
နေပြည်တော် ဖေဖော်ဝါရီ ၁၃
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ဂုဏ်ပြုအခမ်းအနားတွင် ပါဝင်ပြသခဲ့သည့် ပြည်ထောင်စု နယ်မြေနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှ ဂုဏ်ပြုယာဉ်များအား ပြည်သူများလေ့လာနိုင်ရန် နေပြည်တော် ဥပ္ပါတသန္တိစေတီတော်ရှေ့ တပေါင်း ကွင်း၌ ခင်းကျင်းပြသထားရာ ယနေ့ ညနေပိုင်း တွင် ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများ လာရောက်ကြည့်ရှုအားပေးကြသည်။
လှည့်လည်ကြည့်ရှု
ရှေးဦးစွာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ဇနီး ၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ ဒုတိယဝန်ကြီး ဦးရဲတင့် နှင့် ဦးဇော်အေးမောင်နှင့် နေပြည်တော်ကောင်စီဝင် များက တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ခင်းကျင်း ပြသထားသည့် ဂုဏ်ပြုယာဉ်များနှင့် ရိုးရာယဉ်ကျေး မှုအလိုက် ကပြဖျော်ဖြေမှုများကို လှည့်လည်ကြည့်ရှု အားပေးကြသည်။
ပါဝင်ဆင်နွှဲ
ထို့နောက် ကချင်ပြည်နယ်ကိုယ်စားပြု ဂုဏ်ပြု ယာဉ်ရှေ့၌ ကချင်ပြည်နယ် ရိုးရာယဉ်ကျေးမှုအဖွဲ့ များက ကချင်ရိုးရာအကအလှများဖြင့် ကပြဖျော်ဖြေ ကြရာ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဦးစောထွန်းအောင်မြင့်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ဒုတိယဝန်ကြီးများနှင့် နေပြည်တော်ကောင်စီဝင်များက ပြည်သူများနှင့် အတူ ပါဝင်ဆင်နွှဲကြသည်။
ရောင်းချပေးနေမှုကို ကြည့်ရှု
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြပွဲလာပြည်သူများ ဝယ်ယူအားပေးနိုင်ရန်နှင့် သုံးဆောင်နိုင်ရန်အတွက် တိုင်းဒေသကြီး/ပြည်နယ် အလိုက် ဆိုင်များဖွင့်လှစ်၍ တိုင်းရင်းသားရိုးရာအစား အစာများ ရောင်းချပေးနေမှုကို ကြည့်ရှုအားပေးသည်။
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနားတွင် ပါဝင်ပြသခဲ့သည့် ဂုဏ်ပြု ယာဉ်များပေါ်တွင် ပြည်သူများ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းများကို ချစ်ခင်တန်ဖိုး ထားတတ်စေရန် ရည်ရွယ်၍ မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားများ၏ အထိမ်းအမှတ်များ၊ လူနေမှု စရိုက်များ၊ ဓလေ့ထုံးတမ်းအစဉ်အလာများနှင့် ဒေသ ထုတ်ကုန်များကို သရုပ်ဖော်ပြသပေးထားရာ လူငယ် များ၊ ဝန်ကြီးဌာနများမှ ဝန်ထမ်းများနှင့် မိသားစုများ၊ ဒေသခံပြည်သူများ စိတ်အားထက်သန်စွာ လေ့လာ ကြသည်။
လာရောက်ကြည့်ရှုလေ့လာနိုင်
ထို့ပြင် တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် တိုင်းရင်းသားရိုးရာအစားအစာများကိုလည်း ရောင်းချ ပေးလျက်ရှိရာ တစ်ချိန်တည်းတွင် တိုင်းရင်းသား အစားအစာများကို စားသုံးနိုင်သည့် အခွင့်အရေး ဖြစ်သည့်အတွက် ပြည်သူများ စိတ်ဝင်တစား ကြိတ်ကြိတ်တိုးဝယ်ယူသုံးဆောင်ကြသည်။
ဂုဏ်ပြုယာဉ်များ ခင်းကျင်းပြသခြင်းနှင့် တိုင်းရင်း သားရိုးရာအစားအစာများ ရောင်းချခြင်းကို ဖေဖော် ဝါရီ ၁၅ ရက်အထိ နံနက် ၈ နာရီမှ ည ၈ နာရီအတွင်း လာရောက်ကြည့်ရှုလေ့လာနိုင်ကြောင်း သိရှိရသည်။
သတင်းစဉ်