
နေပြည်တော် ဖေဖော်ဝါရီ ၁၀
လယ်ယာကဏ္ဍဖွံ့ဖြိုးရေးနှင့် တောင်သူများ၏ ဝင်ငွေ နှင့် လူနေမှုအဆင့်အတန်း တိုးတက်မြင့်မားရေး အတွက် မိမိတို့သင်ယူတတ်မြောက်ထားသည့် ပညာ ရပ်များဖြင့် အကျိုးပြုနိုင်ရေး အားထုတ်ကြိုးပမ်း ကြစေလိုကြောင်း၊ ခေတ်မီစိုက်ပျိုးရေး၊ မွေးမြူရေး နည်းပညာများကို တောင်သူများထံ ပြန်လည်ဆင့်ပွားပညာပေးရန်လိုကြောင်း၊ မိမိတို့ တာဝန်ယူလာ ကြမည့် လုပ်ငန်းခွင်များအတွင်း ကျွမ်းကျင်သူများ အဖြစ် ပိုင်ပိုင်နိုင်နိုင် စွမ်းဆောင်နိုင်ကြရန် ယခု သင်ယူဆဲကာလ၏ စာတွေ့၊ လက်တွေ့ဘာသာရပ် များကို ကြိုးကြိုးစားစား လေ့လာသင်ယူကြစေလို ကြောင်း ဖေဖော်ဝါရီ ၈ ရက်က ဟဲဟိုးစိုက်ပျိုးရေး သိပ္ပံကျောင်းတွင် ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က ဆွေးနွေးပြောကြားသည်။
ရှမ်းပြည်နယ် ဟဲဟိုးစိုက်ပျိုးရေးသိပ္ပံကျောင်းတွင် ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ၂၀၁၉-၂၀၂၀ ဒုတိယနှစ်၏ ဒုတိယနှစ်ဝက် သင်တန်း ကို ပြန်လည်ဖွင့်လှစ်လျက်ရှိပြီး စိုက်ပျိုးရေးသိပ္ပံ ကျောင်းများ၌ အသစ်တိုးချဲ့ဖွင့်လှစ်မည့် မွေးမြူရေး ဒီပလိုမာ သင်တန်းပဏာမ ကျောင်းသုံးကျောင်းတွင် ဟဲဟိုးစိုက်ပျိုးရေးသိပ္ပံကျောင်းလည်း ပါဝင်ရာ အဆိုပါသင်တန်းဖွင့်လှစ်ရန်အတွက် လိုအပ် သော သင်ကြားရေးအထောက်အကူပြုပစ္စည်းများ၊ တိရစ္ဆာန်များနှင့် အဆောက်အအုံများအားလုံး အသင့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ဒေသ သုတေသန ဗဟိုဌာန (အောင်ပန်း) သို့ရောက်ရှိကြပြီး ရှမ်းပြည် နယ်၏ ရေမြေရာသီဥတုနှင့် ကိုက်ညီသော အထွက် ကောင်း အပူဒဏ်ခံ ဂျုံမျိုးသစ်၊ ရေဆင်းဂျုံဖြူ၊ ရေဆင်းပဲပုပ်၊ ဆီမုန်လာ၊ ဆီမုန်ညင်းနှင့် တစ်သျှူး အာလူးမျိုးများ မျိုးပွားထုတ်လုပ်မှု အဆင့်ဆင့်တို့ကို ကြည့်ရှုစစ်ဆေးကြသည်။
ယင်းနောက် သုတေသနပညာရှင်များနှင့် တွေ့ဆုံ၍ ဒုတိယဝန်ကြီးက သက်ဆိုင်ရာ ဒေသ၏ ဝိသေသလက္ခဏာ ပါဝင်သည့် တန်ဖိုးမြင့်ထုတ်ကုန် များ ထုတ်လုပ်နိုင်ရေး၊ စီးပွားရေးတွက်ခြေကိုက်မှုကို အခြေခံသည့်စိုက်ပျိုးထုတ်လုပ်မှု ဖြစ်စေရေးအတွက် စျေးကွက်ဝင် အရည်အသွေးကောင်းမျိုးများ သုတေသန ပြုထုတ်လုပ်ပေးခြင်း၊ သရုပ်ပြစိုက်ခင်းများ စိုက်ပျိုး ပြီး တောင်သူပညာပေးခြင်း စသည့်လုပ်ငန်းများ တစ်ပါတည်းဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်