အာဆီယံက လှူဒါန်းမည့် အကူအညီများ အမှန်တကယ်လိုအပ်နေသူများထံသို့ လုံခြုံအဆင်ပြေချောမွေ့စွာ ရောက်ရှိရေး ဆွေးနွေး

နေပြည်တော်  ဖေဖော်ဝါရီ  ၁၀


    မြန်မာနိုင်ငံသို့  အာဆီယံ  လူသားချင်းစာနာ ထောက်ထားမှု    အကူအညီပေးအပ်ရေး ညှိနှိုင်းမှု ဗဟိုဌာန   (ASEAN Coordinating Centre for Humanitarian Assistance on Disaster Management-AHA Centre) မှ တစ်ဆင့်   ပေးအပ် သည့်  အာဆီယံ၏  လူသားချင်းစာနာထောက်ထားမှု အကူအညီများ   ဒုတိယအဆင့်အတွက်  ရှေ့ဆက် ဆောင်ရွက်မည့်   လုပ်ငန်းစဉ်များနှင့်   ကြိုတင် ပြင်ဆင်မှုများ    ပေါင်းစပ်ညှိနှိုင်းနိုင်ရန်အတွက် လုပ်ငန်းအဖွဲ့   (Task Force) ၏  စတုတ္ထအကြိမ် ညှိနှိုင်းအစည်းအဝေးကို     ယနေ့မွန်းလွဲပိုင်းတွင် နိုင်ငံခြားရေးဝန်ကြီးဌာန  သံလွင်ခန်းမ၌  ကျင်းပ သည်။ 
တက်ရောက်


အစည်းအဝေးသို့ စီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့၏ ဥက္ကဋ္ဌ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန    ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ အဖွဲ့ဝင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန     ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ Task Force  အဖွဲ့၏ အတွင်းရေး မှူးများနှင့်  အဖွဲ့ဝင်များ  တက်ရောက်ခဲ့ကြသည်။ 


ဆွေးနွေး
အစည်းအဝေး၌ လူသားချင်းစာနာထောက်ထား မှုဆိုင်ရာ အကူအညီစီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က မြန်မာနိုင်ငံသို့ AHA Centre မှတစ်ဆင့်ပေးအပ်သည့်    အာဆီယံ၏ လူသားချင်းစာနာထောက်ထားမှု  အကူအညီများ ပထမအဆင့် (Phase-1) သည်  မကြာမီအချိန်အတွင်း ပြီးဆုံးတော့မည်ဖြစ်ကြောင်း၊     ဒုတိယအဆင့် (Phase - 2 )အတွက်  အာဆီယံက  လှူဒါန်းမည့်  အကူအညီများ လက်ခံရယူရာ၌ မူဝါဒချမှတ်နိုင်ရေး၊ ပစ္စည်းများအား အမှန်တကယ်လိုအပ်နေသူများထံသို့  လုံခြုံစွာနှင့် အဆင်ပြေချောမွေ့စွာ  ရောက်ရှိရေး၊   မိမိနိုင်ငံ၏ လိုအပ်ချက်နှင့်  ကိုက်ညီမည့်ပစ္စည်းများ  လက်ခံရရှိရေးတို့အတွက်  Task Force  အဖွဲ့ဝင်များ အားလုံးအနေဖြင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားကြရန် ဆွေးနွေးပြောကြားသည်။ 


    ဆက်လက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန     ဒုတိယ ဝန်ကြီးနှင့် အစည်းအဝေးသို့  တက်ရောက်လာကြ သူများက  အာဆီယံအတွင်းရေးမှူးချုပ်ရုံး၊  AHA Centre တို့နှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နေမှုအခြေ အနေ၊ အာဆီယံ၏ လူသားချင်းစာနာထောက်ထားမှု  အကူအညီများ ပထမအဆင့် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှုအခြေအနေ၊    ဒုတိယအဆင့် အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနက ပြင်ဆင်ထားသည့် စီမံချက်နှင့် အကူအညီများဖြန့်ဖြူးရာတွင် ပူးပေါင်း ဆောင်ရွက်မည့်ကိစ္စရပ်တို့နှင့်ပတ်သက်၍ ဆွေးနွေး ခဲ့ကြသည်။  
သတင်းစဉ်