
နေပြည်တော် ဖေဖော်ဝါရီ ၁၀
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် အဖွဲ့ဝင်များလိုက်ပါ၍ ယနေ့မွန်းလွဲပိုင်းတွင် မင်းဘူးမြို့ ခုတင်(၂၀၀)ဆံ့ ခရိုင်အထွေထွေရောဂါကု ဆေးရုံကြီးသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များအား မကွေးတိုင်းဒေသကြီး ကျန်းမာရေးဦးစီးမှူး ဒေါက်တာသောင်းလှိုင်၊ ဆေးရုံအုပ်ကြီး ဒေါက်တာ အေးမြဝင်းနှင့် ကျန်းမာရေးဝန်ထမ်းများက ကြိုဆို နှုတ်ဆက်ကြပြီး ဆေးရုံအစည်းအဝေးခန်းမ၌ မကွေးတိုင်းဒေသကြီး ကျန်းမာရေးဦးစီးမှူးက ဆေးရုံသမိုင်းအကျဉ်း၊ ဒေသခံပြည်သူများအား ခွဲစိတ်ကုသခြင်း၊ သားဖွားမီးယပ်ရောဂါကုသခြင်း၊ အရိုးရောဂါကုသခြင်း၊ မျက်စိရောဂါကုသခြင်း၊ နား၊ နှာခေါင်း၊ လည်ချောင်းဆိုင်ရာရောဂါကုသခြင်း နှင့် အခြားကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု၊ ဆေးရုံကြီးအတွင်း ကျန်းမာရေး ဝန်ထမ်းများ တာဝန်ထမ်းဆောင်နေမှု၊ ကိုဗစ် -၁၉ ရောဂါ စစ်ဆေးပေးခြင်း၊ ကုသပေးခြင်းနှင့် ကာကွယ် ဆေးများ ထိုးနှံပြီးစီးမှု၊ သင်ကြားရေးဆေးရုံအဖြစ် ဆောင်ရွက်လျက်ရှိမှု၊ ကိုဗစ် -၁၉ ရောဂါကုသရေး အတွက် ICU ခန်းများ ပြင်ဆင်ထားရှိမှု၊ ခွဲစိတ်ခန်းနှင့် ကလေးကုသဆောင်များ ပြင်ဆင်ထားရှိမှု အခြေအနေများနှင့် ဆေးရုံ၏လိုအပ်ချက်များကို တင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ကိုဗစ် - ၁၉ ရောဂါ ကုသရေးအတွက်လိုအပ်သည့် အောက်ဆီဂျင်စက် ပြန်လည်လည်ပတ်နိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မကွေးတိုင်း ဒေသကြီး ဧရာဝတီမြစ်အနောက်ဘက်ခြမ်းရှိ မြို့နယ်များသည် မင်းဘူးဆေးရုံကြီးတွင် ကုသမှုခံယူ ရကြောင်း၊ ဆေးရုံအတွင်းပြည့်စုံမှုရှိသည်ကိုတွေ့ရှိရပြီး ဆေးရုံတွင်တာဝန်ထမ်းဆောင်နေသည့် ကျန်းမာရေးဝန်ထမ်းများ၏ တာဝန်ထမ်းဆောင်မှုကို လည်း ကျေးဇူးတင်အသိအမှတ်ပြုပါကြောင်း၊ ဆေးရုံ အတွင်း ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေး အတွက် ဆောင်ရွက်ရန်လိုကြောင်း၊ ဆေးရုံတွင်လာ ရောက်ပြသသည့်လူနာများ အဆင်ပြေစွာကုသနိုင် ရေး စီမံဆောင်ရွက်ပြင်ဆင်ထားရန်လိုကြောင်း ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အလှူရှင် များက ဆေးရုံကြီးအတွက် ဆေးပဒေသာပင်ရန်ပုံငွေ ကျပ်သိန်း ၁၅၀ နှင့် ကျန်းမာရေးဝန်ထမ်းများနှင့် လူနာများအတွက် စားသောက်ဖွယ်ရာများပေးအပ်ရာ ဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိသူများက လက်ခံရယူ ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ကျန်းမာရေး ဝန်ထမ်းများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်