
၂၀၂၂ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် ပြောကြားသည့်မိန့်ခွန်း
ချစ်ခင်လေးစားအပ်ပါသော ဧည့်သည်တော်ကြီးများနှင့်
ပြည်ထောင်စုဖွား တိုင်းရင်းသားပြည်သူများခင်ဗျား
ကျက်သရေမင်္ဂလာအပေါင်းနဲ့ပြည့်စုံတဲ့ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အခါသမယမှာ ပြည်ထောင်စုဖွားတိုင်းရင်းသား သွေးချင်း ညီအစ်ကိုမောင်နှမများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ရွှင်လန်းပြီး ကောင်းကျိုးချမ်းသာအဖြာဖြာနှင့် ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။
ကျွန်တော်တို့နိုင်ငံသမိုင်းမှာ လွန်စွာထူးခြားလေးနက်တဲ့ စိန်ရတု ပြည်ထောင်စုနေ့အခါသမယမှာ အခုလို ဂုဏ်ပြုအခမ်းအနားကြီးကို ပြည်ထောင်စုဖွားတိုင်းရင်းသားအားလုံးနဲ့ ခမ်းနားစွာကျင်းပနိုင်ခြင်း အတွက် အထူးဂုဏ်ယူဝမ်းမြောက်မိပါတယ်လို့ ဦးစွာပြောကြား လိုပါတယ်။
အားလုံးသိကြတဲ့အတိုင်း ကျွန်တော်တို့နိုင်ငံဟာ နှစ်ပေါင်း တစ်ရာကျော် ကိုလိုနီနယ်ချဲ့တို့ရဲ့ မတရားကျူးကျော်မှုကို ခံခဲ့ရပါ တယ်။ ၁၉ ရာစုအတွင်းမှာ အင်အားကြီးနိုင်ငံတွေဟာ နိုင်ငံငယ် များအပေါ် အပြိုင်အဆိုင် မတရားကျူးကျော်ရန်ပြုခဲ့ကြတဲ့အတွက် မြန်မာနိုင်ငံဟာလည်း အခြားနိုင်ငံငယ်များနည်းတူ နယ်ချဲ့တို့ရဲ့ လက်အောက် ကျရောက်ခဲ့ရပါတယ်။
ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ ဖြစ်တည်မှုတွေကို ပြန်ပြောင်း ကြည့်မယ်ဆိုရင် အချုပ်အခြာအာဏာပိုင်ပြီး၊ တည်တံ့ခိုင်မြဲတဲ့ ရေမြေပိုင်နက် နယ်နိမိတ်၊ ခိုင်မာတဲ့လူမျိုးသမိုင်း/ နိုင်ငံ့သမိုင်းတွေနဲ့ နှစ်ပေါင်းထောင်ချီ ဖြစ်တည်လာခဲ့တယ်ဆိုတာ တွေ့ရမှာဖြစ်ပါတယ်။ မြန်မာ့သမိုင်းစဉ်တစ်လျှောက်မှာ ပြည်ထောင်စုတိုင်းရင်းသား လူမျိုး များအားလုံးဟာ ပြည်ထောင်စုစိတ်ဓာတ်အခြေခံနဲ့ နှစ်ပရိစ္ဆေဒ ကြာမြင့်စွာ အေးအတူပူအမျှ အတူတကွနေထိုင်လာခဲ့ကြသလို နယ်ချဲ့ လက်အောက် ကျရောက်ခဲ့တဲ့အချိန်မှာလည်း လွတ်လပ်ရေးအတွက် အတူတကွ လက်တွဲတွန်းလှန် တိုက်ထုတ်ခဲ့ကြတယ်ဆိုတာကို တွေ့ကြရမှာဖြစ်ပါတယ်။
အတိတ်သမိုင်းကြောင်းကို ပြန်လည်သုံးသပ်ကြတဲ့အခါ တိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေအားလုံး ချစ်ကြည်စည်းလုံး မှုကို တည်ဆောက်နိုင်ခဲ့တဲ့ကာလတွေမှာ နိုင်ငံ့အင်အားတောင့်တင်း ခိုင်မာပြီး သာယာဝပြောခဲ့ကြပေမယ့် အချင်းချင်းစည်းလုံးမှု လျော့ပါး ခဲ့ကြတဲ့အချိန်မှာတော့ နိုင်ငံ့အင်အားဆုတ်ယုတ်ခဲ့ကာ သူ့ကျွန်ဘဝ ကျရောက်ခဲ့တယ်ဆိုတာကို ခါးသီးစွာ သင်ခန်းစာယူကြရမှာဖြစ် ပါတယ်။
ချစ်ခင်လေးစားအပ်ပါသောဧည့်သည်တော်ကြီးများနှင့်
ပြည်ထောင်စုဖွား တိုင်းရင်းသားပြည်သူများခင်ဗျား
မြန်မာနိုင်ငံကို ကိုလိုနီနယ်ချဲ့တို့က မတရားကျူးကျော်စစ် (၃)ကြိမ် ဆင်နွှဲပြီး တိုက်ခိုက်သိမ်းပိုက်ခဲ့ကြတာကိုကြည့်ရင် ကျွန်တော်တို့ ဘိုးဘွားမိဘတွေဟာ နယ်ချဲ့ကို လွယ်လွယ်ကူကူ အရှုံးပေးအညံ့ခံခဲ့တာ မဟုတ်ပါဘူး။ သူ့ကျွန်မခံလိုတဲ့စိတ်၊ တိုင်းတစ်ပါး လက်အောက်အညံ့မခံ အရှုံးမပေးလိုတဲ့စိတ်တွေနဲ့ ရရာလက်နက် ဆွဲကိုင်ပြီး ခုခံတော်လှန်ခဲ့ကြတယ်ဆိုတာ အားလုံးအသိပဲဖြစ်ပါတယ်။
မတတ်သာလို့သာ သူ့ကျွန်ဘဝမှာ မီးခဲပြာဖုံးဘဝနဲ့ နေခဲ့ရ ပေမယ့်လည်း ကျွန်တော်တို့ တိုင်းရင်းသားပြည်သူအားလုံးရဲ့ စည်းလုံးညီညွတ်မှုနဲ့ မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်တွေကြောင့် သူ့ကျွန် ဘဝမှ လွတ်မြောက်အောင်နည်းမျိုးစုံနဲ့ ကြိုးစားဆောင်ရွက်နိုင်ခဲ့ ကြပါတယ်။
ကိုလိုနီကျွန်ဘဝမှာ အဆိုးရွားဆုံးသောရက်စက်ယုတ်မာမှုကတော့ တိုင်းရင်းသားသွေးချင်း ညီအစ်ကိုမောင်နှမများအကြားမှာ သွေးခွဲအုပ်ချုပ်ခြင်းပဲ ဖြစ်ပါတယ်။ တောင်တန်းဒေသများက တိုင်းရင်းသားတွေနဲ့ မြေပြန့်ဒေသက တိုင်းရင်းသားတွေကြားမှာ သံသယစိတ်အမျိုးမျိုး ရိုက်သွင်းကာ ကျွန်သက်ရှည်အောင် ဆောင် ရွက်ခဲ့ကြပါတယ်။ မလွှဲသာလို့ လွတ်လပ်ရေး ပေးရတော့မယ့်အချိန် အထိ ခွဲခြားအုပ်ချုပ်မှုတွေ၊ သပ်လျှို သွေးခွဲမှုတွေနဲ့ အချင်းချင်း စည်းလုံးမှု ပြိုကွဲအောင်လုပ်ခဲ့ကြပါတယ်။
ဘယ်လိုပင် သွေးခွဲသပ်လျှိုအုပ်ချုပ်ခဲ့သည်ဖြစ်စေ ကျွန်တော်တို့ရဲ့ ဘိုးဘွားမိဘတွေဟာ မျိုးချစ်စိတ်ကိုအရင်းတည်ပြီး ပင်လုံစိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်ကို မွေးဖွားကာ လွတ်လပ်ရေးကြီးကို ပြန်လည်ရယူပေးခဲ့ကြပါတယ်။ ဒါပေမယ့်လည်း နယ်ချဲ့ရဲ့ သွေးခွဲ သပ်လျှိုအုပ်ချုပ်မှု အကျိုးဆက်ဟာ ယနေ့အချိန်အထိ ကျွန်တော်တို့ တိုင်းရင်းသားများကြားမှာ ကျန်ရှိနေဆဲဖြစ်လို့ ဒါတွေကို အထူးသတိ ထားပြီး နိုင်ငံတော်ပြိုကွဲပျက်စီးမှုမဖြစ်အောင် ဝိုင်းဝန်းကာကွယ် ဆောင်ရွက်ကြဖို့ သတိပေးမှာကြားလိုပါတယ်။
၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်တဲ့ တိုင်းရင်းသားခေါင်းဆောင်ကြီးတွေဟာ တောင်တန်း ပြည်မ မခွဲခြားဘဲ တညီတညွတ်တည်း လွတ်လပ်ရေး အရယူမယ် ဆိုတဲ့ ခိုင်မာတဲ့သန္နိဋ္ဌာန်စိတ်ကို ချမှတ်ကာ ပင်လုံစာချုပ်ကြီးကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ အဲဒီလို ပင်လုံစာချုပ်လက်မှတ်ရေးထိုးခဲ့တဲ့ နေ့ထူးနေ့မြတ်ကြီးကို ပြည်ထောင်စုနေ့အဖြစ်သတ်မှတ်ပြီး ဂုဏ်ပြုခဲ့ကြတာဟာ ယခုဆိုရင် နှစ်ပေါင်း (၇၅)နှစ်ပြည့်မြောက်ပြီး စိန်ရတုအဖြစ် သတ်မှတ်ဂုဏ်ပြုခဲ့ကြပြီဖြစ်ပါတယ်။ ယခုလို စိန်ရတု ပြည်ထောင်စုနေ့အခါသမယမှာ ကျွန်တော်တို့ရဲ့ တိုင်းရင်းသား ခေါင်းဆောင်ကြီးတွေ အုတ်မြစ်ချပေးခဲ့တဲ့ ပြည်ထောင်စုစိတ်ဓာတ်ကို ပိုမိုခိုင်မာလာစေရေးနှင့် တိုင်းရင်းသားခေါင်းဆောင်ကြီးများ မျှော်မှန်း ခဲ့ကြတဲ့ ပြည်ထောင်စုကြီး အဓွန့်ရှည်တည်တံ့ရေးကို ကျွန်တော်တို့ အားလုံးက စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ ဖော်ဆောင်ပေးကြ ပါလို့ ထပ်လောင်းတိုက်တွန်းလိုပါတယ်။
ချစ်ခင်လေးစားအပ်ပါသော ဧည့်သည်တော်ကြီးများနှင့်
ပြည်ထောင်စုဖွား တိုင်းရင်းသားပြည်သူများခင်ဗျား
နိုင်ငံတကာ ဖြစ်ပေါ်ပြောင်းလဲမှုသမိုင်းစဉ်ကို ပြန်လည်သုံးသပ် ရမယ်ဆိုရင် ဒုတိယကမ္ဘာစစ်အပြီး စစ်အေးကာလတစ်လျှောက်လုံးမှာ ဖွံ့ဖြိုးပြီးအင်အားကြီးနိုင်ငံအချို့ဟာ မိမိတို့ရဲ့ အမျိုးသား အကျိုးစီးပွား ကို အလေးပေးကြိုးပမ်းအားထုတ်ခဲ့ကြပြီး ဖွံ့ဖြိုးဆဲနိုင်ငံငယ်များ အကြား ပဋိပက္ခအသွင်သဏ္ဌာန်အမျိုးမျိုးနဲ့ ဒေသတွင်း စစ်ပွဲငယ်တွေ ဖြစ်ပွားအောင် ဖန်တီးဆောင်ရွက်ခဲ့ကြပါတယ်။
အဲဒီလိုဆောင်ရွက်မှုများရဲ့ အကျိုးဆက်ကြောင့် ကမ္ဘာ့မြေပုံပေါ်မှာ နိုင်ငံနယ်နိမိတ်အပြောင်းအလဲတွေ ဖြစ်ပေါ်ခဲ့ကြသလို နှစ်ခြမ်းပြိုကွဲခဲ့ ကြတဲ့ နိုင်ငံတွေ၊ အစိတ်စိတ်အမြွှာမြွှာပြိုကွဲသွားခဲ့ကြတဲ့ နိုင်ငံကြီးတွေ၊ ဘာသာရေး၊ လူမျိုးရေးပဋိပက္ခတွေ၊ ပြည်တွင်းစစ်အနိဋ္ဌာရုံတွေနဲ့ တဝဲလည်လည်ဖြစ်နေတဲ့ နိုင်ငံတွေ များစွာပေါ်ပေါက်ခဲ့တာကို တွေ့ကြရမှာ ဖြစ်ပါတယ်။
စစ်အေးခေတ်နှောင်းပိုင်းမှာတော့ နိုင်ငံကြီးအချို့ဟာ ဖွံ့ဖြိုးဆဲ နိုင်ငံများကို သူတို့ရဲ့သြဇာခံပုဆိန်ရိုးတွေ၊ ကြိုးဆွဲခံရုပ်သေးရုပ်တွေ မွေးမြူပြီး အစပိုင်းမှာ လူမျိုးရေး၊ ဘာသာရေး၊ နောက်ပိုင်းမှာ ဒီမို ကရေစီရေး၊ လူ့အခွင့်အရေးစတဲ့ အကြောင်းပြချက်တွေနဲ့ ပြည်တွင်း ပြည်ပမှ အားပေးအားမြှောက်ပြုကာ သူတို့ရဲ့ သြဇာခံလောင်းရိပ် အောက်ကို သွတ်သွင်းဖို့ ကြိုးစားခဲ့ကြပါတယ်။
ကမ္ဘာပေါ်မှာရှိတဲ့ ပြည်ထောင်စုစနစ်နဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံတွေ အနေနဲ့ မိမိတို့ရဲ့ပြည်ထောင်စုကြီးကို စည်းလုံးညီညွတ်စွာ ထိန်းသိမ်း ကာကွယ်နိုင်စွမ်းမရှိပါက ဖရိုဖရဲပြိုကွဲသွားနိုင်တယ်ဆိုတဲ့ နိုင်ငံတကာ သင်ခန်းစာတွေကိုရယူပြီး လေးလေးနက်နက် သတိပြုကြရမှာ ဖြစ်ပါတယ်။
ချစ်ခင်လေးစားအပ်ပါသော ဧည့်သည်တော်ကြီးများနှင့်
ပြည်ထောင်စုဖွား တိုင်းရင်းသားပြည်သူများခင်ဗျား
နိုင်ငံတကာက ရရှိခဲ့တဲ့သင်ခန်းစာတွေနဲ့ ကျွန်တော်တို့နိုင်ငံရဲ့ ပကတိအရှိတရားတွေအရ ပြည်ထောင်စုစိတ်ဓာတ်ဟာ အရေးအကြီး ဆုံးနဲ့ အလိုအပ်ဆုံးဖြစ်တယ်ဆိုတာကို ပြောကြားလိုပါတယ်။ ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲဖို့အတွက် တိုင်းရင်းသားပြည်သူ အားလုံးမှာ ပြည်ထောင်စုစိတ်ဓာတ် ကိန်းဝပ်ရှင်သန်နေဖို့ လိုပါတယ်။
ပြည်ထောင်စုစိတ်ဓာတ်ဆိုတာ ပြည်ထောင်စုကြီးတစ်ခုလုံးကို တစ်မိသားစုတည်း၊ တစ်အိမ်တည်းလို့ စွဲမြဲခိုင်မာစွာလက်ခံ မှတ်ယူ ထားတဲ့ သဘောထားခံယူချက်ပဲဖြစ်ပါတယ်။ တိုင်းရင်းသားအားလုံး ဟာ ဆွေမျိုးသားချင်း ညီအစ်ကိုမောင်နှမများဖြစ်တယ်လို့ ခံယူတဲ့ စိတ်ဓာတ်၊ တစ်မြေတည်းနေ တစ်ရေတည်းသောက်ကြသူများ ဖြစ်တယ်လို့ ခံယူတဲ့ စိတ်ဓာတ်၊ တစ်ဦးမှာ အရေးကြုံရင်တစ်ဦးက မပစ်ပယ်ဘဲ တလုံးတစည်းတည်း ပူးပေါင်းရင်ဆိုင်ဖြေရှင်းလိုတဲ့ စိတ်ဓာတ်၊ အရေးကြီးရင် သွေးစည်းရမယ်လို့ ခံယူထားတဲ့ စိတ်ဓာတ်၊ တောင်ပေါ်မြေပြန့်မခွဲခြားဘဲ အေးအတူပူအမျှ တစ်သွေးတည်း၊ တစ်သားတည်းရှိတယ်လို့ ခံယူတဲ့ စိတ်ဓာတ်တွေကို ပေါင်းရုံးစုစည်းပြီး ခေါ်ဆိုတာဖြစ်ပါတယ်။
ဒါ့အပြင် အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို ချစ်မြတ်နိုးလေးစားတဲ့စိတ်၊ တိုင်းချစ်ပြည်ချစ်စိတ်ဓာတ်ပေါ်မှာ အခြေခံပြီး မိမိတို့နိုင်ငံကို ကာကွယ်စောင့်ရှောက်လိုတဲ့စိတ်၊ နိုင်ငံတော်ရဲ့ ကောင်းကျိုးကို သယ်ပိုးဆောင်ရွက်လိုတဲ့ မွန်မြတ်တဲ့ စိတ်ရင်းစေတနာမှန်တွေဖြစ်တဲ့ စစ်မှန်တဲ့မျိုးချစ်စိတ်ဓာတ်များဟာ ပြည်ထောင်စုစိတ်ဓာတ်လို့ မှတ်ယူနိုင်မှာ ဖြစ်ပါတယ်။
ကျွန်တော်တို့နိုင်ငံမှာ အဓိက တိုင်းရင်းသားလူမျိုးကြီး ၈ မျိုးလို့ ဆိုသော်လည်း တိုင်းရင်းသားမျိုးနွယ်စုများအနေနဲ့ ၁၃၀ ကျော် ရှိပါတယ်။ အချို့တိုင်းရင်းသားတွေက လူဦးရေများပြားပြီး အချို့ တိုင်းရင်းသားတွေကတော့ လူဦးရေနည်းပါးပါတယ်။ ပြည်နယ် အကြီး၊ အသေး ကွဲပြားခြားနားခြင်း၊ လူဦးရေနဲ့ လူမျိုးစုကွဲပြားခြားနားခြင်းများရှိပေမယ့် တိုင်းရင်းသားအားလုံး ရရှိခံစားရတဲ့ အခွင့် အရေးကတော့ တန်းတူညီမျှရှိပြီး ဘယ်သူ့ကိုမှ ပိုပေးထားတာ မရှိပါဘူး။ ဒီမိုကရေစီဆိုရာမှာ လူအများစုရဲ့ဆန္ဒကို ဥပဒေနဲ့အညီလိုက်နာဆောင်ရွက်ရမှာဖြစ်သလို၊ လူနည်းစုရဲ့ဆန္ဒကိုလည်း လေးစား ရမှာဖြစ်ပါတယ်။ ဒါဟာ ဒီမိုကရေစီကျင့်စဉ်ဖြစ်ပါတယ်။
အချင်းချင်းစည်းလုံးညီညွတ်မှုမရှိဘဲ သံသယတွေ၊ ကိုယ်ကျိုးအတ္တ တွေကိုသာ ဦးစားပေးစဉ်းစားလုပ်ဆောင်နေကြမယ်ဆိုရင် နိုင်ငံ အတွက် အန္တရာယ်အလွန်ကြီးတာကြောင့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးကို အလေးထားဆောင်ရွက်ပေးကြဖို့ တိုက်တွန်း မှာကြားလိုပါတယ်။
ချစ်ခင်လေးစားအပ်ပါသော ဧည့်သည်တော်ကြီးများနှင့်
ပြည်ထောင်စုဖွား တိုင်းရင်းသားပြည်သူများခင်ဗျား
ကျွန်တော်တို့နိုင်ငံဟာ အရှေ့တောင်အာရှဒေသမှာ အချက်အချာ ကျကျ တည်ရှိနေတဲ့အတွက် ပထဝီနိုင်ငံရေးအရ လွန်စွာအရေးပါတဲ့ နိုင်ငံဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ မြောက်ပိုင်းဒေသမှာ နှင်းဖုံးတဲ့ တောင်တန်းကြီးတွေ၊ အလယ်ပိုင်းမှာ ထွန်ယက်စိုက်ပျိုးနိုင်တဲ့ မြေပြန့်လွင်ပြင်တွေနဲ့ တောင်ဘက်ပိုင်းမှာ ပင်လယ်ပြင်နဲ့ ကျွန်းစုများ ရှိတဲ့အတွက် ရေမြေရာသီဥတု လွန်စွာသာယာလှပသလို စားနပ်ရိက္ခာ နဲ့ သဘာဝတွင်းထွက်ပစ္စည်းများ ထွက်ရှိတဲ့အတွက် သဘာဝက ဖန်တီးပေးထားတဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ နိုင်ငံတော်ကြီးဖြစ်ပါတယ်။
ယနေ့အချိန်မှာ ကမ္ဘာ့နိုင်ငံကြီးအချို့ဟာ နိုင်ငံငယ်များရဲ့ ပြည်တွင်းရေးကိစ္စတွေမှာ အကြောင်းအမျိုးမျိုးပြကာ ဝင်ရောက် စွက်ဖက်ပြီး တည်ငြိမ်မှုပျက်ပြားအောင်၊ စည်းလုံးညီညွတ်မှုပြိုကွဲ အောင် နည်းလမ်းမျိုးစုံအသုံးပြုပြီး ဆောင်ရွက်နေကြပါတယ်။
အထူးသဖြင့် ကျွန်တော်တို့ မြန်မာနိုင်ငံလို ပထဝီနိုင်ငံရေးအရ အရေးပါတဲ့နိုင်ငံကို သူတို့အလိုကျ ပုံဖော်ဆောင်ရွက်နိုင်ရေးနဲ့ ဒေသ တွင်း သြဇာကျယ်ပြန့်လာရေးအတွက် နည်းလမ်းမျိုးစုံနဲ့ ဖိအားပေး အကျပ်ကိုင်တာတွေ၊ အပြစ်ရှာဝေဖန်တိုက်ခိုက်တာတွေ၊ ပိတ်ဆို့ အရေးယူတာတွေ ဆောင်ရွက်နေတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။
တစ်နည်းအားဖြင့် တိုင်းရင်းသားအချင်းချင်း သံသယစိတ်များ ဖြစ်ပေါ်ကာ နိုင်ငံပြိုကွဲအောင်၊ တည်ငြိမ်မှုပျက်ပြားပြီး ဖွံ့ဖြိုးမှု နှောင့်နှေးအောင် ဆောင်ရွက်နေကြတဲ့အတွက် “ ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည် ” ဆိုတဲ့ ဆောင်ပုဒ်အတိုင်း ပြည်ထောင်စုသား အားလုံးက တစ်ဦးကိုတစ်ဦး ရိုင်းပင်းကူညီပြီး ဒီမိုကရေစီနဲ့ ဖက်ဒရယ် စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုကြီး ပေါ်ပေါက်လာအောင် ဆောင်ရွက်ပေးကြပါလို့ တိုက်တွန်းပြောကြားလိုပါတယ်။
ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိအခြေအနေအပေါ်မှာ အစွဲကင်းကင်း၊ သံသယကင်းကင်းနဲ့ အရှိကိုအရှိအတိုင်း ရှုမြင်သုံးသပ်ကြဖို့ လိုအပ် ပါတယ်။ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလရွေးကောက်ပွဲမှာ မဲမသမာမှု များပြုလုပ်ပြီး နိုင်ငံတော်အာဏာကိုရယူဖို့ ကြိုးစားခဲ့လို့၊ ဒီလိုလုပ်တာ ကို ထောက်ပြပြီး ဆောင်ရွက်သင့်တာဆောင်ရွက်ဖို့ အကြံပြု တိုက်တွန်းခဲ့တာကို လျစ်လျူရှုခဲ့တဲ့အတွက် အရေးပေါ်ကာလ သတ်မှတ်ပြီး တပ်မတော်က နိုင်ငံတော်တာဝန်ကို ထိန်းသိမ်း ဆောင်ရွက်နေကြတာ အားလုံးအသိပဲဖြစ်ပါတယ်။ ဒီမိုကရေစီစနစ်မှာ တရားမျှတတဲ့ အထွေထွေရွေးကောက်ပွဲဖြစ်ဖို့ဟာ အရေးကြီးဆုံး ဖြစ်ပါတယ်။ မှန်မှန်ကန်ကန်မျှတပြီး သမာသမတ်ရှိတဲ့ ရွေးကောက်ပွဲ သာဖြစ်ခဲ့ရင် ခုလိုဖြစ်ဖို့အကြောင်းမရှိပါဘူး။ မရိုးမသားနဲ့ အဓမ္မ အာဏာရယူဖို့ ဆောင်ရွက်ခဲ့တဲ့ အကြောင်းတရားတွေရဲ့ အကျိုးဆက် ဟာ ဒီနေ့ကြုံတွေ့နေရတဲ့အခြေအနေတွေပဲ ဖြစ်ပါတယ်။
ဒီမိုကရေစီစနစ်မှာ အယူအဆမတူတာ သဘောထားကွဲလွဲတာ တွေကို လက်ခံရမှာဖြစ်ပါတယ်။ ဒါပေမယ့် လူသတ်၊ မီးရှို့၊ မိုင်းထောင် ဖောက်ခွဲစတဲ့ တိုင်းရင်းသားပြည်သူတွေကို ဒုက္ခဆင်းရဲဖြစ်စေတဲ့ ဆူပူအကြမ်းဖက်မှုမျိုးတွေကိုတော့ လက်ခံနိုင်စရာမရှိပါဘူး။ နိုင်ငံတော်ကို ပြည်တွင်း၊ ပြည်ပအန္တရာယ်များက ကာကွယ်ဖို့၊ နိုင်ငံတော်နဲ့ နိုင်ငံသားများအတွက် ဘေးအန္တရာယ်များကျရောက်ပါက တပ်မတော်က ကူညီဆောင်ရွက်ပေးဖို့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကပေးအပ်တဲ့တာဝန်ကို တပ်မတော်က ဆောင်ရွက်နေရခြင်း ဖြစ်ပါတယ်။
ဒါ့ကြောင့် ရွေးကောက်ပွဲမသမာမှုကစခဲ့တဲ့ တရားလက်လွတ်၊ ဥပဒေမဲ့လုပ်ဆောင်နေကြတဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ သူတို့ ကို ထောက်ပံ့ကူညီနေသူများ၊ ထောက်ခံအားပေးနေသူများအနေနဲ့ နိုင်ငံနဲ့ ပြည်သူအကျိုးအတွက် အမှန်တရားကိုသိမြင်ပြီး မှားနေတာ တွေကိုပြင်ဖို့ အချိန်ရောက်နေပြီဆိုတာ သတိပေးလိုပါတယ်။ အချို့ သော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့အနေနဲ့လည်း ဒီဆူပူအကြမ်းဖက်မှုတွေကို လက်ခံ၊ အားပေး၊ ကူညီ ပူးပေါင်း လုပ်ဆောင်နေတာတွေ ရပ်တန့်ပြီး နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး နဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် နိုင်ငံတော်ကဖိတ်ခေါ်နေတဲ့ NCA လမ်းကြောင်းပေါ်ကို လှမ်းခဲ့ကြပါလို့ ဖိတ်ခေါ်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ကတော့ တာဝန်ယူထားတဲ့ကာလအတွင်းမှာ မည်မျှပင် အခက်အခဲ အဟန့်အတားများရှိနေပါစေ ရည်မှန်းချက်တာဝန်များကို အောင်မြင်အောင် ဆောင်ရွက်သွားမှာပဲ ဖြစ်ပါတယ်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ နိုင်ငံတော်ရဲ့တာဝန် ထမ်းဆောင်နေစဉ်ကာလအတွင်းမှာ နိုင်ငံတော်တည်ငြိမ်အေးချမ်း ရေး၊ တိုင်းရင်းသားပြည်သူအားလုံး စည်းလုံးညီညွတ်ရေး၊ လူမှုစီးပွား ဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးအတွက် အလေးထား ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါတယ်။
မိမိတို့မျှော်မှန်းတဲ့ ပြည်ထောင်စုကြီး တည်ဆောက်တဲ့နေရာမှာ ဒီမိုကရေစီနှင့်ပတ်သက်၍လည်းကောင်း၊ ဖက်ဒရယ်နဲ့ပတ်သက်၍ လည်းကောင်း မည်သို့ပင် အယူအဆအမျိုးမျိုးကွဲပြားနေပါစေ မိမိတို့ နိုင်ငံနဲ့ သဟဇာတဖြစ်သည့်စနစ်မျိုးကို ရွေးချယ်ဆောင်ရွက်ရန် လိုအပ်ကြောင်း သတိပြုရမှာဖြစ်ပါတယ်။
ဒါ့ကြောင့် ဒီနေ့ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့မှာ ပြည်ထောင်စုစိတ်ဓာတ် ခိုင်မာထက်သန်စေရေးအတွက် ကျွန်တော်တို့ အစိုးရက ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ခမ်းခမ်းနားနား ဆောင်ရွက် နေတာဖြစ်ပါတယ်။ အေးအတူ၊ ပူအမျှနေထိုင်ကြတဲ့ ပြည်ထောင်စုရဲ့ အရိပ်အာဝါသနဲ့ လုံခြုံမှုဟာ ဘယ်လောက်စွမ်းအားကြီးမားတယ်ဆိုတာကို ပုံဖော်နေတာဖြစ်ပါတယ်။ နိုင်ငံရေးလုပ်နေတာမဟုတ်ဘဲ နိုင်ငံ့အရေးဖြစ်တဲ့ တိုင်းပြည်တည်ဆောက်ရေး(Nation Building)ကို ပုံဖော်နေတာ ဖြစ်ပါတယ်။ “ ငါတို့အားလုံးသည် မြန်မာ ” ဆိုတဲ့ ပုံရိပ်ကို စွဲထင်ကျန်ရစ်အောင် ဆောင်ရွက်နေတာဖြစ်ပါတယ်။ ဒီကမှတစ်ဆင့် ကျွန်တော်တို့ တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး လိုလားတောင့်တနေတဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီ နိုင်ငံတော်ကို စုစည်းညီညွတ်မှုစွမ်းပကားနဲ့ တည်ဆောက်နေတာ ဖြစ်ပါတယ်။
ချစ်ခင်လေးစားအပ်ပါသော ဧည့်သည်တော်ကြီးများနှင့်
ပြည်ထောင်စုဖွား တိုင်းရင်းသားပြည်သူများခင်ဗျား
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့ဆိုရင် ကျွန်တော်တို့နိုင်ငံ လွတ်လပ်ရေးရရှိခဲ့တာ (၇၅) နှစ်ပြည့်ပြီဖြစ်ပါတယ်။ နယ်ချဲ့တွေရဲ့ သွေးခွဲအုပ်ချုပ်မှုစနစ်ကြောင့် လွတ်လပ်ရေးနဲ့အတူ ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခဟာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနဲ့ စည်းလုံးညီညွတ်မှုကို များစွာထိခိုက်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ အရင်းအမြစ်တွေ၊ ခွန်အားတွေ၊ စွမ်းအားတွေ ဒီပဋိပက္ခအပေါ်မှာ ဆုံးရှုံးခဲ့ပါတယ်။ ဒီလိုဆုံးရှုံးမှုတွေ ထပ်မဖြစ်ဖို့ ကျွန်တော်တို့အားလုံးမှာ တာဝန်ရှိပါတယ်။ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေး၊ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ထာဝရငြိမ်းချမ်းရေး တည်ဆောက်နိုင်ရေး ဆောင်ရွက်ကြရပါမယ်။
ဒါတွေဆောင်ရွက်နိုင်ဖို့ အစိုးရနဲ့ တပ်မတော်အနေနဲ့ မြန်မာ့ ငြိမ်းချမ်းရေးဖြစ်စဉ်သမိုင်းမှာ တစ်ခါမှမရှိခဲ့ဖူးတဲ့ လိုက်လျော ကမ်းလှမ်းချက် ၂ ခု ကျွန်တော်တို့ ဆောင်ရွက်ခဲ့ပါတယ်။ (တစ်)ကတော့ တစ်ဖက်သတ် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲပေးခြင်းနဲ့ (နှစ်)ကတော့ ထာဝရငြိမ်းချမ်းရေးကို ဦးတည်ပြီး ကြိုတင်ကန့်သတ်ချက် မထားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြုလုပ်နိုင်ရေး ဖိတ်ကြားခြင်းပဲ ဖြစ်ပါတယ်။ တပ်မတော်အနေနဲ့ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက် နေ့စပြီး ယခု ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းအထိ ၄ နှစ်ကျော်ကာလတစ်ဖက် သတ် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲထားပါတယ်။ ယခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့မှာလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ “ထာဝရငြိမ်းချမ်းရေးအတွက် ဖိတ်ခေါ်ခြင်းနှင့် စိန်ရတုပြည်ထောင်စု နေ့ အခမ်းအနားသို့ ဖိတ်ကြားခြင်း” ကြေညာချက်ကို ထုတ်ပြန်ခဲ့ ပါတယ်။
ငြိမ်းချမ်းရေးကိုလိုချင်ရင် တပ်မတော်က ပစ်ခတ်တိုက်ခိုက်မှုကို တစ်ဖက်သတ်ရပ်စဲပေးသင့်တယ်ဆိုတဲ့အဆိုပြုချက်တွေ၊ အစိုးရနဲ့ တပ်မတော်အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ဆွေးနွေးရာ မှာ ကြိုတင်ကန့်သတ်မှုတွေ မပြုလုပ်သင့်ဘူးဆိုတဲ့ အဆိုပြုချက်တွေ အပေါ်မှာ အကောင်းဆုံးဖြေရှင်း ဆောင်ရွက်ပေးခဲ့တာပဲဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံများရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်၊ ငြိမ်းချမ်းရေးကြိုးပမ်းမှု သမိုင်းမှာလည်း ဒီလိုဆောင်ရွက်မှုမျိုးဟာ ရတောင့်ရခဲဖြစ်စဉ်တစ်ခု ဆိုတာ တွေ့ရှိနိုင်မှာဖြစ်ပါတယ်။ ဒါကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအားလုံးနဲ့ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက ထိထိမိမိအသုံးပြုနိုင်ဖို့ လိုအပ်ကြောင်း တိုက်တွန်းနှိုးဆော်လိုပါတယ်။
ဒီကြေညာချက်အပေါ်မှာ တိုင်းပြည်ကောင်းကျိုးကို လိုလားတဲ့ နိုင်ငံရေးပါတီများ၊ လူမှုအစည်းအရုံးများနဲ့ ဘာသာရေးအသင်းအဖွဲ့များ ကလည်း ကြိုဆိုထောက်ခံအားပေးကြောင်း ကြေညာချက်များ ထုတ်ပြန်ခဲ့တာကို တွေ့ရပါတယ်။ ဒီနေ့အခမ်းအနားကိုလည်း NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၇ ဖွဲ့နဲ့ NCA လက်မှတ်မရေးထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၄ ဖွဲ့ တက်ရောက်လျက်ရှိနေပါတယ်။ ဒီလို တိုင်းရင်းသားပြည်သူလူထုအကျိုးကို ဦးထိပ်ထားတဲ့ အဖွဲ့အစည်းများ အားလုံး ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရက ကျေးဇူးတင်ရှိ ပါတယ်။ ကျွန်တော်တို့အားလုံး ငြိမ်းချမ်းရေးပန်းတိုင်ကို ဆွေးနွေး ညှိနှိုင်းအဖြေရှာခြင်းဆိုတဲ့ ဒီမိုကရေစီကျင့်စဉ်နဲ့အညီ ဆက်သွား ကြပါမယ်။ သက်ဆိုင်သူအားလုံးပါဝင်နိုင်ဖို့လည်း ထပ်မံပြီး ဖိတ်ခေါ် အပ်ပါတယ်။
ချစ်ခင်လေးစားအပ်ပါသော ဧည့်သည်တော်ကြီးများနှင့်
ပြည်ထောင်စုဖွား တိုင်းရင်းသားပြည်သူများခင်ဗျား
တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် ဆောင်ရွက်လျက် ရှိရာမှာ ကိုဗစ်-၁၉ ကာကွယ်ရေးလုပ်ငန်းဟာ အလွန်အရေးကြီး ပါတယ်။ လူ့အသက်ထက် အရေးကြီးတာ ဘာမှမရှိတဲ့အတွက် ကာကွယ်ဆေးရရှိဖို့ နိုင်ငံပေါင်းစုံနဲ့ ချိတ်ဆက်ဆောင်ရွက်ခဲ့ပြီး ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းများကို ရည်မှန်းဆောင်ရွက်ခဲ့တဲ့ အတိုင်း ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလကုန်မှာ နိုင်ငံ့လူဦးရေရဲ့ ၅၀ ရာခိုင် နှုန်းကျော်အထိ ထိုးနှံပေးခဲ့ပါတယ်။ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး ဆောင်ရွက်ရာမှာ မြန်မာတို့ရဲ့ ပကတိမူရင်းစိတ်ဖြစ်တဲ့ ကူညီလိုမှု၊ လှူဒါန်းလိုမှု၊ ပူးပေါင်းဆောင်ရွက်လိုမှု စိတ်ဓာတ်များနဲ့ တစ်ခဲနက်ဆောင်ရွက်ကြမှုများဟာ များစွာထိရောက် အကျိုးပြုခဲ့ပါ တယ်။ အလားတူ အားပေးကူညီနေကြတဲ့ မိတ်ဆွေနိုင်ငံများနဲ့ တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများရဲ့ ကြိုးပမ်းဆောင်ရွက်မှု၊ ပြည်သူအားလုံး ပူးပေါင်းပါဝင်မှုတွေကြောင့် လက်ရှိအချိန်မှာ ကူးစက်မှုကို ထိန်းချုပ်နိုင်တဲ့အနေအထား ဖြစ်လာပါတယ်။ သို့အတွက် ပူးပေါင်းပါဝင် ဆောင်ရွက်ကြသူအားလုံးကို အထူးကျေးဇူး တင်ကြောင်း ပြောကြားလိုပါတယ်။ ဒါ့အပြင် ကျွန်တော်တို့နိုင်ငံရဲ့ မျှော်မှန်းသက်တမ်း တိုးမြင့်လာစေဖို့အတွက် ပြည်သူများအာဟာရ ပြည့်ဝစွာ စားသောက်ဖို့နဲ့ ကျန်းမာရေးနဲ့ ညီညွတ်မျှတတဲ့ နေထိုင် သွားလာလှုပ်ရှားမှုများရှိဖို့ လိုအပ်မှာ ဖြစ်ပါတယ်။
တစ်မျိုးသားလုံး ပညာရည်မြင့်မားရေးနဲ့စပ်လျဉ်းပြီး ကျွန်တော်တို့ နိုင်ငံမှာ ကျောင်းနေသူရာခိုင်နှုန်းနဲ့ စာတတ်မြောက်သူရာခိုင်နှုန်း မြင့်မားလာစေရေးအတွက် ပညာရေးကို အလေးထားအားပေးဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ အသိပညာ၊ အတတ်ပညာပြည့်ဝတဲ့ ပညာတတ်များ ပေါများလာအောင် လေ့ကျင့်ပျိုးထောင်ပေးလျက် မိမိတို့ ပြည်သူပြည်သားတွေရဲ့ စွမ်းပကားနဲ့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက် အောင် ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။
မျိုးဆက်သစ်လူငယ်လူရွယ်တွေကို ကောင်းမွန်တဲ့ စာပေပညာ အမွေအနှစ်များပေးအပ်ခြင်းဖြင့် တစ်ဦးချင်းစီအနေနဲ့ မိမိရဲ့ဘဝ ရည်မှန်းချက်အတိုင်း အကောင်အထည်ဖော်နိုင်မှာဖြစ်သလို တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။
ယနေ့ လူငယ်များဟာ အနာဂတ်မှာ နိုင်ငံ့တာဝန်ကို ယူကြရမည့် သူများဖြစ်တဲ့အတွက် လူငယ်တွေရဲ့ အတွေးအခေါ်၊ အယူအဆ၊ အလုပ်အကိုင်မှန်ကန်ရေးဟာ အလွန်အရေးကြီးပါတယ်။ လူငယ်တွေ ကို ဗလငါးတန်နဲ့ ပြည့်စုံပြီး အားကိုးအားထားပြုနိုင်တဲ့ လူကောင်း လူတော်များဖြစ်အောင် ဝိုင်းဝန်းထိန်းသိမ်းပြုပြင်သွားကြရမှာ ဖြစ်ပါတယ်။ နိုင်ငံရဲ့ ပညာရည်အဆင့်အတန်းမြင့်မားစေဖို့အတွက် အားပေးဆောင်ရွက်ကြရန် လိုအပ်မှာဖြစ်ပြီး အမှန်တကယ် တတ်မြောက်အောင်လည်း လေ့ကျင့်သင်ကြားပေးကြဖို့ လိုအပ်မှာ ဖြစ်ပါတယ်။
ယခုအခါ နိုင်ငံတော်ရဲ့ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက် ရေးအတွက် အခြေခံပညာကျောင်းများသာမက တက္ကသိုလ်၊ ဒီဂရီ ကောလိပ်နဲ့ ကောလိပ်တွေကိုလည်း ကိုဗစ်စည်းမျဉ်းစည်းကမ်းများနဲ့ အညီ ဖွင့်လှစ်ပေးလျက်ရှိပါတယ်။
ဒေသလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်တဲ့ အသုံးချ ဘာသာရပ်များကို သင်ကြားပေးနိုင်ရေး၊ စည်းကမ်းပြည့်ဝတဲ့အနာဂတ် ဒီမိုကရေစီ နိုင်ငံတော်တည်ဆောက်ရေးအတွက် အရေးကြီးတဲ့ ဥပဒေပညာဘာသာရပ်နဲ့ စီးပွားရေးပညာဘာသာရပ်တို့ကို တက္ကသိုလ်တွေမှာ တိုးချဲ့သင်ကြားပေးနိုင်ရေး၊ အနာဂတ်စားနပ်ရိက္ခာ ဖူလုံရေးအတွက် စိုက်ပျိုးမွေးမြူရေးပညာကို အဆင့်မြှင့်တင်သင်ကြား နိုင်ရေးတို့အတွက်လည်း စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။
ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း တိုင်းရင်းသားပြည်သူများရဲ့ လူမှုစီးပွားဘဝများ ထိခိုက်နစ်နာမှု လျော့ပါးစေရေး၊ ကပ်ရောဂါအလွန် ကာလတွေမှာလည်း တိုင်းရင်းသားပြည်သူများရဲ့ လူမှုစီးပွားဘဝများ အလျင်အမြန် ပြန်လည်ဖွံ့ဖြိုးတိုးတက်လာစေရေးတို့အတွက် ကုစား ဆောင်ရွက်လျက်ရှိပါတယ်။ အလားတူ စိုက်ပျိုးရေး၊ မွေးမြူရေးကို အခြေခံတဲ့ ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေကို ခေတ်မီနည်းစနစ်တွေနဲ့ ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍတွေ ကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် ဆက်လက်ဆောင်ရွက်ကြ ရမှာဖြစ်ပါတယ်။ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ခြင်း၊ ပြည်တွင်းစီးပွားရေးလုပ်ငန်းများကို အားပေးကူညီ၍ အလုပ်အကိုင် အခွင့်အလမ်းဖော်ဆောင်ခြင်းတို့ကိုလည်း ဆက်လက်ပြီး ဝိုင်းဝန်း ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားလိုပါတယ်။
ချစ်ခင်လေးစားအပ်ပါသော ဧည့်သည်တော်ကြီးများနှင့်
ပြည်ထောင်စုဖွား တိုင်းရင်းသားပြည်သူများခင်ဗျား
တိုင်းပြည်ရဲ့အားဟာ ပြည်တွင်းမှာပဲရှိပါတယ်။ ပြည်တွင်းအား ကိုပဲ ကျွန်တော်တို့ယုံကြည်အားကိုးပါတယ်။ နိုင်ငံရဲ့ပကတိအခြေအနေ အရ ပြည်ပအကူအညီများ လိုအပ်သည်မှန်ပေမယ့် ပြည်တွင်းအားနဲ့ လုပ်ဆောင်နိုင်တာများ ရှိပါတယ်။ ပြည်ထောင်စုရဲ့အင်အားကို တည်ဆောက်နိုင်ဖို့-
- ကျွန်တော်တို့တိုင်းပြည်မှာ သဘာဝအရင်းအမြစ်များ၊ လူသား အရင်းအမြစ်များ များစွာရှိပါတယ်။ ပြည်တွင်း ကုန်ထုတ် လုပ်မှုကိုအားမပေးဘဲ ပြည်ပသွင်းကုန်များသာ အားထားခဲ့လို့ ပြည်သူပြည်သားများရဲ့ လူမှုစီးပွားတိုးတက်မှုအားနည်းခဲ့ ခြင်းသာ ဖြစ်ပါတယ်။ ဒါကြောင့်နံပါတ်(၁)အနေနဲ့ ပြည်တွင်း အားနဲ့ ပြည်တွင်းစီးပွားရေး တိုးတက်မြှင့်တင်ပါမယ်။
- တိုင်းပြည်၏ အင်အားသည် ပြည်တွင်းမှာသာရှိသည်ဆိုတဲ့ အတိုင်း နံပါတ်(၂)အနေနဲ့ ပြည်တွင်းနိုင်ငံရေး ခိုင်မာအား ရှိအောင် ဆောင်ရွက်ပါမယ်။ ဒီမိုကရေစီနဲ့ ဖက်ဒရယ်အခြေခံ တဲ့ ပြည်ထောင်စုတည်ဆောက်ရေးနဲ့ ပါတီစုံဒီမိုကရေစီစနစ် တည်ဆောက်မယ်ဆိုရင် နိုင်ငံရေး အားမကောင်းစရာ မရှိပါဘူး။
- နံပါတ်(၃)အနေနဲ့ တိုင်းရင်းသားပြည်သူများအားလုံး ပါဝင် တဲ့ ကာကွယ်ရေးစွမ်းအား လုပ်ဆောင်ရန်ဖြစ်ပါတယ်။ ကျွန်တော်တို့အားလုံး ဥမကွဲသိုက်မပျက် အေးအတူပူအမျှ ညီညွတ်တဲ့အင်အားနဲ့ နိုင်ငံတော်ကို ခေတ်မီပြီးစွမ်းရည် ပြည့်ဝတဲ့ ကြည်းတပ်၊ ရေတပ်၊ လေတပ်တို့နဲ့ နိုင်ငံကာကွယ် ရေးစွမ်းအား တည်ဆောက်သွားပါမယ်။
တိုင်းရင်းသားမိဘပြည်သူအားလုံး ပူးပေါင်းလုပ်ဆောင်ကြပြီး မြန်မာ့ဂုဏ်ကိုမြှင့်တင်ဖို့ တိုက်တွန်းပြောကြားလိုပါတယ်။
ချစ်ခင်လေးစားအပ်ပါသော ဧည့်သည်တော်ကြီးများနှင့်
ပြည်ထောင်စုဖွား တိုင်းရင်းသားပြည်သူများခင်ဗျား
နိဂုံးချုပ်အားဖြင့် မိမိတို့ပြည်ထောင်စုနိုင်ငံတော်ကြီး ထာဝရ တည်တံ့ခိုင်မြဲပြီး ကမ္ဘာ့အလယ်မှာ ထည်ထည်ဝါဝါရပ်တည်နိုင်ရေး အတွက် တိုင်းရင်းသားပြည်သူအားလုံးက ယနေ့ကျရောက်တဲ့ (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အမျိုးသားရေးဦးတည်ချက် များ ဖြစ်တဲ့ -
- ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ် ရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို တိုင်းရင်းသားအားလုံး ထာဝစဉ် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေး၊
- စစ်မှန်သော မျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စု စိတ်ဓာတ် ထာဝစဉ်ရှင်သန်ထက်မြက်ရေး၊
- တိုင်းရင်းသားညီအစ်ကို မောင်နှမများ၏ ကျစ်လျစ်ခိုင်မာသည့် ညီညွတ်သောစုစည်းအင်အားဖြင့် နိုင်ငံတော်ကြီး ထာဝရ တည်တံ့ခိုင်မြဲအောင် ဆက်လက်ကြိုးပမ်းတည်ဆောက်ရေး၊
- စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်နိုင်ရေး၊
- ပြည်နယ်နှင့်တိုင်းဒေသကြီးအားလုံး တစ်ပြေးညီ ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ပေးရေးနှင့် တိုင်းရင်းသားများ၏ ကျန်းမာရေး၊ ပညာရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်အောင် ဆောင်ရွက်ပေးရေး
စတဲ့ ဦးတည်ချက်များအတိုင်း တက်ညီလက်ညီဖြင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုနိုင်ငံတော်သစ်ကြီးကို ကြိုးပမ်း ဆောင်ရွက်သွားကြရေး တိုက်တွန်းမှာကြားရင်း နိဂုံးချုပ်အပ် ပါတယ်။ ။