
ရတုစိန်ရောင် ၊ ဂုဏ်တန်ဆောင်လျှင်
တဘောင်အတိတ် ၊ ဆောင်နိမိတ်နှင့်
အောင်ဟိတ်ဆင်လျက် ၊ ထက်ဘဝဂ်ထိ
ပြက်ပြက်ပြိုးပြိုး ၊ ထိန်လျှံဖြိုးပြီ
မျိုးမြန်မာတို့ ကောင်းရန်ကို...။
အတီအတေ ၊ ရှေးပဝေထိ
ရှည်လျားဖြန့်ကြက်၊ တွေးနယ်ဆက်မူ
မပျက်ချစ်ခြင်း ၊ နောင်ညီရင်းသို့
အခင်းကြီးငယ် ၊ ရှိခါဝယ်လည်း
သွေဖည်မစောင်း ၊ ညီလှကြောင်းမို့
သောင်းတပ်ရန်မျိုး ၊ မာန်စွယ်ကျိုးအောင်
ရိုက်ချိုးနိုင်စွမ်း ၊ အံ့မခန်းပြီ
မှတ်တမ်းမော်ကွန်း ခံ့တယ်ကို...။
ယူနီယံဂျက် ၊ အမျိုးဖျက်တို့
အိမ်ကြက်ချင်းလျှင်၊ ရန်သူထင်အောင်
စိတ်စဉ်သေးနုတ် ၊ အိုးမည်းသုတ်လျက်
ဇာတ်ရှုပ်ဖန်ရင်း သွေးခွဲခြင်းကို
ထင်းထင်းကြုံရ ၊ မြင်ပါရမို့
နိုးကြွသတိ ၊ ပင်လုံသိသည်
ပီတိရွှန်းစို လွှမ်းတယ်ကို...။
ထူးခြားလှစွာ ၊ ယနေ့ခါဝယ်
မြန်မာဟူငြား ၊ နောင်ညီများတို့
တစ်သားတည်းတည်...
တညီတည်းလှမ်း...
တစ်လမ်းတည်းပေါ်...
မြော်မြင်ဆင့်တွေး ၊ “ငြိမ်းချမ်းရေး”ကို
ပိုက်ထွေးပိုင်စွာ ၊ တည်ဆောက်ပါမှ
ပြည်ရွာမြင့်ကြောင်း၊တိုးတက်ကြောင်းကို
ထပ်လောင်းတွေးချိန် တန်ပြီကို...။
နေခြည်ဖွင့်လှစ် ၊ အရုဏ်သစ်ဖြင့်
ထုဆစ်စိန်ရောင် ၊ ဂုဏ်တန်ဆောင်ကား
ထွန်းပြောင်တင့်လျှမ်း ၊ အံ့ဘနန်းတည့်
ခမ်းနားထင်စွာ၊ မင်္ဂလာတို့
ယှဉ်လာသွန်းလောင်း ၊ ခဝပ်ညောင်းလျက်
ကောင်းခြင်းစုံလင်၊ အောင်ရိပ်ဆင်လျက်
သဘင်ဝှဲချီး ကျင်းတယ်ကို.....။
လင်္ကာဖွဲ့ရေး ဦးညွှတ်ကြို....။ ။
မောင်စိမ်းနောင်(လယ်ဝေး)