင်သည့် ကြည်းတပ်၊ ရေတပ်၊ လေတပ်တို့အား ပြည်တွင်းအား ဖြင့် တည်ဆောက်၍ စွမ်းရည်ရှိသည့် တပ်မတော်၊ စွမ်းအားရှိသည့် တပ်မတော်ဖြစ်စေရန် ဆောင်ရွက်ရ မည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် လိုအပ် သည်များကို နိုင်ငံတော်မှ ဖြည့်ဆည်းဆောင်ရွက် သွားရမည်ဖြစ်ပြီး နိုင်ငံသူ နိုင်ငံသားအားလုံးပါဝင် သည့် စုစည်းညီညွတ်သည့် ကာကွယ်မှုဖြင့် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ အဆိုပါ မျှော်မှန်း ချက်များကို အကောင်အထည်ဖော်နိုင်ရန်အတွက် နိုင်ငံ၏ စီးပွားရေးတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တိုင်းပြည်၏အားသည် ပြည်တွင်းမှာသာရှိသည်ကို မိမိအနေဖြင့် အပြည့်အဝ ယုံကြည်ကြောင်း၊ တစ်ပါးသူများကို လိုအပ်သည် ထက် ပိုမိုအားကိုးနေခြင်းထက် မိမိကိုယ်ကို ရပ်တည်ပြီး ကြိုးစားဆောင်ရွက်မှသာ နိုင်ငံတိုးတက် မည်ဖြစ်သဖြင့် ပြည်တွင်း၏အားဖြင့်သာ နိုင်ငံ တိုးတက်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း။
လူသားအရင်းအမြစ်များ ပေါများ
မိမိတို့နိုင်ငံသည် ရေခံမြေခံကောင်းမွန်ပြီး လူဦးရေ ၅၅ သန်းကျော်နေထိုင်၍ အသက် ၁၈ နှစ် အထက် လူဦးရေ ၃၇ သန်းကျော်ခန့်ရှိသဖြင့် လူသား အရင်းအမြစ်များ ပေါများကြောင်း၊ အလားတူ မြေပေါ်မြေအောက်သယံဇာတများ များစွာရှိပြီး စက်မှုလုပ်ငန်းနှင့် ဆက်စပ်နေသည့် တွင်းထွက် ပစ္စည်းများ နေရာအနှံ့တွင်ရှိကြောင်း၊ စိုက်ပျိုးမြေ များလည်း များစွာရှိသကဲ့သို့ သဘာဝမှပေးထားသည့် အဖိုးတန် မြေပေါ်သယံဇာတများလည်းရှိကြောင်း၊ အဆိုပါ မြေပေါ်မြေအောက်သယံဇာတများနှင့် လူသားအရင်းအမြစ်များကို အကျိုးရှိစွာအသုံးချ မည်ဆိုပါက နိုင်ငံဖွံ့ဖြိုးတိုးတက်မည်ဖြစ်ကြောင်း။
မိမိတို့နိုင်ငံတွင် ချင်းပြည်နယ်အနေဖြင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲခြင်း၊ ရာသီဥတု ပြင်းထန်ခြင်း၊ စိုက်ပျိုးမြေရှားပါးခြင်း စသည့် အခက်အခဲများရှိပြီး သစ်တောနှင့် သယံဇာတ ထွက်ရှိမှုမှာလည်း နည်းပါးကြောင်း၊ အလားတူ ကယားပြည်နယ်သည်လည်း လမ်းပန်းဆက်သွယ် ရေးခက်ခဲပြီး နေထိုင်သည့် လူဦးရေနည်းပါးကြောင်း၊ သယံဇာတအနည်းငယ်ထွက်ရှိသော်လည်း အခြား ပြည်နယ်များနှင့် နှိုင်းယှဉ်ပါက ခက်ခဲမှုများရှိနေဆဲ ဖြစ်ပါကြောင်း၊ ကရင်ပြည်နယ်အတွင်းရှိ အချို့ ဒေသများတွင် တောတောင်ထူထပ်၍ လမ်းပန်း ဆက်သွယ်ရေးခက်ခဲမှုများကြောင့် ပညာရေး၊ ကျန်းမာရေး စသည့်နယ်ပယ်များတွင် ခက်ခဲမှု များရှိနေပါကြောင်း၊ ထိုသို့ အခက်အခဲများရှိနေသည့် ပြည်နယ်များကို အခြားတိုင်းဒေသကြီးနှင့် ပြည်နယ် များက တိုင်းချစ်ပြည်ချစ်စိတ်ဓာတ်ဖြင့် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ မိမိတို့အစိုးရ အနေဖြင့်လည်း ပြည်နယ်များ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အဓိကထား ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကျန်ရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များသည် ရေခံမြေခံကောင်းမွန်သဖြင့် ဒေသအလိုက် ကြိုးပမ်းဆောင်ရွက်မည်ဆိုပါက လျင်မြန်စွာဖွံ့ဖြိုး တိုးတက်နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတော် အစိုးရအနေဖြင့် အမျိုးသားရေးရည်မှန်းချက်ဖြစ် သည့် တိုင်းပြည်သာယာဝပြောရေး ဆောင်ရွက်ရာ တွင် လိုအပ်ချက်များရှိသည့် ပြည်နယ်များကို ဦးစားပေးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း။
ထိုသို့ ဆောင်ရွက်နိုင်ရန်အတွက် လူ့စွမ်းအား အရင်းအမြစ်များကို အကျိုးရှိစွာ အသုံးချနိုင်ရန် လိုအပ်ပြီး အချို့ပြည်နယ်များတွင် ပညာရေးအရ အားနည်းသဖြင့် လူ့စွမ်းအားအရင်းအမြစ်များ နည်းပါးသည်ကို တွေ့ရှိရကြောင်း၊ ပညာရေး အားနည်းချက်များ ဖြစ်ပေါ်ရခြင်းမှာ နိုင်ငံ မတည်ငြိမ်မှု၊ သွားလာရေးခက်ခဲမှု၊ ဘာသာစကား အခက်အခဲဖြစ်မှု၊ မိဘများအားဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးရမှု၊ ပညာသင်ကြားရန် ငွေကြေး မတတ်နိုင်မှုများကြောင့်ဖြစ်သည်ကို တွေ့ရှိရ ကြောင်း၊ ထို့ကြောင့် ပြည်နယ်များ၏ ပညာရည် မြှင့်တင်ရေးအတွက် လတ်တလောကာလတွင် ဦးစားပေးဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း။
ပညာသင်ကြားရေးသည် ပထမဦးစားပေးဖြစ်
၁၉၈၈ ခုနှစ်အရေးအခင်းကာလတွင် စာသင် ကျောင်းများကို သုံးနှစ်ခန့် ပိတ်ထားခဲ့ရသဖြင့် ပညာရေးတွင် နောက်ကျခဲ့ရကြောင်း၊ လတ်တလော ကာလတွင်လည်း ကိုဗစ်ရောဂါဖြစ်ပွားမှုနှင့် အခြား အကြောင်းအမျိုးမျိုးကြောင့် စာသင်ကျောင်းများ ပိတ်ထားခဲ့ရပြီး ယခုအခါ အခြေခံပညာကျောင်းများ နှင့် တက္ကသိုလ်များကို ပြန်လည်ဖွင့်လှစ်၍ ပညာ သင်ကြားပေးလျက်ရှိကြောင်း၊ အခြေခံပညာကျောင်း များတွင် စာရင်းသွင်းထားသူ ကျောင်းသား ကျောင်းသူပေါင်း ၉၀ ရာခိုင်နှုန်းနီးပါးခန့် တက်ရောက် ပညာသင်ကြားလျက်ရှိသော်လည်း မျှော်မှန်းထား သည့် ကျောင်းတက်ရာခိုင်နှုန်းထက် နည်းပါးသည် ကိုတွေ့ရှိရကြောင်း၊ အချို့ ကျောင်းသား ကျောင်းသူ များအနေဖြင့် နိုင်ငံရေးမတည်ငြိမ်မှု၊ ပညာရေး ဝန်ထမ်းများ လျော့နည်းမှုနှင့် ခြိမ်းခြောက်ခံရမှုတို့ ကြောင့် ပညာသင်ကြားနိုင်မှုမရှိသည်ကို တွေ့ရှိရ ကြောင်း၊ မိမိတို့အစိုးရအနေဖြင့် ပညာသင်ကြား ရေးသည် ပထမဦးစားပေးဖြစ်ကြောင်း၊ အတန်းပညာ ရှိမှသာ အတတ်ပညာနှင့် အသိပညာရရှိရန် လွယ်ကူ မည်ဖြစ်သဖြင့် ပညာသင်ကြားမှုသည် လူတစ်ဦးချင်း အတွက် မဖြစ်မနေအရေးကြီးလိုအပ်ချက်ဖြစ် ကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များအနေဖြင့် ဒေသအလိုက် ပညာ သင်ကြားရေးကို အားပေးဆောင်ရွက်ရန်နှင့် ကျောင်းသား ကျောင်းသူများအားလုံး ပညာသင်ကြား နိုင်ရေး ဦးစားပေး အလေးထားဆောင်ရွက်ကြရန်လိုကြောင်း။
တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ အနေဖြင့် စာသင်ကျောင်းများအားလုံး ပြန်လည် ဖွင့်လှစ်နိုင်ရေး အားပေးကူညီဆောင်ရွက်ကြရန် လိုကြောင်း၊ ပညာသင်ကြားရေးအတွက် တာဝန် ပြန်လည်ထမ်းဆောင်လိုသည့် ဝန်ထမ်းများရှိပါက လည်း ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများနှင့်အညီ ခွင့်ပြုဆောင်ရွက်ပေးရန်လိုကြောင်း၊ ပညာရေး ဝန်ထမ်းများနှင့် ကျန်းမာရေးဝန်ထမ်းများသည် လေ့ကျင့်ပေးထားသည့် ဝန်ထမ်းများဖြစ်သဖြင့် တာဝန်ပြန်လည်ထမ်းဆောင်နိုင်ရေး တိုက်တွန်း ဆောင်ရွက်ပေးကြစေလိုကြောင်း၊ ပညာရေး ဝန်ထမ်းများ၏ ၈၀ ရာခိုင်နှုန်းကျော်မှာ အမျိုးသမီး များဖြစ်ကြသဖြင့် အများအားဖြင့် ရှက်တတ် ကြောက်တတ်မှုရှိကြောင်း၊ အဆိုပါအားနည်းချက်ကို အခွင့်ကောင်းယူအသုံးချ၍ အကြောင်းအမျိုးမျိုးဖြင့် ခြိမ်းခြောက်ဆောင်ရွက်ခြင်းများ ပြုလုပ်၍ အနိုင် ကျင့် ဆောင်ရွက်မှုများရှိသဖြင့် မိမိတို့အနေဖြင့် ကာကွယ်ဆောင်ရွက်ပေးရန်လိုကြောင်း။
ပညာသင်ကြားရေးနှင့်ပတ်သက်၍ ဆရာ ဆရာမများကို ပညာအရည်အချင်းအလိုက် ချီးမြှင့်ငွေ များ ချီးမြှင့်ပေးလျက်ရှိပြီး ဆက်လက်၍လည်း ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း၊ ဆရာ ဆရာမ များသည် ကျောင်းသား ကျောင်းသူများ၏ လက်ဦး ဆရာများဖြစ်ကြကြောင်း၊ ထို့ကြောင့် အာစရိယ ဂုဏောအနန္တော ဆိုသည့်အတိုင်း အာစရိယဂုဏ်ကို အသိအမှတ်ပြု၍ ဆောင်ရွက်ပေးရန်လိုကြောင်း၊ ဆရာ ဆရာမများသည် ဝါသနာ၊ အနစ်နာ၊ စေတနာ စသည့် နာသုံးနာဖြင့် ကျောင်းသား ကျောင်းသူများ ကို ပညာတတ်များဖြစ်စေရေး သင်ကြားပေးနေ ကြခြင်းဖြစ်ကြောင်း။
ကျန်းမာရေးနှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင် မျှော်မှန်းသက်တမ်းမှာ အာဆီယံနိုင်ငံများနှင့် အိမ်နီးချင်းနိုင်ငံများတွင် အနိမ့်ဆုံးဖြစ်ကြောင်း၊ ကျန်းမာမှသာ ပညာသင်ကြားနိုင်မည်၊ ကျန်းမာမှသာအလုပ်လုပ်နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ သည် ဗုဒ္ဓဘာသာဝင်အများစုရှိသည့် နိုင်ငံတစ်ခု ဖြစ်ပြီး ယဉ်ကျေးသိမ်မွေ့သူများ ဖြစ်ကြကြောင်း၊ ထို့ပြင် မြေသယံဇာတနှင့် ရေသယံဇာတများ ပေါကြွယ်ဝသည့် နိုင်ငံတစ်ခုလည်းဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့်လည်း ကျန်းမာရေးကောင်းမွန် စေရန် အသိနှင့်ယှဉ်သည့် နေထိုင်စားသောက်မှု များနှင့် လုပ်ကိုင်ဆောင်ရွက်မှုများ ရှိရန်လိုကြောင်း၊ အသိနှင့်ယှဉ်၍ ကျန်းမာရေးနှင့်ညီညွတ်စွာ နေထိုင်စားသောက်နိုင်ရန်အတွက် ပညာရည်မြင့်မား မှုရှိရန်လိုကြောင်း၊ ပညာရေးနိမ့်ကျမှုများကြောင့် လူတစ်ဦးနှင့်တစ်ဦး၏ လူမှုစီးပွားဘဝများ ကွာခြား လာခြင်းဖြစ်သဖြင့် အနိမ့်ဆုံးအဆင့် အလယ်တန်း အောင်မြင်အောင် ဆောင်ရွက်၍ အသက်မွေးဝမ်း ကျောင်းလုပ်ငန်းများဖြစ်သည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် စက်မှုလက်မှုလုပ်ငန်းများအတွက် ပညာရေးအခြေခံကောင်းများရရှိအောင် ဆောင်ရွက် ပေးရန်လိုကြောင်း။
CDM ပြုလုပ်သူ များစွာရှိ
ကျန်းမာရေးဝန်ထမ်းများ အနေဖြင့်လည်း ပြည်သူလူထု၏ ကျန်းမာရေးကို အလေးထား ဆောင်ရွက်ရန်လိုအပ်ပြီး ယခုနိုင်ငံရေးဖြစ်စဉ်တွင် CDM ပြုလုပ်သူများ များစွာရှိကြောင်း၊ မိမိတို့နိုင်ငံ တွင် ၁၉၉၅ ခုနှစ်ခန့်မှစ၍ မွေးထုတ်ပေးလိုက်သည့် ဆေးတက္ကသိုလ်အသီးသီးမှ ကျောင်းဆင်း ဆရာဝန် များ များစွာရှိပြီး ပြည်တွင်းရှိ ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများတွင် ဝင်ရောက်ထမ်းဆောင် ပါက အင်အားအရ လုံလောက်သည်ထက်ပင် ပိုမို သည့် အင်အားရှိပါကြောင်း၊ သို့ရာတွင် အများစုမှာ နိုင်ငံအတွက် တာဝန်ထမ်းဆောင်ခြင်းထက် ကိုယ်ပိုင်ဆေးခန်းများဖွင့်လှစ်ခြင်းနှင့် ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းများကိုသာ ဆောင်ရွက်နေကြခြင်း ကြောင့် ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများတွင် လိုအပ်ချက်များဖြစ်ပေါ်လျက်ရှိ ကြောင်း၊ ယခင်က ဝေးလံခေါင်ဖျားသည့် ဒေသများ တွင် ကျန်းမာရေးဝန်ထမ်းများ လိုအပ်ချက်အရ တပ်မတော်မှ ဆရာဝန်များကို တာဝန်ထမ်းဆောင် နိုင်ရန် စေလွှတ်ပေးခဲ့ချိန်တွင်လည်း ကန့်ကွက်မှု များရှိခဲ့ကြောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပိုမို အဆင်ပြေစေရန်အတွက် တပ်မတော်မှ ဆရာဝန်များ စေလွှတ်ပေးခြင်းဖြစ်ကြောင်း၊ နိုင်ငံ့တာဝန်များကို သစ္စာရှိစွာဖြင့် ထမ်းဆောင်နေသည့် ကျန်းမာရေး ဝန်ထမ်းများကိုလည်း လေးနက်စွာ အသိအမှတ်ပြု ပါကြောင်း၊ CDM ပြုလုပ်သွားသည့် ကျန်းမာရေး ဝန်ထမ်းများ တာဝန်ပြန်လည်ထမ်းဆောင်ရေး အတွက်လည်း တာဝန်ရှိသူများက ဝိုင်းဝန်း ဆောင်ရွက်ပေးကြစေလိုကြောင်း။
ကျန်းမာရေးကောင်းမွန်ပါက ပညာသင်ကြား ရေးနှင့် အလုပ်လုပ်ကိုင်ဆောင်ရွက်မှုများအတွက် အထောက်အကူပြုမည်ဖြစ်သကဲ့သို့ မိမိတို့နိုင်ငံ၏ မျှော်မှန်းသက်တမ်းသည်လည်း တိုးတက်လာမည် ဖြစ်ကြောင်း၊ နိုင်ငံသူ နိုင်ငံသားအားလုံး ကျန်းကျန်း မာမာနှင့် အသက်ရှည်ရှည် နေထိုင်နိုင်ရန်လိုကြောင်း။
ကိုယ်လက်လှုပ်ရှား အားကစားနှင့်ပတ်သက်၍ လည်း ခေတ္တခဏသာပြုလုပ်ခြင်းထက် အမြဲမပြတ် ဆောင်ရွက်နေရန်လိုကြောင်း၊ အဓိကအားဖြင့် တစ်ရက်လျှင် နာရီဝက်ခန့် လမ်းလျှောက်ခြင်း ဆောင်ရွက်ပါက ကျန်းမာရေးအတွက်များစွာ အထောက်အကူပြုကြောင်းကို ကျန်းမာရေးပညာရှင် များ၏ ပြောကြားချက်အရသိရှိရကြောင်း၊ အလားတူ အသောက်အစားအပျော်အပါးများကို တတ်နိုင်သမျှ လျှော့ချ ဆောင်ရွက်ရန်လိုကြောင်း၊ အစားအသောက် နှင့်ပတ်သက်၍လည်း ကျန်းမာရေးနှင့်ညီညွတ်သည့် စားသောက်မှုများရှိရန်အတွက် မိမိတို့ကိုယ်တိုင် ထိန်းသိမ်းရန်လိုအပ်သကဲ့သို့ ပြည်သူများသိရှိစေရန် လည်း တိုက်တွန်းပြောကြားပေးရန် လိုကြောင်း။
အကျိုးရှိစွာအသုံးချ
စီးပွားရေးနှင့်ပတ်သက်၍ မြေပေါ်မြေအောက် သယံဇာတများ၊ ရေနှင့်မြေများကို အကျိုးရှိစွာ အသုံးချရန်လိုကြောင်း၊ ရေများသုံးစွဲရာတွင်လည်း အဟောသိကံမဖြစ်စေဘဲ ထိရောက်စွာ အသုံးချရန် လိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများအတွက် မြေဩဇာများ လိုအပ်ချက်ရှိသည့်အတွက် ဒေသ အလိုက် မွေးမြူရေးလုပ်ငန်းများကို လှောင်မွေးသည့် စနစ်ဖြင့် နည်းစနစ်တကျ မွေးမြူဆောင်ရွက်ခြင်းဖြင့် ဇီဝမြေဩဇာများရရှိမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေး နှင့် မွေးမြူရေးကိုတွဲဖက်၍ ဆောင်ရွက်မည်ဆိုပါက လေလွင့်ဆုံးရှုံးမှုနည်းပါးပြီး ၇၀ ရာခိုင်နှုန်းသော ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ တိုးတက်အောင် အထောက်အကူဖြစ်စေမည်ဖြစ် ကြောင်း၊ ကျေးလက်နေပြည်သူများ၏ လျှပ်စစ်မီး လိုအပ်ချက်အတွက်လည်း နေရောင်ခြည်စွမ်းအင် သုံး လျှပ်စစ်မီးထုတ်လုပ်ခြင်းကို နည်းလမ်းတစ်ခု အနေဖြင့် အသုံးပြုဆောင်ရွက်၍ရကြောင်း။
ဆန်စက်၊ ဂျုံစက် စသည့် လုပ်ငန်းများသည် စိုက်ပျိုးရေးကိုအခြေခံသည့် စက်မှုကုန်ထုတ်လုပ်ငန်း များဖြစ်ကြောင်း၊ စက်မှုလယ်ယာစနစ်ကို ဖော်ဆောင် ၍ စိုက်ပျိုးရေးထုတ်ကုန်ကို အခြေခံသည့် စက်မှု လယ်ယာစနစ်ကို ဖော်ဆောင်ရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် ဝါစိုက်ပျိုးမှုများရှိပြီး အဆင့်မြင့် ချည်များ ထုတ်လုပ်နိုင်ရေး ဝါမျိုးကောင်း မျိုးသန့် များရရှိရေးအတွက် ပြည်ပနိုင်ငံများမှ ရရှိနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ပြည်ပမှချည်ထည်များအား ယမန်နှစ်က အမေရိကန် ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံ ဖိုးခန့် တင်သွင်းခဲ့ရ ကြောင်း၊ အဆင့်မြင့်ချည်များ ပြည်တွင်း၌ ထုတ်လုပ် နိုင်မည်ဆိုပါက စိုက်ပျိုးရေးကိုအခြေခံသည့် စက်မှု လုပ်ငန်းကို ဆောင်ရွက်နိုင်မည်ဖြစ်သဖြင့် ဝါစိုက်ပျိုးမှုများကို အားပေးဆောင်ရွက်ရန် လိုကြောင်း၊ စိုက်ပျိုးရေးထုတ်ကုန်ကိုအခြေခံသည့် စက်မှုလုပ်ငန်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ် များ အားလုံးတွင် အကောင်အထည်ဖော်ဆောင်ရွက် ၍ရကြောင်း။
မိမိတို့နိုင်ငံတွင် အဖိုးတန် သဘာဝတွင်းထွက် ပစ္စည်းများစွာရှိပြီး အကျိုးရှိစွာ အသုံးချနိုင်ရန် လိုကြောင်း၊ ဆောက်လုပ်ရေးလုပ်ငန်းအတွက် လိုအပ်သည့် ဘိလပ်မြေထုတ်လုပ်ရေးလုပ်ငန်းများ ကို ဆောင်ရွက်လျက်ရှိသော်လည်း အကြောင်း အမျိုးမျိုးကြောင့် ထုတ်လုပ်မှုကုန်ကျစရိတ် များပြား သဖြင့် အပြည့်အဝထုတ်လုပ်နိုင်မှု မရှိသေးကြောင်း၊ ပြည်တွင်းလိုအပ်ချက်အား ပြည်ပမှတင်သွင်းခြင်း ထက် ပြည်တွင်းရှိ စက်ရုံများကို အပြည့်အဝ လည်ပတ်၍ အတတ်နိုင်ဆုံးထုတ်လုပ်ပေးနိုင်မည် ဆိုပါက ပြည်ပငွေကုန်ကျမှုများစွာလျော့နည်းသွား မည်ဖြစ်ပြီး ပြည်တွင်းစီးပွားရေးကောင်းမွန်လာ မည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် ပြည်ပကြွေးမြီ များစွာရှိပြီး နှစ်စဉ်ပြန်လည်ပေးဆပ်နေရမှု များပြား ကြောင်း၊ ယခင်က ပြည်တွင်းစက်မှုလုပ်ငန်းများ နှင့် ပြည်တွင်းကုန်ထုတ်လုပ်မှုများကို အားပေးမှု မရှိဘဲ ပြည်ပမှတင်သွင်းမှုများ အများဆုံးဆောင်ရွက် ခဲ့သဖြင့် ကုန်သွယ်မှုလိုငွေများ များပြားခဲ့ခြင်း ဖြစ်ကြောင်း၊ စီမံခန့်ခွဲမှု လွဲမှားခဲ့ခြင်းများကြောင့် မိမိတို့နိုင်ငံအတွက် ငွေကြေးမြောက်မြားစွာ ဆုံးရှုံး နစ်နာမှုများရှိခဲ့ကြောင်း၊ ပြည်တွင်းကုန်ထုတ်လုပ်မှု လုပ်ငန်းသည် နိုင်ငံအတွက် များစွာအကျိုး ဖြစ်ထွန်း စေသဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ အနေဖြင့် ပြည်တွင်းစက်မှုလုပ်ငန်းများနှင့် ပြည်တွင်း ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အားပေးဆောင် ရွက်ကြရန်လိုကြောင်း၊ အဓိကအားဖြင့် တိုင်း ဒေသကြီးနှင့် ပြည်နယ်များအားလုံးတွင် ဆောက်လုပ်ရေးအတွက် လိုအပ်သည့် ဘိလပ်မြေ များနှင့် သံလုံး၊ သံချောင်းများကို လုံလောက်စွာ ထုတ်လုပ်ပေးနိုင်ပါက ပြည်သူများ၏ နေထိုင်မှု စနစ်များကို မြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း။
မိမိတို့နိုင်ငံ၏ အချို့နေရာများတွင် ပြည်သူ များ၏ လူနေမှုစနစ်မြှင့်တင်ရေးဆောင်ရွက်ပေးရန် လိုအပ်လျက်ရှိကြောင်း၊ ကျေးလက်နေပြည်သူများ ပညာရေး၊ စီးပွားရေးနှင့် လူနေမှုဘဝမြှင့်တင်ရေး အတွက် အားလုံးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေး ရမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတော်တာဝန် အား တာဝန်ယူဆောင်ရွက်ရာတွင် အချိန်ကာလအား ဖြင့် နည်းပါးကြောင်း၊ ထို့ကြောင့် ပညာရေး၊ ကျန်းမာ ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများမှလွဲ၍ ရေရှည် ဆောင်ရွက်ရမည့်လုပ်ငန်းများကို ထိန်းသိမ်းဆောင် ရွက်ရန်လိုကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များ အားလုံးဒေသအလိုက် ဖွံ့ဖြိုးရေး အတွက် စိတ်စေတနာကောင်းစွာဖြင့် ဆောင်ရွက် ကြမည်ဆိုပါက မိမိတို့နိုင်ငံဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီး ချုပ်များက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက် နေမှုအခြေအနေ၊ နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ဆောင်ရွက်နေမှုအခြေအနေ၊ ကုန်စည်စီးဆင်းမှု လျင်မြန်မှန်ကန်စေရေး ဆောင်ရွက် နေမှုအခြေအနေ၊ အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များ ပြန်လည်ဖွင့်လှစ်နိုင်မှုအခြေအနေ၊ ဆေးရုံများပြန်လည်ဖွင့်လှစ်နိုင်မှုနှင့် ဝန်ထမ်းများ ပြန်လည်တာဝန်ထမ်းဆောင်နိုင်မှုအခြေအနေ၊ ပြည်သူ များ ကိုဗစ်−၁၉ ကာကွယ်ဆေး ထိုးနှံပြီးစီးမှု အခြေအနေ၊ အိုမီခရွန် ကူးစက်ပြန့်ပွားမှုနည်းပါး ရေးအတွက် ထိန်းချုပ် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေ၊ စားနပ်ရိက္ခာဖူလုံမှု ရှိစေရေး စိုက်ပျိုးထုတ်လုပ်နေမှုအခြေအနေ၊ ဒေသ အလိုက် ရင်းနှီးမြှုပ်နှံမှုနှင့် အလုပ်အကိုင်ရရှိမှုအခြေ အနေတို့ကို ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြချက်များအပေါ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်မှာကြားပြီး နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးနှင့် ဘဏ္ဍာငွေအလေအလွင့်နည်းပါးရေး အတွက် ချွေတာရေးလုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ မှာကြားရာတွင် မိမိတို့နိုင်ငံ၌ စိုက်ပျိုးမြေများပြားစွာ ရှိပြီး စိုက်ပျိုးရေးလုပ်ငန်းများအတွက်မြေကို အကျိုး ရှိရှိ အသုံးချနိုင်ရန် လိုအပ်ကြောင်း၊ လယ်စိုက်ပျိုးရာ တွင် တစ်ဧကအထွက်နှုန်း ပိုမိုကောင်းအောင် စိုက်ပျိုးနိုင်ပါက မိမိတို့နိုင်ငံ၏ လက်ရှိလူဦးရေအတွက် စားနပ်ရိက္ခာဖူလုံရေးထက်ပင် ပိုလျှံနိုင်မည်ဖြစ် ကြောင်း၊ သို့ဖြစ်၍ စိုက်ပျိုးမြေများ လျော့နည်းမှု မရှိစေရေးအတွက် အခြားနည်းဖြင့် အသုံးပြုမှုများ ကို အတတ်နိုင်ဆုံး မဖြစ်မနေအခြေအနေမှသာ ဆောင်ရွက်ကြစေလိုကြောင်း၊ အလားတူ ရေကို လည်း စိုက်ပျိုးရေးအတွက် အကျိုးရှိရှိအသုံးချ စေလိုကြောင်း၊ နိုင်ငံအတွင်း စီးဆင်းနေသည့် မြစ်၊ ချောင်းများမှ ရေကို နွေ၊ မိုး၊ ဆောင်း စိုက်ပျိုးရေး လုပ်ငန်းများနှင့် လူသားအကျိုးပြုလုပ်ငန်းများတွင် အကျိုးရှိရှိ အသုံးချကြစေလိုပြီး ယင်းသို့ အသုံးချနိုင် ပါက ပြည်သူလူထု၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက် ရေးကို များစွာအထောက်အကူပြုနိုင်မည်ဖြစ် ကြောင်း၊ အဆိုပါ မြစ်၊ ချောင်းများတွင် လျှပ်စစ် ထုတ်လုပ်နိုင်ပါက ဓာတ်အားမဂ္ဂါဝပ် ၄၀၀၀၀ ကျော် ထုတ်လုပ်နိုင်မည်ဟု ပညာရှင်များက ခန့်မှန်းထား ကြောင်း၊ ထို့ပြင် မိမိတို့နိုင်ငံတွင် လျှပ်စစ်ထုတ်လုပ် နိုင်သည့် အခြေအနေများလည်း များစွာရှိကြောင်း၊ လျှပ်စစ်မီးနှင့် စက်သုံးဆီချွေတာရေးကိစ္စနှင့် စပ်လျဉ်း၍ လျှပ်စစ်မီးသုံးစွဲရာတွင် ဓာတ်အားသုံးစွဲမှု ကို လျော့နည်းစေသည့် လျှပ်စစ်ပစ္စည်းများကို သုံးစွဲခြင်းအားဖြင့် လျှပ်စစ်ဓာတ်အားကို အသုံးပြု သည့် ရာခိုင်နှုန်းများစွာ လျော့နည်းသွားမည်ဖြစ်ပြီး ငွေကြေးကုန်ကျမှု သက်သာစေမည်ဖြစ်ကြောင်း၊ စက်သုံးဆီကို ပြည်ပမှ အများဆုံးမှာယူတင်သွင်း နေရသည့်အတွက် နှစ်စဉ်တိုင်းပြည်မှ နိုင်ငံခြားငွေ များစွာ သုံးစွဲနေရကြောင်း၊ သို့ဖြစ်၍ အမှန်တကယ် သုံးစွဲရန်လိုအပ်သည့် ကိစ္စရပ်များ၌သာ သုံးစွဲကြစေ လိုကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် တာဝန်ရှိသူများအနေဖြင့် အများပြည်သူ သယ်ယူ ပို့ဆောင်ရေးစနစ် ကောင်းမွန်ရေးနှင့် မြို့ပတ်ရထား များ အပြည့်အဝ ပြေးဆွဲနိုင်ရေးကို အလေးထား စီစဉ်ဆောင်ရွက်သွားစေလိုကြောင်း၊ ထို့ပြင် ကုန်စည် ပို့ဆောင်မှု ကောင်းမွန်စေရေးအတွက် ရထားများ ပုံမှန်ပြေးဆွဲနိုင်ရေး၊ ဘူတာရုံများစနစ်တကျရှိစေရေး ကြပ်မတ်ဆောင်ရွက်သွားရန်လိုကြောင်း၊ ရထား လမ်းနှင့် ကားလမ်းနယ်နိမိတ်များအတွင်းသို့ ကျူးကျော်ဝင်ရောက်နေထိုင်မှုမရှိစေရေး တာဝန်ရှိသူ များက ကြပ်မတ်ဆောင်ရွက်သွားရန်လိုကြောင်း၊ နိုင်ငံတည်ဆောက်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ခြိုးခြံချွေတာ၍ စနစ်တကျသုံးစွဲရေးကို တာဝန်ရှိသူ များက အလေးထားဆောင်ရွက်သွားရန်လိုကြောင်း၊ သို့မှသာ နိုင်ငံပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည့် အတွက် တာဝန်ရှိသူအားလုံးအနေဖြင့် ရင်းရင်းနှီးနှီး တိုင်တိုင်ပင်ပင် ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ကြောင်းဖြင့် မှာကြားခဲ့ကြောင်း သိရ သည်။
သတင်းစဉ်