
ပဲခူး ဖေဖော်ဝါရီ ၁၂
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ကဦးဆောင်၍ တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံးဝန်းအတွင်း၌ ယနေ့ နံနက် ၅ နာရီခွဲက (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲ အခမ်းအနား ကျင်းပသည်။
အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး လှမျိုးရွှေနှင့် ဝန်ကြီးများ၊ ဥပဒေချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တပ်မတော်မှ အရာရှိကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ အလံတင်တပ်ဖွဲ့နှင့် ဘင်ခရာအဖွဲ့များ၊ တိုင်းရင်းသား များနှင့် လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြပြီး ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အလံကို အလံတိုင်ထိပ်သို့ လွှင့်တင်ကာ နိုင်ငံတော်အလံတော်နှင့် ကျဆုံးသွားသည့် ရဲဘော်အပေါင်းအား တက်ရောက်လာသူများက အလေးပြုကြသည်။
ထို့နောက် သဝဏ်လွှာဖတ်ပွဲကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံမှပေးပို့သည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ သဝဏ်လွှာ အား တိုင်းဒေသကြီး လုံခြုရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှမျိုးရွှေက ဖတ်ကြားပြီး အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ ကြောင်း သိရသည်။
တင်စိုး(ပဲခူး)