
ဘားအံ ဖေဖော်ဝါရီ ၁၃
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ကရင်ပြည်နယ်လူမှုဝန်ထမ်း ဦးစီးဌာနနှင့် ကရင်ပြည်နယ်ကလေးသူငယ်အခွင့် အရေးများဆိုင်ရာ ကော်မတီတို့ ပူးပေါင်းကျင်းပသော ၂၀၂၂ ခုနှစ် မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ် အခမ်းအနားကို ဖေဖော်ဝါရီ ၁၃ ရက် နံနက် ၁၀ နာရီ ခန့်က ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ကရင်ပြည်နယ် လူမှုရေးရာ ဝန်ကြီး ဦးစိုးလွင်က ကရင်ပြည်နယ်အတွင်း လူမှု ဝန်ထမ်းဦးစီးဌာနနှင့် ဆက်စပ်ဌာနများ၊ ကလေး သူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီများမှ ကလေးသူငယ်အခွင့်အရေးများဖြစ်သော အသက် ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက် ခံပိုင်ခွင့်၊ ပူးပေါင်းပါဝင်ဆောင်ရွက်ခွင့် စသည့် ကလေးသူငယ် အခွင့်အရေး (၄) ရပ်ကို အကောင် အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အနာဂတ်မျိုးဆက်သစ် ကလေးငယ်များအတွက် မိမိတို့မျှော်လင့်ရည်မှန်းရာ လှပသောအနာဂတ် ဖြစ်လာစေရေး ဖန်တီးပေးရမည်ဖြစ်ကြောင်း၊ ကလေးသူငယ်များ၏ မွေးရာပါအခွင့်အရေးမဆုံးရှုံး စေရေး၊ ကလေးသူငယ်များ၏ အခွင့်အရေးများ ကလေးများအားလုံး လက်လှမ်းမီတန်းတူရရှိနိုင်ရေးအတွက် တာဝန်ရှိသူများက အစွမ်းကုန်ဆောင်ရွက် ပေးကြရန်နှင့် သက်ဆိုင်ရာကဏ္ဍအသီးသီးမှနေ၍ စဉ်ဆက်မပြတ် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။
ထို့နောက် ကရင်ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဦးသိန်းကိုကို၊ ပြည်နယ်လူမှုရေးရာ ဝန်ကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက မြန်မာနိုင်ငံကလေးများနေ့ အကြိုလှုပ်ရှားမှု မူလတန်းကြိုကျောင်းပေါင်းစုံ (ကဗျာ၊ ပုံပြင်၊ သီချင်း၊ ဆေးရောင်ခြယ်) ပြိုင်ပွဲများတွင် ဆုရရှိသောရင်သွေး ငယ်လေးများကို ဆုများပေးအပ်ချီးမြှင့်သည်။
ယင်းနောက် အမှတ်(၁)ဘားအံ မူလတန်းကြို ကျောင်းမှ ရင်သွေးငယ်လေးများက ပုံပြင်သရုပ်ဖော် ဖြင့် ဖျော်ဖြေတင်ဆက်ရာ ပြည်နယ်ဥပဒေချုပ် ဦးရဲလွင်၊ ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဝင် ဒေါ်ပွင့်ဦးဟန်တို့က အမှတ် တရလက်ဆောင်များနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ် ပြီး မြန်မာနိုင်ငံ ကလေးများနေ့အကြို လှုပ်ရှားမှု မူလတန်းကြိုကျောင်းပေါင်းစုံ ကဗျာ၊ ပုံပြင်၊ သီချင်း ဆို ပြိုင်ပွဲများတွင် ပထမဆုရ ရင်သွေးငယ်လေးများက ပြန်လည်တင်ဆက်သရုပ်ပြခဲ့ကြရာ ပြည်နယ်တရား လွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်များက ဂုဏ်ပြုဆုငွေများ ချီးမြှင့် ပေးအပ်ခဲ့ကြကာ ဆုရရင်သွေးငယ်လေးများ၏ ဆေးရောင်ခြယ်လက်ရာများကို ကြည့်ရှုအားပေး ခဲ့ကြကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)