
နိုင်ငံတည်ဆောက်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ခြိုးခြံချွေတာ၍ စနစ်တကျသုံးစွဲရေး အလေးထားဆောင်ရွက်
နေပြည်တော် ဖေဖော်ဝါရီ ၁၃
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအား နေပြည်တော်ရှိ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံအမှာစကား ပြောကြားသည်။
တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ် မှူးကြီး စိုးဝင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ မန်းငြိမ်းမောင်၊ ဦးသိန်းညွန့်၊ ဦးခင်မောင် ဆွေ၊ ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ စောဒန်နီယယ်၊ ဒေါက်တာဗညားအောင်မိုး၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဦးရွှေကြိမ်း၊ အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
မှတ်ကျောက်တစ်ခုအဖြစ် မှတ်တမ်းတင်နိုင်
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ယခုအခါသမယသည် မင်္ဂလာရှိသည့်ကာလတစ်ခုဖြစ်ပြီး စိန်ရတု ပြည်ထောင်စုနေ့အခမ်းအနားကို သိုက်သိုက်ဝန်းဝန်း ဖြင့် ကြီးကျယ်ခမ်းနားစွာ ကျင်းပဆောင်ရွက်နိုင်ခဲ့ ကြောင်း၊ အခမ်းအနားသို့ ဧည့်ပရိသတ်များမပါ ကျောင်းသား၊ ကျောင်းသူများနှင့် ဝန်ထမ်းစုစုပေါင်း ၁၀၄၀၀ ကျော်က အခမ်းအနားတက်ရောက်ခဲ့ ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအနေဖြင့် လည်း အခက်အခဲများကြားမှပင် မိမိတို့တိုင်းဒေသ ကြီးနှင့် ပြည်နယ်များ၏ ဒေသအလိုက် ဖြစ်ပေါ် တိုးတက်မှုအခြေအနေများနှင့် ဖွံ့ဖြိုးတိုးတက်မှုများ ကို ထုတ်ဖော်ပြသနိုင်ခဲ့သဖြင့် သက်ဆိုင်ရာဝန်ကြီး ချုပ်များကို ကျေးဇူးတင်ရှိပါကြောင်း၊ အလားတူ ဝန်ကြီးဌာနများအနေဖြင့်လည်း အင်တိုက်အားတိုက် ကြိုးပမ်းဆောင်ရွက်ခဲ့မှုများကိုလည်း ကျေးဇူးတင် ရှိပါကြောင်း၊ အခမ်းအနားတွင် ဝန်ကြီးဌာနများ အလိုက် နိုင်ငံ့ဝန်ထမ်းများအားလုံး တက်ကြွပျော်ရွှင် စွာ စည်းစည်းလုံးလုံးဖြင့် အပင်ပန်းခံ၍ အလေးထား ဆောင်ရွက်ခဲ့ကြသည်ကို တွေ့ရှိရကြောင်း၊ စိန်ရတု ပြည်ထောင်စုနေ့အခမ်းအနားကြီးကို အားလုံးမှ ညီညွတ်စွာစုစည်း၍ စနစ်တကျဖြင့် ခမ်းခမ်းနားနား ဆောင်ရွက်နိုင်ခဲ့သဖြင့် သမိုင်းတွင် မှတ်ကျောက် တစ်ခုအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ကြောင်း၊ ကြိုတင်ပြင်ဆင်ချိန်နည်းပါးခဲ့သော်လည်း အားလုံး၏ ညီညွတ်စွာဖြင့် စုပေါင်းလုပ်ဆောင်မှုများကြောင့် ခမ်းခမ်းနားနား ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ညီညွတ်သည့်စုပေါင်းစွမ်းအားဖြင့် နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပြီး ညီညွတ်စွာဖြင့် စုပေါင်းတိုင်ပင် လုပ်ဆောင်မည်ဆိုပါက နိုင်ငံဖွံ့ဖြိုးတိုးတက်မည်ဖြစ် ကြောင်း။
ဖြည့်ဆည်းဆောင်ရွက်သွားရမည်
မိမိတို့အစိုးရ၏ နိုင်ငံရေးလုပ်ငန်းစဉ်များမှာ ပထမအချက်အနေဖြင့် တိုင်းပြည်သာယာဝပြောမှု ရှိရန်၊ စားရေရိက္ခာပေါများရန်ဖြစ်ကြောင်း၊ အူမတောင့် မှ သီလစောင့်နိုင်မည်ဆိုသည့်အတိုင်း စားသောက် ရေး အဆင်ပြေမှသာ ကျန်းမာပြီး အလုပ်လုပ်နိုင်မည် ဖြစ်သဖြင့် နိုင်ငံ၏လုပ်ငန်းစဉ်အဖြစ် ဦးစားပေး ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ဒုတိယအချက် အနေဖြင့် ပါတီစုံဒီမိုကရေစီစနစ်ကို ခိုင်ခိုင်မာမာ ဖြစ်အောင် တည်ဆောက်ရန်၊ ဒီမိုကရေစီနှင့်ဖက်ဒရယ် စနစ်ကိုအခြေခံသည့် ပြည်ထောင်စုစနစ်ကို တည် ဆောက်ရန်ဖြစ်ကြောင်း၊ တတိယအချက်အနေဖြင့် နိုင်ငံ၏ ဓနအင်အားတိုးတက်လာချိန်၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာချိန်၊ နိုင်ငံရေးအရလည်း တည်ငြိမ် မှု ရှိလာသည့်အချိန်တွင် နိုင်ငံ၏လုံခြုံရေးကို အပြည့် အဝအကာအကွယ်ပေးနိုင်သည့် ကြည်းတပ်၊ ရေတပ်၊ လေတပ်တို့အား ပြည်တွင်းအားဖြင့် တည်ဆောက်၍ စွမ်းရည်ရှိသည့် တပ်မတော်၊ စွမ်းအားရှိသည့် တပ်မတော်ဖြစ်စေရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် လိုအပ်သည်များကို နိုင်ငံတော်မှ ဖြည့်ဆည်းဆောင်ရွက်သွားရမည်ဖြစ်ပြီး နိုင်ငံသူနိုင်ငံသားအားလုံးပါဝင်သည့် စုစည်း ညီညွတ်သည့်ကာကွယ်မှုဖြင့် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ အဆိုပါ မျှော်မှန်းချက်များကို အကောင် အထည်ဖော်နိုင်ရန်အတွက် နိုင်ငံ၏စီးပွားရေး တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ရမည် ကြောင်း၊ တိုင်းပြည်၏အားသည် ပြည်တွင်းမှာသာ ရှိသည်ကို မိမိအနေဖြင့် အပြည့်အဝယုံကြည်ကြောင်း၊ တစ်ပါးသူများကို လိုအပ်သည်ထက် ပိုမိုအားကိုးနေ ခြင်းထက် မိမိကိုယ်ကို ရပ်တည်ပြီး ကြိုးစားဆောင် ရွက်မှသာ နိုင်ငံတိုးတက်မည်ဖြစ်သဖြင့် ပြည်တွင်း၏ အားဖြင့်သာ နိုင်ငံတိုးတက်အောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း။
အရင်းအမြစ်များကို အကျိုးရှိစွာအသုံးချ
မိမိတို့နိုင်ငံသည် ရေခံမြေခံကောင်းမွန်ပြီး လူဦး ရေ ၅၅ သန်းကျော် နေထိုင်၍ အသက် ၁၈ နှစ် အထက် လူဦးရေ ၃၇ သန်းကျော်ခန့်ရှိသဖြင့် လူသား အရင်းအမြစ်များပေါများကြောင်း၊ အလားတူ မြေပေါ် မြေအောက်သယံဇာတများ များစွာရှိပြီး စက်မှု လုပ်ငန်းနှင့်ဆက်စပ်နေသည့် တွင်းထွက်ပစ္စည်းများ နေရာအနှံ့တွင်ရှိကြောင်း၊ စိုက်ပျိုးမြေများလည်း များစွာရှိသကဲ့သို့ သဘာဝမှပေးထားသည့် အဖိုးတန် မြေပေါ်သယံဇာတများလည်းရှိကြောင်း၊ အဆိုပါ မြေပေါ်မြေအောက်သယံဇာတများနှင့် လူသား အရင်းအမြစ်များကို အကျိုးရှိစွာအသုံးချမည်ဆိုပါက နိုင်ငံဖွံ့ဖြိုးတိုးတက်မည်ဖြစ်ကြောင်း။
ဝိုင်းဝန်းကူညီဆောင်ရွက်
မိမိတို့နိုင်ငံတွင် ချင်းပြည်နယ်အနေဖြင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲခြင်း၊ ရာသီဥတု ပြင်းထန်ခြင်း၊ စိုက်ပျိုးမြေရှားပါးခြင်း စသည့်အခက် အခဲများရှိပြီး သစ်တောနှင့်သယံဇာတ ထွက်ရှိမှုမှာ လည်း နည်းပါးကြောင်း၊ အလားတူ ကယားပြည်နယ် သည်လည်း လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး နေထိုင်သည့် လူဦးရေနည်းပါးကြောင်း၊ သယံဇာတ အနည်းငယ်ထွက်ရှိသော်လည်း အခြားပြည်နယ်များ နှင့်နှိုင်းယှဉ်ပါက ခက်ခဲမှုများ ရှိနေဆဲဖြစ်ပါကြောင်း၊ ကရင်ပြည်နယ်အတွင်းရှိ အချို့ဒေသများတွင် တောတောင်ထူထပ်၍ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုများကြောင့် ပညာရေး၊ ကျန်းမာရေးစသည့် နယ်ပယ်များတွင် ခက်ခဲမှုများရှိနေပါကြောင်း၊ ထိုသို့ အခက်အခဲများရှိနေသည့် ပြည်နယ်များကို အခြားတိုင်းဒေသကြီးနှင့်ပြည်နယ်များက တိုင်းချစ်ပြည်ချစ် စိတ်ဓာတ်ဖြင့် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ မိမိတို့ အစိုးရအနေဖြင့်လည်း ပြည်နယ်များဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကထား ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကျန်ရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များသည် ရေခံမြေခံ ကောင်းမွန်သဖြင့် ဒေသအလိုက် ကြိုးပမ်းဆောင်ရွက် မည်ဆိုပါက လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်နိုင်မည်ဖြစ် ကြောင်း၊ မိမိတို့နိုင်ငံတော်အစိုးရအနေဖြင့် အမျိုးသားရေးရည်မှန်းချက်ဖြစ်သည့် တိုင်းပြည်သာယာ ဝပြောရေး ဆောင်ရွက်ရာတွင် လိုအပ်ချက်များရှိသည့် ပြည်နယ်များကို ဦးစားပေးဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း။
ဦးစားပေး ဆောင်ရွက်ပေးရမည်
ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် လူ့စွမ်းအား အရင်းအမြစ်များကို အကျိုးရှိစွာအသုံးချနိုင်ရန်လို အပ်ပြီး အချို့ပြည်နယ်များတွင် ပညာရေးအရ အားနည်းသဖြင့် လူ့စွမ်းအားအရင်းအမြစ်များ နည်းပါးသည်ကို တွေ့ရှိရကြောင်း၊ ပညာရေးအားနည်း ချက်များဖြစ်ပေါ်ရခြင်းမှာ နိုင်ငံမတည်ငြိမ်မှု၊ သွားလာရေးခက်ခဲမှု၊ ဘာသာစကားအခက်အခဲ ဖြစ်မှု၊ မိဘများအား ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရမှု၊ ပညာသင်ကြားရန် ငွေကြေးမတတ်နိုင်မှုများ ကြောင့်ဖြစ်သည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် ပြည်နယ်များ၏ ပညာရည်မြှင့်တင်ရေးအတွက် လတ်တလောကာလတွင် ဦးစားပေး ဆောင်ရွက်ပေး ရမည်ဖြစ်ကြောင်း။
အလေးထားဆောင်ရွက်
၁၉၈၈ ခုနှစ် အရေးအခင်းကာလတွင် စာသင် ကျောင်းများကို သုံးနှစ်ခန့် ပိတ်ထားခဲ့ရသဖြင့် ပညာရေးတွင် နောက်ကျခဲ့ရကြောင်း၊ လတ်တလော ကာလတွင်လည်း ကိုဗစ်ရောဂါဖြစ်ပွားမှုနှင့် အခြား အကြောင်းအမျိုးမျိုးကြောင့် စာသင်ကျောင်းများ ပိတ်ထားခဲ့ရပြီး ယခုအခါ အခြေခံပညာကျောင်းများ နှင့် တက္ကသိုလ်များကို ပြန်လည်ဖွင့်လှစ်၍ ပညာ သင်ကြားပေးလျက်ရှိကြောင်း၊ အခြေခံပညာကျောင်း များတွင် စာရင်းသွင်းထားသူ ကျောင်းသား ကျောင်းသူပေါင်း ၉၀ ရာခိုင်နှုန်းနီးပါးခန့် တက် ရောက် ပညာသင်ကြားလျက်ရှိသော်လည်း မျှော်မှန်း ထားသည့် ကျောင်းတက်ရာခိုင်နှုန်းထက် နည်းပါး သည်ကို တွေ့ရှိရကြောင်း၊ အချို့ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နိုင်ငံရေးမတည်ငြိမ်မှု၊ ပညာရေးဝန်ထမ်းများ လျော့နည်းမှုနှင့် ခြိမ်းခြောက် ခံရမှုတို့ကြောင့် ပညာသင်ကြားနိုင်မှုမရှိသည်ကို တွေ့ရှိရကြောင်း၊ မိမိတို့အစိုးရအနေဖြင့် ပညာ သင်ကြားရေးသည် ပထမဦးစားပေးဖြစ်ကြောင်း၊ အတန်းပညာရှိမှသာ အတတ်ပညာနှင့် အသိပညာ ရရှိရန် လွယ်ကူမည်ဖြစ်သဖြင့် ပညာသင်ကြားမှုသည် လူတစ်ဦးချင်းအတွက် မဖြစ်မနေ အရေးကြီးလိုအပ် ချက်ဖြစ်ကြောင်း၊ ထို့ကြောင့် တိုင်းဒေကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့် ဒေသအလိုက် ပညာသင်ကြားရေးကို အားပေးဆောင်ရွက်ရန်နှင့် ကျောင်းသား ကျောင်းသူများအားလုံး ပညာသင်ကြား နိုင်ရေး ဦးစားပေး အလေးထားဆောင်ရွက်ကြရန်လိုကြောင်း။
အားပေးကူညီဆောင်ရွက်
တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ အနေဖြင့် စာသင်ကျောင်းများအားလုံး ပြန်လည် ဖွင့်လှစ်နိုင်ရေး အားပေးကူညီဆောင်ရွက်ကြရန် လိုကြောင်း၊ ပညာသင်ကြားရေးအတွက် တာဝန် ပြန်လည်ထမ်းဆောင်လိုသည့် ဝန်ထမ်းများရှိပါက လည်း ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများနှင့်အညီ ခွင့်ပြုဆောင်ရွက်ပေးရန်လိုကြောင်း၊ ပညာရေး ဝန်ထမ်းများနှင့် ကျန်းမာရေးဝန်ထမ်းများသည် လေ့ကျင့်ပေးထားသည့် ဝန်ထမ်းများဖြစ်သဖြင့် တာဝန်ပြန်လည်ထမ်းဆောင်နိုင်ရေး တိုက်တွန်း ဆောင်ရွက်ပေးကြစေလိုကြောင်း၊ ပညာရေးဝန်ထမ်း များ၏ ၈၀ ရာခိုင်နှုန်းကျော်မှာ အမျိုးသမီးများ ဖြစ်ကြသဖြင့် အများအားဖြင့် ရှက်တတ်ကြောက်တတ် မှုရှိကြောင်း၊ အဆိုပါအားနည်းချက်ကို အခွင့်ကောင်း ယူအသုံးချ၍ အကြောင်းအမျိုးမျိုးဖြင့် ခြိမ်းခြောက် ဆောင်ရွက်ခြင်းများပြုလုပ်၍ အနိုင်ကျင့်ဆောင်ရွက် မှုများရှိသဖြင့် မိမိတို့အနေဖြင့် ကာကွယ်ဆောင်ရွက် ပေးရန်လိုကြောင်း။
ပညာသင်ကြားရေးနှင့်ပတ်သက်၍ ဆရာ၊ ဆရာမများကို ပညာအရည်အချင်းအလိုက် ချီးမြှင့် ငွေများ ချီးမြှင့်ပေးလျက်ရှိပြီး ဆက်လက်၍လည်း ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း၊ ဆရာ၊ ဆရာမ များသည် ကျောင်းသား ကျောင်းသူများ၏ လက်ဦး ဆရာများဖြစ်ကြကြောင်း၊ ထို့ကြောင့် အာစရိယ ဂုဏောအနန္တောဆိုသည့်အတိုင်း အာစရိယဂုဏ်ကိုအသိအမှတ်ပြု၍ ဆောင်ရွက်ပေးရန်လိုကြောင်း၊ ဆရာ၊ ဆရာမများသည် ဝါသနာ၊ အနစ်နာ၊ စေတနာ စသည့် နာသုံးနာဖြင့် ကျောင်းသား ကျောင်းသူများ ကို ပညာတတ်များဖြစ်စေရေး သင်ကြားပေးနေကြ ခြင်းဖြစ်ကြောင်း။
ကျန်းမာမှသာ အလုပ်လုပ်နိုင်မည်
ကျန်းမာရေးနှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင် မျှော်မှန်းသက်တမ်းမှာ အာဆီယံနိုင်ငံများနှင့် အိမ်နီး ချင်းနိုင်ငံများတွင် အနိမ့်ဆုံးဖြစ်ကြောင်း၊ ကျန်းမာမှ သာ ပညာသင်ကြားနိုင်မည်၊ ကျန်းမာမှသာ အလုပ် လုပ်နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် ဗုဒ္ဓ ဘာသာဝင်အများစုရှိသည့် နိုင်ငံတစ်ခုဖြစ်ပြီး ယဉ်ကျေးသိမ်မွေ့သူများဖြစ်ကြကြောင်း၊ ထို့ပြင် မြေသယံဇာတနှင့်ရေသယံဇာတများ ပေါကြွယ်ဝ သည့် နိုင်ငံတစ်ခုလည်းဖြစ်ကြောင်း၊ ပြည်သူများ အနေဖြင့်လည်း ကျန်းမာရေးကောင်းမွန်စေရန် အသိ နှင့်ယှဉ်သည့် နေထိုင်စားသောက်မှုများနှင့် လုပ်ကိုင် ဆောင်ရွက်မှုများ ရှိရန်လိုကြောင်း၊ အသိနှင့်ယှဉ်၍ ကျန်းမာရေးနှင့်ညီညွတ်စွာ နေထိုင်စားသောက် နိုင်ရန်အတွက် ပညာရည်မြင့်မားမှု ရှိရန်လိုကြောင်း၊ ပညာရေးနိမ့်ကျမှုများကြောင့် လူတစ်ဦးနှင့်တစ်ဦး ၏ လူမှုစီးပွားဘဝများ ကွာခြားလာခြင်းဖြစ်သဖြင့် အနိမ့်ဆုံးအဆင့် အလယ်တန်းအောင်မြင်အောင် ဆောင်ရွက်၍ အသက်မွေးဝမ်းကျောင်းလုပ်ငန်း များဖြစ်သည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် စက်မှုလက်မှုလုပ်ငန်းများအတွက် ပညာရေးအခြေခံ ကောင်းများရရှိအောင် ဆောင်ရွက်ပေးရန်လို ကြောင်း။
လေးနက်စွာ အသိအမှတ်ပြု
ကျန်းမာရေးဝန်ထမ်းများအနေဖြင့်လည်း ပြည်သူ လူထု၏ကျန်းမာရေးကို အလေးထားဆောင်ရွက်ရန် လိုအပ်ပြီး ယခုနိုင်ငံရေးဖြစ်စဉ်တွင် CDM ပြုလုပ်သူ များ များစွာရှိကြောင်း၊ မိမိတို့နိုင်ငံတွင် ၁၉၉၅ ခုနှစ် ခန့်မှစ၍ မွေးထုတ်ပေးလိုက်သည့် ဆေးတက္ကသိုလ် အသီးသီးမှ ကျောင်းဆင်းဆရာဝန်များ များစွာရှိပြီး ပြည်တွင်းရှိ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း များတွင် ဝင်ရောက်ထမ်းဆောင်ပါက အင်အားအရ လုံလောက်သည်ထက်ပင် ပိုမိုသည့်အင်အားရှိပါ ကြောင်း၊ သို့ရာတွင် အများစုမှာ နိုင်ငံအတွက် တာဝန် ထမ်းဆောင်ခြင်းထက် ကိုယ်ပိုင်ဆေးခန်းများဖွင့်လှစ် ခြင်းနှင့် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများကိုသာ ဆောင်ရွက်နေကြခြင်းကြောင့် ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် လိုအပ် ချက်များဖြစ်ပေါ်လျက်ရှိကြောင်း၊ ယခင်က ဝေးလံ ခေါင်ဖျားသည့်ဒေသများတွင် ကျန်းမာရေးဝန်ထမ်း များ လိုအပ်ချက်အရ တပ်မတော်မှ ဆရာဝန်များကို တာဝန်ထမ်းဆောင်နိုင်ရန် စေလွှတ်ပေးခဲ့ချိန်တွင် လည်း ကန့်ကွက်မှုများရှိခဲ့ကြောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် ကျန်းမာရေးစောင့်ရှောက် မှုလုပ်ငန်းများ ပိုမိုအဆင်ပြေစေရန်အတွက် တပ်မတော်မှဆရာဝန်များ စေလွှတ်ပေးခြင်းဖြစ် ကြောင်း၊ နိုင်ငံ့တာဝန်များကို သစ္စာရှိစွာဖြင့် ထမ်းဆောင်နေသည့် ကျန်းမာရေးဝန်ထမ်းများကို လည်း လေးနက်စွာ အသိအမှတ်ပြုပါကြောင်း၊ CDM ပြုလုပ်သွားသည့် ကျန်းမာရေးဝန်ထမ်းများ တာဝန် ပြန်လည်ထမ်းဆောင်ရေးအတွက်လည်း တာဝန်ရှိသူ များက ဝိုင်းဝန်းဆောင်ရွက်ပေးကြစေလိုကြောင်း။
မျှော်မှန်းသက်တမ်းသည်လည်း တိုးတက်လာမည်
ကျန်းမာရေးကောင်းမွန်ပါက ပညာသင်ကြား ရေးနှင့် အလုပ်လုပ်ကိုင်ဆောင်ရွက်မှုများအတွက် အထောက်အကူပြုမည်ဖြစ်သကဲ့သို့ မိမိတို့နိုင်ငံ၏ မျှော်မှန်းသက်တမ်းသည်လည်း တိုးတက်လာမည် ဖြစ်ကြောင်း၊ နိုင်ငံသူနိုင်ငံသားအားလုံး ကျန်းကျန်း မာမာနှင့် အသက်ရှည်ရှည် နေထိုင်နိုင်ရန်လိုကြောင်း။
ကိုယ်တိုင်ထိန်းသိမ်းရန်လိုအပ်
ကိုယ်လက်လှုပ်ရှားအားကစားနှင့်ပတ်သက်၍လည်း ခေတ္တခဏသာပြုလုပ်ခြင်းထက် အမြဲမပြတ် ဆောင်ရွက်နေရန်လိုကြောင်း၊ အဓိကအားဖြင့် တစ်ရက်လျှင် နာရီဝက်ခန့်လမ်းလျှောက်ခြင်း ဆောင်ရွက်ပါက ကျန်းမာရေးအတွက်များစွာ အထောက်အကူပြုကြောင်းကို ကျန်းမာရေးပညာရှင် များ၏ ပြောကြားချက်အရသိရှိရကြောင်း၊ အလားတူ အသောက်အစားအပျော်အပါးများကို တတ်နိုင် သမျှလျှော့ချ ဆောင်ရွက်ရန်လိုကြောင်း၊ အစား အသောက်နှင့်ပတ်သက်၍လည်း ကျန်းမာရေးနှင့် ညီညွတ်သည့် စားသောက်မှုများရှိရန်အတွက် မိမိတို့ ကိုယ်တိုင် ထိန်းသိမ်းရန်လိုအပ်သကဲ့သို့ ပြည်သူ များ သိရှိစေရန်လည်း တိုက်တွန်းပြောကြားပေးရန် လိုကြောင်း။
စီးပွားရေးနှင့်ပတ်သက်၍ မြေပေါ်မြေအောက် သယံဇာတများ၊ ရေနှင့်မြေများကို အကျိုးရှိစွာ အသုံးချရန်လိုကြောင်း၊ ရေများသုံးစွဲရာတွင်လည်း အဟောသိကံမဖြစ်စေဘဲ ထိရောက်စွာအသုံးချရန် လိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများအတွက် မြေဩဇာများ လိုအပ်ချက်ရှိသည့်အတွက် ဒေသ အလိုက် မွေးမြူရေးလုပ်ငန်းများကို လှောင်မွေးသည့် စနစ်ဖြင့် နည်းစနစ်တကျ မွေးမြူဆောင်ရွက်ခြင်းဖြင့် ဇီဝမြေဩဇာများရရှိမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးကိုတွဲဖက်၍ ဆောင်ရွက်မည်ဆိုပါက လေလွင့်ဆုံးရှုံးမှုနည်းပါးပြီး ၇၀ ရာခိုင်နှုန်းသော ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ တိုးတက်အောင် အထောက်အကူဖြစ်စေမည်ဖြစ် ကြောင်း၊ ကျေးလက်နေပြည်သူများ၏ လျှပ်စစ်မီး လိုအပ်ချက်အတွက်လည်း နေရောင်ခြည်စွမ်းအင် သုံး လျှပ်စစ်မီးထုတ်လုပ်ခြင်းကို နည်းလမ်းတစ်ခု အနေဖြင့် အသုံးပြုဆောင်ရွက်၍ရကြောင်း။
အကောင်အထည်ဖော်ဆောင်ရွက်
ဆန်စက်၊ ဂျုံစက် စသည့်လုပ်ငန်းများသည် စိုက်ပျိုးရေးကိုအခြေခံသည့် စက်မှုကုန်ထုတ်လုပ်ငန်း များဖြစ်ကြောင်း၊ စက်မှုလယ်ယာစနစ်ကို ဖော်ဆောင် ၍ စိုက်ပျိုးရေးထုတ်ကုန်ကိုအခြေခံသည့် စက်မှု လယ်ယာစနစ်ကို ဖော်ဆောင်ရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် ဝါစိုက်ပျိုးမှုများရှိပြီး အဆင့်မြင့် ချည်များထုတ်လုပ်နိုင်ရေး ဝါမျိုးကောင်းမျိုးသန့် များရရှိရေးအတွက် ပြည်ပနိုင်ငံများမှ ရရှိနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ပြည်ပမှချည်ထည်များအား ယမန်နှစ်က အမေရိကန် ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံဖိုးခန့် တင်သွင်းခဲ့ရ ကြောင်း၊ အဆင့်မြင့်ချည်များ ပြည်တွင်း၌ ထုတ်လုပ် နိုင်မည်ဆိုပါက စိုက်ပျိုးရေးကိုအခြေခံသည့် စက်မှု လုပ်ငန်းကိုဆောင်ရွက်နိုင်မည်ဖြစ်သဖြင့် ဝါစိုက်ပျိုး မှုများကို အားပေးဆောင်ရွက်ရန်လိုကြောင်း၊ စိုက်ပျိုးရေးထုတ်ကုန်ကိုအခြေခံသည့် စက်မှုလုပ်ငန်း များကို တိုင်းဒေသကြီးနှင့် ပြည်နယ်များအားလုံး တွင် အကောင်အထည်ဖော်ဆောင်ရွက်၍ ရကြောင်း။
မိမိတို့နိုင်ငံတွင် အဖိုးတန်သဘာဝတွင်းထွက် ပစ္စည်းများစွာရှိပြီး အကျိုးရှိစွာအသုံးချနိုင်ရန်လို ကြောင်း၊ ဆောက်လုပ်ရေးလုပ်ငန်းအတွက် လိုအပ် သည့် ဘိလပ်မြေထုတ်လုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသော်လည်း အကြောင်းအမျိုးမျိုး ကြောင့် ထုတ်လုပ်မှုကုန်ကျစရိတ်များပြားသဖြင့် အပြည့်အဝထုတ်လုပ်နိုင်မှုမရှိသေးကြောင်း၊ ပြည်တွင်း လိုအပ်ချက်အား ပြည်ပမှ တင်သွင်းခြင်းထက် ပြည်တွင်းရှိ စက်ရုံများကို အပြည့်အဝလည်ပတ်၍ အတတ်နိုင်ဆုံးထုတ်လုပ်ပေးနိုင်မည်ဆိုပါက ပြည်ပ ငွေကုန်ကျမှုများစွာ လျော့နည်းသွားမည်ဖြစ်ပြီး ပြည်တွင်းစီးပွားရေး ကောင်းမွန်လာမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် ပြည်ပကြွေးမြီများစွာရှိပြီး နှစ်စဉ် ပြန်လည်ပေးဆပ်နေရမှုများပြားကြောင်း၊ ယခင်က ပြည်တွင်းစက်မှုလုပ်ငန်းများနှင့် ပြည်တွင်းကုန်ထုတ် လုပ်မှုများကို အားပေးမှုမရှိဘဲ ပြည်ပမှတင်သွင်းမှုများ အများဆုံး ဆောင်ရွက်ခဲ့သဖြင့် ကုန်သွယ်မှုလိုငွေများ များပြားခဲ့ခြင်းဖြစ်ကြောင်း၊ စီမံခန့်ခွဲမှုလွဲမှားခဲ့ခြင်း များကြောင့် မိမိတို့နိုင်ငံအတွက် ငွေကြေးမြောက်မြား စွာ ဆုံးရှုံးနစ်နာမှုများရှိခဲ့ကြောင်း၊ ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းသည် နိုင်ငံအတွက် များစွာ အကျိုးဖြစ်ထွန်းစေသဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့် ပြည်တွင်းစက်မှု လုပ်ငန်းများနှင့် ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်း များကို အားပေးဆောင်ရွက်ကြရန်လိုကြောင်း၊ အဓိကအားဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ အားလုံးတွင် ဆောက်လုပ်ရေးအတွက် လိုအပ်သည့် ဘိလပ်မြေများနှင့် သံလုံး၊ သံချောင်းများကို လုံလောက် စွာထုတ်လုပ်ပေးနိုင်ပါက ပြည်သူများ၏ နေထိုင်မှု စနစ်များကို မြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း။
အားလုံးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်
မိမိတို့နိုင်ငံ၏ အချို့နေရာများတွင် ပြည်သူများ ၏ လူနေမှုစနစ်မြှင့်တင်ရေး ဆောင်ရွက်ပေးရန် လိုအပ်လျက်ရှိကြောင်း၊ ကျေးလက်နေပြည်သူများ ပညာရေး၊ စီးပွားရေးနှင့် လူနေမှုဘဝမြှင့်တင်ရေး အတွက် အားလုံးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးရ မည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတော်တာဝန် အား တာဝန်ယူဆောင်ရွက်ရာတွင် အချိန်ကာလ အားဖြင့် နည်းပါးကြောင်း၊ ထို့ကြောင့် ပညာရေး၊ ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများမှလွဲ၍ ရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်းများကို ထိန်းသိမ်း ဆောင်ရွက်ရန်လိုကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအားလုံး ဒေသအလိုက် ဖွံ့ဖြိုးရေးအတွက် စိတ်စေတနာကောင်းစွာဖြင့် ဆောင်ရွက်ကြမည်ဆိုပါက မိမိတို့နိုင်ငံ ဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ကြောင်း တိုက်တွန်းပြောကြား သည်။
ထို့နောက် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီး ချုပ်များက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက် နေမှုအခြေအနေ၊ နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ဆောင်ရွက်နေမှုအခြေအနေ၊ ကုန်စည်စီးဆင်းမှု လျင်မြန်မှန်ကန်စေရေး ဆောင် ရွက် နေမှုအခြေအနေ၊ အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များ ပြန်လည်ဖွင့်လှစ်နိုင်မှုအခြေအနေ၊ ဆေးရုံများ ပြန်လည်ဖွင့်လှစ်နိုင်မှုနှင့် ဝန်ထမ်းများ ပြန်လည်တာဝန်ထမ်းဆောင်နိုင်မှု အခြေအနေ၊ ပြည်သူများ ကိုဗစ်− ၁၉ ကာကွယ်ဆေး ထိုးနှံပြီးစီးမှု အခြေအနေ၊ အိုမီခရွန် ကူးစက်ပြန့်ပွားမှုနည်းပါးရေးအတွက် ထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေ၊ စားနပ်ရိက္ခာဖူလုံမှု ရှိစေရေး စိုက်ပျိုးထုတ်လုပ်နေမှုအခြေအနေ၊ ဒေသ အလိုက် ရင်းနှီးမြှုပ်နှံမှုနှင့် အလုပ်အကိုင်ရရှိမှုအခြေ အနေတို့ကို ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြချက်များအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်မှာကြားပြီး နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးနှင့် ဘဏ္ဍာငွေအလေအလွင့်နည်းပါးရေးအတွက် ချွေတာရေးလုပ်ငန်းစဉ်များနှင့် စပ်လျဉ်း ၍မှာကြားရာတွင် မိမိတို့နိုင်ငံ၌ စိုက်ပျိုးမြေများပြား စွာရှိပြီး စိုက်ပျိုးရေးလုပ်ငန်းများအတွက် မြေကို အကျိုးရှိရှိအသုံးချနိုင်ရန်လိုအပ်ကြောင်း၊ လယ် စိုက်ပျိုးရာတွင် တစ်ဧကအထွက်နှုန်း ပိုမိုကောင်း အောင် စိုက်ပျိုးနိုင်ပါက မိမိတို့နိုင်ငံ၏ လက်ရှိလူဦး ရေအတွက် စားနပ်ရိက္ခာဖူလုံရေးထက်ပင် ပိုလျှံနိုင် မည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ စိုက်ပျိုးမြေများ လျော့နည်း မှု မရှိစေရေးအတွက် အခြားနည်းဖြင့် အသုံးပြုမှုများ ကို အတတ်နိုင်ဆုံး မဖြစ်မနေ အခြေအနေမှသာ ဆောင်ရွက်ကြစေလိုကြောင်း၊ အလားတူ ရေကို လည်း စိုက်ပျိုးရေးအတွက် အကျိုးရှိရှိအသုံးချစေလို ကြောင်း၊ နိုင်ငံအတွင်း စီးဆင်းနေသည့် မြစ်၊ ချောင်း များမှ ရေကို နွေ၊ မိုး၊ ဆောင်း စိုက်ပျိုးရေးလုပ်ငန်း များနှင့် လူသားအကျိုးပြုလုပ်ငန်းများတွင် အကျိုး ရှိရှိ အသုံးချကြစေလိုပြီး ယင်းသို့ အသုံးချနိုင်ပါက ပြည်သူလူထု၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး ကို များစွာအထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ အဆိုပါ မြစ်၊ ချောင်းများတွင် လျှပ်စစ်ထုတ်လုပ် နိုင်ပါက ဓာတ်အားမဂ္ဂါဝပ် ၄၀၀၀၀ ကျော် ထုတ်လုပ် နိုင်မည်ဟု ပညာရှင်များက ခန့်မှန်းထားကြောင်း၊ ထို့ပြင် မိမိတို့နိုင်ငံတွင် လျှပ်စစ်ထုတ်လုပ်နိုင်သည့် အခြေအနေများလည်း များစွာရှိကြောင်း၊ လျှပ်စစ်မီး နှင့် စက်သုံးဆီချွေတာရေးကိစ္စနှင့် စပ်လျဉ်း၍ လျှပ်စစ်မီးသုံးစွဲရာတွင် ဓာတ်အားသုံးစွဲမှုကို လျော့ နည်းစေသည့် လျှပ်စစ်ပစ္စည်းများကို သုံးစွဲခြင်း အားဖြင့် လျှပ်စစ်ဓာတ်အားကို အသုံးပြုသည့် ရာခိုင် နှုန်းများစွာ လျော့နည်းသွားမည်ဖြစ်ပြီး ငွေကြေး ကုန်ကျမှု သက်သာစေမည်ဖြစ်ကြောင်း၊ စက်သုံးဆီ ကို ပြည်ပမှ အများဆုံး မှာယူတင်သွင်းနေရသည့် အတွက် နှစ်စဉ်တိုင်းပြည်မှ နိုင်ငံခြားငွေများစွာ သုံးစွဲ နေရကြောင်း၊ သို့ဖြစ်၍ အမှန်တကယ်သုံးစွဲရန် လိုအပ်သည့် ကိစ္စရပ်များ၌သာ သုံးစွဲကြစေလို ကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် တာဝန်ရှိသူများအနေဖြင့် အများပြည်သူသယ်ယူ ပို့ဆောင်ရေးစနစ်ကောင်းမွန်ရေးနှင့် မြို့ပတ်ရထား များ အပြည့်အဝပြေးဆွဲနိုင်ရေးကို အလေးထားစီစဉ် ဆောင်ရွက်သွားစေလိုကြောင်း၊ ထို့ပြင် ကုန်စည် ပို့ဆောင်မှုကောင်းမွန်စေရေးအတွက် ရထားများ ပုံမှန်ပြေးဆွဲနိုင်ရေး၊ ဘူတာရုံများ စနစ်တကျရှိစေ ရေး ကြပ်မတ်ဆောင်ရွက်သွားရန်လိုကြောင်း၊ ရထား လမ်းနှင့် ကားလမ်းနယ်နိမိတ်များအတွင်းသို့ ကျူးကျော်ဝင်ရောက်နေထိုင်မှုမရှိစေရေး တာဝန် ရှိသူများက ကြပ်မတ်ဆောင်ရွက်သွားရန် လိုကြောင်း၊ နိုင်ငံတည်ဆောက်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ခြိုးခြံချွေတာ၍ စနစ်တကျသုံးစွဲရေးကို တာဝန်ရှိသူ များက အလေးထား ဆောင်ရွက်သွားရန်လိုကြောင်း၊ သို့မှသာ နိုင်ငံပိုမိုဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်သည့် အတွက် တာဝန်ရှိသူအားလုံးအနေဖြင့် ရင်းရင်းနှီးနှီး တိုင်တိုင်ပင်ပင် ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ကြောင်းဖြင့် မှာကြားခဲ့ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်